အမေရိကန် - အစ္စရေးတိုက်ခိုက်မှုမှာ အီရန်ရဲ့ မဟာမိတ် ရုရှားနဲ့ တရုတ်တို့ ဘာလုပ်ကြမှာလဲ

၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက်မှာ အီရန်နိုင်ငံ၊ တီဟီရန်မြို့က  အီရန် အစ္စလာမ္မစ် သမ္မတ နိုင်ငံ ရုပ်မြင်သံကြားလွှင့်ရုံ အနီး ကောင်းကင်ကိုတက်လာတဲ့မီးခိုးလုံးတွေ

ဓာတ်ပုံ ရင်းမြစ်, Anadolu via Getty Images

ဓာတ်ပုံ ပုံစာ, မတ်လ ၁ ရက် ၂၀၂၆ မှာ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံအသံလွှင့်ဌာန တိုက်ခိုက်ခံရ
    • ရေးသားသူ, Global Journalism အဖွဲ့
    • ရာထူးတာဝန်, ဘီဘီစီကမ္ဘာတလွှားအစီအစဉ်
  • ဖတ်ရန်အချိန်: မိနစ် ၁၁

အမေရိကန်နဲ့ အစ္စရေးက ''ခုခံကာကွယ်ရေး''လို့ဆိုပြီး အီရန်ကို လေကြောင်းတိုက်ခိုက်တာတွေမှာ ဗြိတိန်နိုင်ငံကလည်း ဒေသတွင်းမှာရှိတဲ့သူ့ရဲ့လေတပ်စခန်းတွေကို အမေရိကန်ကို အသုံးပြုခွင့် ပေးထားပါတယ်။ ဒီအချိန်မှာ တီဟီရန်ဘက်ကလည်း ပြည်ပကနေ ဘယ်လိုအကူအညီတွေ ရရှိလေလိမ့်မလဲဆိုတာကို အားလုံးအာရုံစိုက်နေကြပါတယ်။

ရုရှားနဲ့ တရုတ်တို့ဟာ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံနဲ့ သံတမန်ရေး၊ ကုန်သွယ်ရေး၊ စစ်ရေးဆိုင်ရာ ခိုင်မာတဲ့ဆက်သွယ်မှုတွေ ရှိပါတယ်။ ဒါပေမဲ့ အခုပဋိပက္ခမှာ သူတို့က အီရန်ကို ဘယ်လို ရပ်တည် ပံ့ပိုးပေးမှာပါလဲ။

ရုရှားက အသံကျယ်ပေမဲ့ အကူအညီက အကန့်အသတ်နဲ့သာဖြစ်

အီရန်သမ္မတ မာဆု ပဇာရှကီယန်းနဲ့ ရုရှားသမ္မတ ပူတင်တို့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်တုန်းက ပြုလုပ်တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ညီလာခံမှာ သီးခြားတွေ့ဆုံချိန် လက်ဆွဲနှုတ်ဆက်နေကြတာကို မြင်တွေ့ရတာဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, SPUTNIK/KREMLIN POOL/EPA/Shutterstock

ဓာတ်ပုံ ပုံစာ, ရုရှားတို့ ယူကရိန်းကို ဝင်ကျူးကျော်ပြီးကတည်းက တီဟီရန်ဟာ ရုရှားရဲ့အနီးကပ်ဆုံး မဟာမိတ်မိတ်တွေထဲက တစ်နိုင်ငံဖြစ်ပေမဲ့ အီရန်အတွက် ရုရှားရဲ့အကူအညီက သင်္ကြန်အမြောက်ဖြစ်နေ

အမေရိကန်နဲ့ အစ္စရေးက အီရန်ကို တိုက်ခိုက်တဲ့အပေါ် ရုရှားက ဒေါသတကြီးတုံ့ပြန်ပြီး သူတို့. အီရန်နဲ့ သွေးစည်းညီညွတ်တယ်လို့ ကျယ်ကျယ်လောင်လောင်ပြောပေမဲ့ ဒီပဋိပက္ခထဲ ရုရှား တိုက်ရိုက်ပါ၀င် ပတ်သက်ရမယ့်အဖြစ်မျိုး မဖြစ်အောင် သတိကြီးကြီးနဲ့ရှောင်ရှားပြောသွားတယ်လို့ ဘီဘီစီ ရုရှားဘာသာဌာနက ဆာဂေ ဂေါ်ရက်စ်ကိုက ပြောပါတယ်။

