"စုံ"ရယ် "မ"ရယ် ဆီလက်ကျန်ရယ်

ဓာတ်ပုံ ရင်းမြစ်, BBC/GETTY
"ကျွန်တော့် ဆိုင်ကယ်က "မ"နံပါတ်ဆိုတော့ စုံရက်အပြင်မထွက်ဘူးပေါ့ဗျာ" လို့ မန္တလေးသား ကိုတိုး (အမည်လွှဲ)က ရွှတ်နောက်နောက်နဲ့ ပြောလာပါတယ်။
စစ်ကော်မရှင်ချပြလာတဲ့ လစဥ်"မ"ရက်မှာ "မ"နံပါတ်ကိုယ်ပိုင်ယာဥ်တွေ သုံးပြီး "စုံ" ရက်မှာ "စုံ" နံပါတ်ကိုယ်ပိုင်ယာဥ်တွေသာ အသုံးပြုဖို့ဆိုတဲ့ စက်သုံးဆီချွေတာရေးစီမံချက်ကို ရည်ရွယ်ပြီးပြောတာ ဖြစ်ပါတယ်။
မတ် ၇ ရက်နေ့မှာ စတင်အသက်ဝင်မယ့် ဒီထုတ်ပြန်ချက်ဟာ အရှေ့အလယ်ပိုင်းဒေသမှာ တောက်လောင်နေတဲ့ စစ်မီးကြောင့် မြန်မာကို ရိုက်ခတ်လာမယ့် စက်သုံးဆီပြတ်တောက်မှုကို လူထုစိတ်ဝင်တစားရှိလာချိန်မှာ စစ်ကော်မရှင်ရဲ့ လူထုအတွက် အဖြေဖြစ်ပါတယ်။
ဒီစီမံချက်ကို ရယ်စရာတစ်ခု၊ အလုပ်မဖြစ်နိုင်တဲ့ညွှန်ကြားချက်တစ်ခု ဒါမှမဟုတ် စောင့်ကြည့်ရမယ့် နည်းလမ်းတစ်ခုလို့ အမျိုးမျိုးဝေဖန်နေကြရင်း တဖက်မှာလည်း ဆီတန်းစီတဲ့ ကားတန်း၊ ဆိုင်ကယ်တန်းတွေ မြင်နေရပါပြီ။
ရန်ကုန် မန္တလေး နေပြည်တော် မြို့ကြီးတွေမှာ ဆီတန်းစီကြပြီ

အရှေ့အလယ်ပိုင်းနိုင်ငံတွေရဲ့ စစ်ရေးမတည်ငြိမ်မှုလှိုင်းက မြန်မာနိုင်ငံကိုလည်း ဘယ်လောက်ရိုက်ခတ်သလဲဆိုတာ မြို့ကြီးတွေရဲ့ ဆီဆိုင်ရှေ့က ကားတွေ၊ ဆိုင်ကယ်တွေကိုကြည့်ရင် သိနိုင်ပါတယ်။
ပြည်ပကနေ တင်သွင်းထားတဲ့ စက်သုံးဆီတွေကို သီလဝါဆိပ်ကမ်းက ဆီသိုလှောင်ရုံတွေကနေတဆင့် တနိုင်ငံလုံးပြန်ဖြန့်ပေးနေတဲ့ ရန်ကုန်မြို့မှာတောင် မတ် ၄ ရက်မှာ ကားဆီဖြည့်ဖို့ အနည်းဆုံး အချိန် နာရီဝက်ကနေ တစ်နာရီဝန်းကျင်စောင့်ဆိုင်းနေရပါပြီ။
"အစီး ၃၀၊ ၄၀ လောက်တော့ တန်းစီးရတယ်" လို့ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်မှာ နေထိုင်သူတစ်ဦး က ဘီဘီစီကိုပြောပါတယ်။
ရန်ကုန်မြို့ရဲ့ စက်သုံးဆီ ပြင်ပပေါက်ဈေးက အမေရိကန်နဲ့ အစ္စရေးက အီရန်ကိုဝင်မတိုက်ခင် မတ် ၂၇ ရက်က ဈေးအတိုင်းပဲ အပြောင်းအလဲမရှိသေးပါဘူး။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါပေမဲ့ ဆီဆိုင်မှာ တန်းစီရတဲ့ အခြေအနေကတော့ တကျော့ပြန်လာနေပါတယ်။
