ပူတာအို ဆွမ်ပီယန်က စစ်ဘေးရှောင်တချို့ နေရပ်ပြန်

ဓာတ်ပုံ ရင်းမြစ်, Kachin Independence Journalist
ကချင်ပြည်နယ်ထဲက တိုက်ပွဲတွေကြောင့် ပူတာအိုမြို့နယ် ဆွမ်ပီယန်ဘက်က တောထဲကို စစ်ရှောင်နေကြသူတချို့ မတ်လ ၂၂ ရက် မှာ နေရပ်ပြန်လာကြပါတယ်။
သူတို့တွေဟာ မြစ်ကြီးနားခရစ်ယာန်ကောင်စီ(MCC)၊ ကချင်ငြိမ်းချမ်းအကျိုးဆောင်အဖွဲ့ (PCG)၊ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့(WMR) တို့ရဲ့ အစီအစဉ်နဲ့ ရွာတွေကို ပြန်နေကြတယ်လို့ ဒေသတွင်း သတင်းတွေမှာလည်း ဖော်ပြပါတယ်။
မတ်လ၂၂ ရက်မှာ တောဘက်စစ်ရှောင်စခန်းကနေ မိမိဒေသရွာကို ပြန်လာသူ ဆွမ်ပီယန် နဲ့ အင်စီယန် နှစ်ရွာပေါင်း လူဦးရေ စုစုပေါင်း ၃၄၀ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွာတွေထဲမှာ အိမ်တွေ ပျက်စီးတာ၊ မီးလောင်တာတွေ ရှိပြီး သောက်သုံးရေကအစ အိမ်သုံးပစ္စည်းလိုအပ်တဲ့ အခက်အခဲတွေ ရှိနေတယ်၊ ရွာထဲမှာ စစ်တပ် ရှိနေသေးပြီး လုံခြုံရေးအခြေအနေကို မပြောနိုင်သေးဘူးလို့ ဆွမ်ပီယန်ရွာကို ပြန်လာသူ တစ်ဦးက ပြောပါတယ်။
ပူတာအို မြို့နယ်က ဆွမ်ပီယန်၊ အင်စီယန်၊ အင်ဆိုင်ယန်၊ ခင်ဒူယန် နဲ့ လုံရှာယန်ဒေသခံတွေဟာ ဖေဖော်ဝါရီလက ဆွမ်ပီယန်ရွာကို လေယာဉ်နဲ့ဗုံးကြဲတာကြောင့် ထွက်ပြေးတိမ်ရှောင်ခဲ့ကြတာ ၂ လနီးပါးကြာပြီလို့ ဒေသခံတွေက ပြောပါတယ်။
ပူတာအို လုံရှာယန်ရွာကနေ မြစ်ကြီးနားမြို့ မှာ တစ်လကျော် ၂လနီးပါး ခန့်အိမ်စုငှားနေတဲ့ လုံရှာယန်ဒေသခံတစ်ယောက်ကတော့အိမ်ကို ပြန်ချင်ပေမဲ့ လောလောဆယ်မြစ်ကြီးနားမှာပဲ ဆက်နေအုံးမယ်လို့ ပြောပါတယ်။
"ဟိုမှာကျန်တာက အားရှိတဲ့သူ ထွက်ပြေးနိုင်တဲ့သူပဲ ကျန်တာ၊ အခုလောလောဆယ်က တခါတလေက သေနတ်သံတွေလည်း ကြားရတယ်" လို့ ရွာရဲ့အခြေအနေကို သူသိထားရသမျှ ပြောပြပါတယ်။
"ရွာမှာက နှစ်ဖက်စလုံးကရှိတော့ ဘယ်နေ့ဘာဖြစ်မယ်မသိဘူးလို့ ပြောကြတယ်။ သူတို့ဟာသူတို့လည်း စိုးရိမ်နေကြတယ်" လို့ မြစ်ကြီးနားမှာ ဆက်နေထိုင်နေတဲ့ လုံရှာယန် ဒေသခံက ပြောပါတယ်။
ဒါ့အပြင် မြစ်ကြီးနားဘက်ကို တိမ်းရှောင်လာသူတွေကတော့ အခုလောလောဆယ် ပြန်ဖို့အစီအစဉ် ဘာမှမသိရသေးလို့ ဘာအစီအစဉ်မှ မရှိဘူးလို့ ပြောပါတယ်။
ပူတာအိုကနေ တိမ်းရှောင်လာသူ လူဦးရေ ၈၀၀ ကျော်လောက်ရှိပြီး တချို့က ကိုယ့်အစီအစဉ်နဲ့ကိုယ့် အိမ်ငှားနေတာ၊ တချို့က အသိမိတ်ဆွေတွေအိမ်မှာ ခိုလှုံနေထိုင်နေကြတာ ဖြစ်ပါတယ်။