ကရင်မလင်ရဲ့ပြောခွင့်ရ ဒီမီထရီ ပက်စ်ကော့ဗ်က ဝါရှင်တန်နဲ့ တီဟီရန်အကြား ဆွေးနွေးမှုတွေ ရှိနေတဲ့ကြားက အခြေအနေက "ပေါ်ပေါ်ထင်ထင် ကျူးကျော်မှု" အထိ ပြောင်းလဲလိုက်တာကို "သိပ်ကို စိတ်ပျက်တယ်" လို့ ပြောပါတယ်။

မော်စကိုအနေနဲ့ အီရန်ခေါင်းဆောင်ပိုင်းနဲ့ ဖြစ်စေ၊ ပဋိပက္ခအရှိန်မြင့်မှုကို ထိခိုက်လာတဲ့ ပင်လယ်ကွေ့ နိုင်ငံတွေနဲ့ဖြစ်စေ အဆက်မပြတ် ဆက်သွယ်မှုတွေ ရှိနေတယ်လို့လည်း သူက ပြောပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အီရန်အပေါ် အမေရိကန်နဲ့ အစ္စရေးတိုက်ခိုက်မှုဟာ "ဘာမှရန်စတာမျိုးမရှိဘဲ ကျူးကျော်တိုက်ခိုက်မှု" လို့ သုံးနှုန်းပြီး လွတ်လပ်တဲ့အချုပ်အခြာ အာဏာပိုင်နိုင်ငံဖြစ်တဲ့ အီရန်ခေါင်းဆောင်တွေကို ရှာဖွေတိုက်ခိုက်တာဟာ နိုင်ငံရေးလုပ်ကြံမှုတွေပဲလို့ဆိုကာ ရှုတ်ချပါတယ်။

အီရန်နိုင်ငံ့ဦးသျှောင် အယာတိုလာ အလီ ခါမေနီ သေဆုံးခဲ့တာကို စာနာဝမ်းနည်းကြောင်းသဝဏ်လွှာကို ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က အီရန်သမ္မတ မာဆု ပဇာရှကီယန်းထံ တနင်္ဂနွေနေ့က ပေးပို့ခဲ့ပြီး အဲဒီသတ်ဖြတ်တိုက်ခိုက်မှုကို 'လူသားတွေရဲ့ကျင့်ဝတ်သိက္ခာတွေ၊ နိုင်ငံတကာဥပဒေတွေကို ဖောက်ဖျက်တာ' လို့ ဆိုလိုက်ပါတယ်။

ဒါပေမဲ့လည်း ကရင်မလင်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ပုဂ္ဂိုလ်ရေးဝေဖန်တိုက်ခိုက်တာမျိုး မလုပ်တာကို သိသိသာသာတွေ့ရသလို ယူကရိန်းစစ်နဲ့ပတ်သက်ပြီး အမေရိကန်က ကြားဝင်ညှိနှိုင်းတဲ့အပေါ် ကျေးဇူးတင်ကြောင်း ဖော်ညွှန်းပြနေဆဲပါ။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မော်စကိုအနေနဲ့ အခု ဝါရှင်တန်ကို ယုံကြည်နိုင်တော့မလားလို့ဆိုတဲ့မေးခွန်းကို ကရင်မလင်ပြောခွင့်ရကို တနင်္လာနေ့တုန်းက မေးကြည့်တဲ့အခါမှာတော့ သူက "ကိုယ့်ဘာသာကိုယ်ပဲ ပထမဆုံးယုံကြတာပါ" လို့ ဆိုရင်း ရုရှားဟာ ကိုယ့်အကျိုးစီးပွားကို ကိုယ်ကာကွယ်သွားမယ်လို့ ပြန်ဖြေသွားပါတယ်။