ရန်ကုန်မြို့မှာ ဓာတ်ဆီ ၉၅ တစ်လီတာကို ၂,၄၈၀ ကျပ်ဖြစ်ပြီး ဒီဇယ်က တစ်လီတာကို ၂,၅၆၅ ကျပ် ဖြစ်ပါတယ်။
ရန်ကုန်လိုပဲ မန္တလေးမှာလည်း ဆီဈေးတက်သွားတာမရှိသေးပေမဲ့ ဆိုင်ကယ်တွေကတော့ ဆီဆိုင်ရှေ့ ကြိတ်ကြိတ်တိုးနေတာ တွေ့ရပါတယ်။
"ဒီနေ့တော့ တန်းစီးတာဖြစ်လာပြီး။ ဆီဈေးကတော့ ပုံမှန်ဈေးပဲ။ နောက်ရက်တော့ မပြောတတ်ဘူး" လို့ မန္တလေးမြို့ခံ ကိုတိုးက ပြောပါတယ်။
မကြာခင်မှာတော့ ကမ္ဘာ့စျေးနှုန်းအခြေအနေအလိုက် အပြောင်းအလဲဖြစ်နိုင်ပါတယ်။
အစိုးရရုံးတွေ ရုံးစိုက်တဲ့ နေပြည်တော်မှာတော့ ဆီဆိုင်တွေက ကားနဲ့ဆိုင်ကယ်တွေကို အကန့်အသတ် နဲ့သာရောင်းချပေးတယ်လို့ နေပြည်တော်မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။
"နေပြည်တော်မှာက ဝယ်လို့ရသေးတယ်။ ပုံးနဲ့တော့ မရောင်းပေးဘူး။ ဒီဇယ်ကားဆို ၅ သောင်းဖိုး၊ဓာတ်ဆီကားဆို ၃ သောင်းဖိုးရောင်းပေးတယ်" လို့ဆိုပါတယ်။
မြို့ကြီးတွေရဲ့ အနေအထားကို ခြုံကြည့်ရင်တော့ မတ် ၃ ရက်ကစပြီး စက်သုံးဆီနဲ့ပတ်သက်လို့ အလှုပ်အခတ် ပိုဖြစ်လာကြတာ ဖြစ်ပါတယ်။
မတ် ၂ ရက်၊ တနင်္လာနေ့မှာ အီရန်ရဲ့ ကမ္ဘာ့ ရေနံ ကုန်သွယ်ရေး ပင်မလမ်းကြောင်းဖြစ်တဲ့ ဟော် မုစ် ရေလက်ကြားကို ဖြတ်သန်းတဲ့သူ မှန်သမျှကို ''ပစ်ခတ်မယ်'' လို့ အီရန်ဘက်က ထုတ်ပြောလာအပြီး ဒီဂယက်က မြန်မာအပေါ် မှာလည်း အလှုပ်အခတ် ဖြစ်လာတာ ဖြစ်ပါတယ်။
စစ်ကော်မရှင်ချပြတဲ့ စက်သုံးဆီချွေတာရေးအစီအမံ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ ဖြစ်နေတဲ့ စစ်ရေးပဋိပက္ခကြောင့် လောင်စာဆီတင်သင်္ဘောတွေ သွား လာတဲ့ ရေလမ်းကြောင်းတလျှောက်မှာ အတားအဆီး၊ အဟန့်အတားရှိနေတာကြောင့် ဆီချွေတာရေး အတွက် လာမယ့် မတ် ၇ ရက်ကစပြီး လိုက်နာရမယ့်စည်းကမ်းတွေကို စစ်ကော်မရှင်က ထုတ်ပြန်လာပါတယ်။
ပုဂ္ဂလိကယာဉ်တွေ၊ လုပ်ငန်းသုံးယာဉ်တွေနဲ့ သယ်ယူပို့ဆောင်ရေးယာဉ်တွေ လိုက်နာမောင်းနှင်ရမယ့် စည်းကမ်းသတ်မှတ်ချက်ဆိုပြီး မနေ့ညက ထုတ်ပြန်လာတာပါ။