ဒီစကားကိုကြည့်ရင် ယူကရိန်းကို စစ်ပြုပြီးနောက်ပိုင်း ရုရှားကို ဒရုန်းတွေနဲ့ ထောက်ပံ့ကူညီနေပြီး မော်စကိုနဲ့ အနီးကပ်ဆုံးမဟာမိတ်တွေထဲက တစ်နိုင်ငံဖြစ်တဲ့အီရန်ကို အခုအရေးမှာ ရုရှားက ကူညီဖို့ဆိုတာ တကယ့်လက်တွေ့ထက် လေက ပိုနေမှာလို့ဆိုပြီး တွက်ဆနိုင်တယ်လို့ ဘီဘီစီ ရုရှားသတင်းထောက်က ပြောပါတယ်။

ကမ္ဘာ့အရေးနဲ့ပတ်သက်ပြီး နိုင်ငံစုံက လွန်ဆွဲထိန်းကျောင်းကြတဲ့အခင်းအကျင်း (Multipolar order) ဆိုတဲ့အမြင်မှာလည်း ကရင်မလင်နဲ့ အီရန်က အမြင်တူထားသလို၊ လူ့အခွင့်အရေးထက်စာရင် နိုင်ငံတော်ရဲ့အခွင့်အရေးက ပိုပြီးအရေးကြီးတယ်၊ ပြည်တွင်းရေးကို အစိုးရကသာ အကုန်လုံး ထိန်းချုပ်တာဝန်ယူရမှာ ဆိုတာတွေကိုလည်း သဘောမျှကြပါတယ်။ တကယ်လို့ အီရန်အစိုးရသာ ပြုတ်ကျသွားရင်တော့ ဒီလိုအခင်းအကျင်းပုံစံကို အကြီးအမား သက်ရောက်မှု ရှိလာမှာပါ။

နောက်ပြီး အရင်အချိန်မှာကတည်းက ကရင်မလင်က သူ့ရဲ့မိတ်ဖက်နိုင်ငံတွေနဲ့ပတ်သက်လို့ သူ့ဘက်ကို အန္တရာယ်ကျလာမှာမျိုးကို ရှောင်ထားတာ တွေ့ရမှာပါ။ ဥပမာ - ဗင်နီဇွဲလားကိစ္စ၊ ဆီးရီးယားကိစ္စ၊ ၂၀၂၅ နွေရာသီမှာ ဖြစ်ခဲ့တဲ့ အစ္စရေး - အီရန် ၁၂ ရက်ကြာစစ်ပွဲစတဲ့ အရေးတွေမှာ ရုရှားက ခပ်ကင်းကင်းပဲနေခဲ့ပါတယ်။

ရုရှားဟာ ယူကရိန်းမှာ အထူးတလည် အားစိုက်လုပ်နေရတာပါ။ ဒါကြောင့် ဒီအရေးမှာ သံတမန်ရေး ထောက်ခံမှုပေးတာ၊ စစ်ရေးဆိုင်ရာ နည်းပညာပိုင်း ပူးပေါင်းဆောင်ရွက်တာ စတာတွေက လွဲလို့ တခြားဟာတွေ ကူညီပေးဖို့ ဆန္ဒ ဒါမှမဟုတ် တတ်နိုင်စွမ်း ရှိမယ့်ပုံ မပေါ်ပါဘူး။

ရုရှားနဲ့ အီရန်တို့ဟာ ၁၇ ဇန်နဝါရီ ၂၀၂၅ မှာ ဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး စာချုပ်ကို လက်မှတ်ထိုးခဲ့ကြပါတယ်။ ဒီစာချုပ်က တစ်နိုင်ငံနဲ့ တစ်နိုင်ငံကြား အပြန်အလှန်ကာကွယ်ပေးရေး သဘောတူညီချက်ထက် နိမ့်ပါတယ်။

မော်စကိုနဲ့ တီဟီရန်ကြား သတင်းအချက်အလက်တွေ ဖလှယ်မယ်၊ ပူးတွဲ စစ်ရေးလေ့ကျင့်တာတွေ လုပ်မယ်၊ "ဒေသတွင်းလုံခြုံရေးကို စိတ်ချရအောင် လုပ်မယ်" စတာတွေ လုပ်ကြပေမဲ့ တစ်နိုင်ငံ အတိုက်ခိုက်ခံရရင် ကျန်တဲ့တစ်နိုင်ငံက ဝင်တိုက်ခိုက် ကာကွယ်ပေးမယ်လို့ သူတို့ အကြား သဘောတူ မထားကြပါဘူး။

ဒါပေမဲ့ သူတို့အကြား စစ်ရေးနဲ့ စက်မှုထုတ်ကုန်ပိုင်းဆိုင်ရာဆက်နွှယ်မှုတွေက တိုးပွားလာနေခဲ့တာပါ။ ရုရှားဟာ ယူရိုငွေ သန်း ၅၀၀ လောက် တန်ပြီး ပခုံးထမ်းသယ်နိုင်တဲ့ ဗာဘာ(Verba) လေကြောင်းကာကွယ်ရေးစနစ်နဲ့ အီရန်ကို ပံ့ပိုးပေးဖို့ သဘောတူထားကြောင်း ဖေဖော်ဝါရီလအတွင်းမှာ Financial Times သတင်းစာက သတင်းဖော်ပြပါတယ်။

အီရန်ဟာ ရုရှားဆီက Yak - 130  အမောင်းသင် တိုက်လေယာဉ်တွေ၊ Mi - 28 စစ်ရဟတ်ယာဉ်တွေ ဝယ်ယူလို့ ရနေသလို Su - 35 တိုက်လေယာဉ်တွေလည်း ရဖို့ မျှော်လင့်နေပါတယ်။ Verba လေကြောင်းကာကွယ်ရေးစနစ်က လောလောဆယ်မှာ အီရန်လက်ထဲကို မရောက်သေးပါဘူး။

အီရန်လုပ် ရှာဟက်(Shahed) ဒရုန်းတွေကို ရုရှားတို့က ယူကရိန်းစစ်မှာ သုံးနေပြီး ဒီလိုအသုံးပြုမှုကနေ ရုရှားတို့အဖို့ သူ့ ဗျူဟာကိုတောင် အပြောင်းအလဲ လုပ်နိုင်တဲ့အထိဖြစ်ခဲ့ပါတယ်။ အခုတော့ မနှစ်ကစပြီး ရုရှားဟာ အီရန်အပေါ် လက်နက်ပိုင်း မှီခိုနေရမှုကို လျှော့ချကာ သူ့ကိုယ်ပိုင် ဒရုန်းတွေထုတ်ဖို့ စိုင်းပြင်းနေပါတယ်။

မော်စကိုအဖို့ အီရန် မကျဆုံးဖို့က သိပ်အရေးကြီးပါတယ်။ ဒါပေမဲ့ ဝင်တိုက်ပေးဖို့အထိတော့ အရေးမပါ ပါဘူး။ ဒီလိုတွက်ဆမှုက တချိန်မှာ ပြောင်းလဲသွားနိုင်ပါတယ်။ ဒါပေမဲ့ အခုအချိန်အထိတော့ ရုရှားက ပါဝင်ပတ်သက်မှုဆိုတာက စကားလုံးတွေအဖြစ်ပဲ ရှိနေဦးမှာပါ။

စီးပွားရေးအသက်ဆက်မယ့်တရုတ်ခန်းကဏ္ဍ

၂၀၂၅ ခုနှစ်၊ ဇူလိုင်လတုန်းက တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့မှာကျင်းပတဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးညီလာခံမှာ သီးခြားတွေ့ဆုံကြတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး(ဝဲဘက်)  တို့ လက်ဆွဲနှုတ်ဆက်နေတဲ့ဓာတ်ပုံ

ဓာတ်ပုံ ရင်းမြစ်, IRANIAN FOREIGN MINISTRY HANDOUT/EPA/Shutterstock

ဓာတ်ပုံ ပုံစာ, တရုတ်ဟာ အီရန်ရဲ့ အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံ ဖြစ်သလို အီရန်ရဲ့ရေနံကို အများဆုံးဝယ်ယူတဲ့ နိုင်ငံဖြစ်

အယာတိုလာ အလီ ခါမေနီ သေဆုံးမှုအတွက် တရုတ်က အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။ တခြားနိုင်ငံအစိုးရတွေကို ပြောင်းလဲပစ်မယ်ဆိုတဲ့အမေရိကန်ဗျူဟာကို ဘေဂျင်းက သမိုင်းတလျှောက် ဆန့်ကျင့်ခဲ့တာပါ။

တရုတ်နဲ့ အီရန်အကြား ဆက်ဆံရေး ခိုင်မြဲနေမှုက ၂ နိုင်ငံ အပြန်အလှန် စီးပွားရေးအရ အကျိုးအမြတ်ရှိနေမှုမှာ မူတည်နေတာလို့ ဘီဘီစီကမ္ဘာတလွှားဌာနရဲ့ Global China Unit က ရွှန်ယွမ်က ပြောပါတယ်။ တရုတ်ဟာ အီရန်ရဲ့အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး လောင်စာဆီ ဝယ်ယူမှုမှာ တရုတ်က အများဆုံးဝယ်ယူနေတာပါ။

အီရန်အပေါ် အမေရိကန်က ဆန်ရှင်တွေ ချထားတာ နှစ်ပေါင်းများစွာ ရှိလာပေမဲ့လည်း တီဟီရန်ရဲ့ စီးပွားရေးအသက်သွေးကြောကို ဘေဂျင်းက ပေးနေတာဖြစ်ပြီး အီရန်ရဲ့ရေနံတွေကို စျေးလျော့ထားတဲ့နှုန်းနဲ့ အမြောက်အမြားဝယ်ယူနေတာပါ။ ဆန်ရှင်ချထားတာမို့ "ကိုယ်ပျောက် တစ္ဆေသင်္ဘောစုတွေ" လို့ခေါ်ကြတဲ့သင်္ဘောတွေကို မှတ်ပုံမတင်ဘဲ ရေနံတင်ပို့တာတွေ လုပ်ကြပါတယ်။

ဥပမာအားဖြင့် ၂၀၂၅ မှာ အီရန်က သင်္ဘောနဲ့တင်ပို့တဲ့ ရေနံ ၈၀ ရာခိုင်နှုန်းကျော်ကို တရုတ်က ဝယ်ပါတယ်။ ဒီလိုတရုတ်ကို ရေနံရောင်းတဲ့ငွေနဲ့ အီရန်နိုင်ငံက စီးပွားရေးကို တည်ငြိမ်အောင်လုပ်တာ၊ ကာကွယ်ရေးပိုင်းမှာ သုံးတာတွေကို လုပ်ပါတယ်။

၂၀၂၁ မှာ ၂ နိုင်ငံကြား လက်မှတ်ထိုးကြတဲ့ ၂၅ နှစ် စီမံကိန်း ဗျူဟာမြောက် သဘောတူညီချက်က အီရန်ရဲ့အခြေခံအဆောက်အအုံနဲ့ တယ်လီကွန်မြူနီကေးရှင်းပိုင်းမှာ တရုတ်က ဘီလျံရာနဲ့ချီပြီး မြှုပ်နှံဖို့ ကတိပြုထားပြီး ၂ နိုင်ငံကြား ဆက်ဆံရေးကို ပိုခိုင်မြဲစေခဲ့ပါတယ်။

တရုတ်ရဲ့ 'ရေရှည် ကစားပွဲ'

အီရန် - အစ္စရေး တင်းမာမှု၊ အီရန် - အမေရိကန် တင်းမာမှုတွေကို တရုတ်က ချဉ်းကပ်တဲ့အခါ တစ်ဖက်ကို ပုံပြီး၊ အဖြေတခုခုကို ပုံပြီး ချဉ်းကပ်တာမျိုး မဟုတ်ပါဘူး။

၂၀၂၅ နွေရာသီမှာ အစ္စရေး - အီရန် ၁၂ ရက်ကြာ စစ်ပွဲအပါအဝင် ပြီးခဲ့တဲ့ အရှိန်တက်မှုတွေ အတွင်း တရုတ်က အမေရိကန် ပေါ်လစီလို့ ပါးပါးလေး သမုတ်ရုံ "ပြင်ပစွက်ဖက်မှု" လို့ ဆိုကာအပြစ်ပုံပေမဲ့ "ထိန်းထိန်းသိမ်းသိမ်း ရှိကြဖို့" ပဲ ပြောပါတယ်လို့ အထက်ပါ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အီရန်နဲ့ အစ္စရေးတို့ အရင်အချိန်တွေမှာ တိုက်ခိုက်မှုတွေ ဖြစ်တုန်းက တရုတ်ဟာ တီဟီရန်အတွက် သံတမန်ရေးအကာအကွယ်ပေးပြီး ကုလသမဂ္ဂ ဆုံးဖြတ်ချက်ချတဲ့အခါ ဒီဂရီ လျော့သွားအောင် ဗီတိုအာဏာကို သုံးပေးခဲ့ပါတယ်။ ဒါပေမဲ့ တိုက်ရိုက် စစ်ရေးစွက်ဖက်မှုတွေ လုပ်ပေးဖို့ ဘယ်တုန်းကမှ တရုတ်က မကမ်းလှမ်းခဲ့ပါဘူး။

အရှေ့အလယ်ပိုင်းအရေးမှာ အမေရိကန်က သူ့ဘာသာသူ ပါနေပြီး အလုပ်များနေစေတဲ့ ဗျူဟာကိုပဲ တရုတ်က စွဲကိုင်ထားတာဖြစ်ပြီး ဒေသတခုလုံး ပြိုလဲကာ ကမ္ဘာ့ရေနံစျေးတွေ ထိုးမတက်လာစေဖို့ အရေးကိုပဲ သူတို့က အာရုံထားတာဖြစ်တယ်လို့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။

တီဟီရန်မှာ အနောက်လိုလားတဲ့အစိုးရတစ်ရပ် တက်လာမယ်ဆိုရင် တရုတ်အဖို့ ပထဝီနိုင်ငံရေး အရ အကြီးအကျယ် ရှုံးနိမ့်မှုကို ကြုံရမှာပါ။ ဘာကြောင့်လဲဆိုတော့ အီရန်ဟာ လောင်စာဆီ ထောက်ပို့တဲ့နိုင်ငံဖြစ်သလို အရှေ့အလယ်ပိုင်းဒေသအတွင်းမှာ အမေရိကန်ရဲ့လွှမ်းမိုးမှုကို တန်ပြန်ထိန်းညှိထားဖို့ နိုင်ငံရေးအား ရှိတာကြောင့်လည်းဖြစ်ပါတယ်။

အီရန်ဟာ Brics နိုင်ငံများအဖွဲ့ဝင်နိုင်ငံဖြစ်သလို ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)မှာလည်း အဖွဲ့ဝင်ဖြစ်ပြီး ဗဟိုအာရှ၊ ကော့ကေးဆပ်၊ အရှေ့အလယ်ပိုင်းစတဲ့ဒေသတွေကို ပထဝီအရ ချိတ်ဆက်ပေးထားတဲ့နိုင်ငံဖြစ်ပါတယ်။

အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ ကျရှုံးပြိုလဲသွားတာက နိုင်ငံစုံထိန်းညှိရေးယန္တရားကို ထိပါးမှာ ဖြစ်ပြီး ဒီယန္တရားကို အားကောင်းအောင် လုပ်ချင်ကြတာက မော်စကိုနဲ့ ဘေဂျင်းတို့ဖြစ်ပါတယ်။

အမေရိကန်နဲ့ အစ္စရေးက အီရန်ကို အပြည့်အဝကျူးကျော်တိုက်ခိုက်တာမျိုး မလုပ်သရွေ့တော့ အဲဒီမှာ ရှိနေတဲ့ နိုင်ငံရေး၊ စစ်ရေးစနစ်တွေက ဆက်လက်တည်မြဲနေမှာပါ။

ခါမေနီရဲ့နေရာကို ဘယ်သူယူသည်ဖြစ်စေ အီရန်ရဲ့ခေါင်းဆောင်အဖြစ် တရုတ်က ဆက်ဆံရေးကောင်းကောင်းတည်ဆောက်ကာ သူ့ရဲ့ "ရေရှည်ကစားပွဲ" ကို ဆက်လက်ဆင်နွှဲနေမှာပါ။ ရုရှားကလည်း သူ့အခွင့်အလမ်းတွေအတွက် ဆက်ရှာနေဦးမှာပါ။