2A၊ 4A (စုံနံပါတ်) တွေ စုံရက်၊ 1A၊ 3A (မနံပါတ်) တွေ မရက်ဆိုတဲ့သတ်မှတ်ချက်ဟာ ကိုယ်ပိုင်ကားနဲ့ ဆိုင်ကယ်ရှိသူတွေ အပေါ် သတ်မှတ်တာ ဖြစ်ပါတယ်။
"စုံနံပါတ် စုံရက်မှာ ဆီတန်းဆီဆိုတာမျိုးလုပ်တယ်ဆိုရင် ပိုကောင်းမှာပေါ့။ အဲဒါဆို ဆီဆိုင်မှာ လူနည်းမှာပဲလေ"လို့ ရန်ကုန်မြို့နေ အိမ်စီးကားပိုင်ရှင်တစ်ဦးက ထောက်ပြပါတယ်။
စက်သုံးဆီ မသုံးရတဲ့ လျှပ်စစ် (EV) ကားနဲ့ ဆိုင်ကယ်တွေကတော့ နေ့စဉ်မောင်းနှင်နိုင်ပါတယ်။
ဒီကြေညာချက်ထွက်ပြီးတဲ့ နောက်တစ်ရက်မှာပဲ ရန်ကုန်မြို့မှာ EV ကားဈေးက သိန်း ၃၀၀ နဲ့ ၄၀၀ ကြားအထိ တက်သွားတယ်လို့ ရန်ကုန်မြို့ကားဈေးကွက်အကြောင်းသိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
တစ်ရက်ခြားစီ ကိုယ်ပိုင်ယာဥ်အသုံးပြုရမယ့်ကန့်သတ်ချက်က အလုပ်ဖြစ်မဖြစ် မတ် ၇ ရက်အထိ စောင့်ကြည့်ရမယ်လို့ သူကဆိုပါတယ်။

"အိမ်ကလိုင်းကားမရောက်တဲ့နေရာဆိုတော့ ရုံးသွားဖို့အခက်အခဲရှိတယ်။ Taxi က အိမ်နဲ့ရုံးကို ၂ သောင်းခွဲလောက်ကျတာ။ ကိုယ့်ကားနဲ့ကိုယ်ဆိုရင် ဆီတစ်သိန်းကျော်ဖိုးဆို နှစ်ပတ်လောက်စီးလို့ ရတယ်" လို့ သူက ပြောပါတယ်။
အများပြည်သူသယ်ယူပို့ဆောင်ရေးကိုအများစုအသုံးပြုတဲ့ ရန်ကုန်မြို့မှာတော့ ကိုယ်ပိုင်ကားကို ကန့်သတ်တာက ကားစီးနိုင်တဲ့လူတန်းစားတစ်ရပ်အတွက်ပဲ အကန့်အသတ်ဖြစ်မှာလို့ မှတ်ချက်ပေးသူတွေလည်းရှိနေတာပါ။
တစ်မြို့လုံး ဆိုင်ကယ်နဲ့ အသွားအလာလုပ်တဲ့ မန္တလေးမြို့နဲ့ နယ်မြေတွေမှာတော့ သွားလာရေးအတွက် ကုန်ကျစရိတ်ပိုများလာမလားဆိုပြီး စိုးရိမ်နေကြတာပါ။
"မန္တလေးမှာက ဓာတ်ဆီဖြည့်တဲ့ဆိုင်ကယ်များတယ်လေ။ ၃ ဘီးက တစ်ခါငှားရင် ၅ထောင်ဆိုတော့ ကိုယ့်ဆိုင်ကယ်နဲ့သွားလို့ ကုန်တာထက် ၁၀ ဆပိုကုန်တယ်"
"EV ဈေးကွက်တစ်ခေတ်ထမယ်ထင်တာပဲ" လို့ မန္တလေးမြို့မှာနေတဲ့ ကိုတိုးက ပြောပါတယ်။
ဆီဂယက် ကြောင့် မန္တလေးမြို့မှာ Ebike ဆိုင်တချို့ ပစ္စည်းပြတ်တဲ့အထိ အဝယ်လိုက်နေတယ်လို့ မန္တလေးအခြေစိုက် သတင်းဌာနတွေက ဒီနေ့မြို့တွင်းအခြေအနေကို ဖော်ပြထားကြပါတယ်။
စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ အများပြည်သူသယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်တွေ၊ အငှားယာဉ် (Taxi) တွေ၊ စက်သုံးဆီသယ်ယူပို့ဆောင်တဲ့ယာဉ်တွေ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်တွေ၊ ကုန်စည်ပို့ဆောင်ရေး ယာဉ်တွေ၊ လူနာတင်ယာဉ်၊ နိဗ္ဗာန်ယာဉ်တွေနဲ့ စည်ပင်အမှိုက်သိမ်းယာဉ် တွေတော့ နေ့စဉ်သုံးနိုင်ပါတယ်။
စစ်ကော်မရှင်က စက်သုံးဆီလုပ်ငန်းရှင်တွေရော ပြည်သူတွေပါ စက်သုံးဆီတွေ ဝယ်ယူစုဆောင်းတာ၊ ဈေးနှုန်းမြှင့်ရောင်းတာတွေလုံးဝမလုပ်ဖို့ဆိုပြီး မနေ့ကထုတ်ပြန်ချက်မှာ ထည့်ပြောထားပါတယ်။
ဒီစည်းကမ်းသတ်မှတ်ချက်တွေဟာ နောက်ထပ်တစုံတရာမထုတ်ပြန်ခင်အချိန်အထိ အတည်ဖြစ်ပြီး ဖောက်ဖျက်ရင် တည်ဆဲဥပဒေတွေနဲ့ အရေးယူမယ်လို့ ဖော်ပြပါတယ်။
ဒါပေမဲ့ ဘယ်လိုဥပဒေနဲ့အရေးယူမှာလဲ၊ ဘယ်လိုအပြစ်ပေးမှာလဲဆိုတာကိုတော့ တိတိကျကျ ထည့်ပြောတာမရှိပါဘူး။
တရုတ်နဲ့ ထိုင်းကို အားကိုးရတဲ့ နယ်စပ်မြို့တွေမှာ ဆီဝယ်လို့ရသေးလား

ဓာတ်ပုံ ရင်းမြစ်, CJ
တရုတ်နဲ့ ထိုင်းကသွင်းတဲ့ စက်သုံးဆီတွေကို အဓိကမှီခိုနေကြတဲ့ မြဝတီ၊ တာချီလိတ်နဲ့ မူဆယ်မြို့တွေက ဒေသတချို့ကို စက်သုံးဆီဝယ်ယူရတဲ့အခြေအနေနဲ့ပတ်သက်လို့ ဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။
ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ တာချီလိတ်မှာ ဆိုင်ကယ်တစ်စီးကို ဘတ် ၅၀ ဖိုး၊ ကားတစ်စီးကို ဘတ် ၄၀၀ ဖိုးသာ ရောင်းချပေးတော့တယ်လို့ မြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
တာချီလိတ်မြို့က ဆီဆိုင်တွေဟာ ဒီနေ့ နေ့တစ်ပိုင်းသာ ဆီရောင်းချပေးပြီး နောက်ရက်မှာ အချိန်ပိုလျော့ကာ မနက်ပိုင်းလောက်သာ ရောင်းတော့မယ်လို့ မြို့ခံရဲ့ပြောပြချက်အရ သိရပါတယ်။
"နယ်စပ်ဒေသက အစစအရာရာ ထိုင်းကိုပဲ အားကိုးနေကြရတာဆိုတော့ ထိုင်းက ဆီတင်သွင်း ခွင့် ရပ်ဆိုင်းထားတော့ ကြာရင်အခက်အခဲရှိနိုင်တယ်" လို့ သူကပြောပါတယ်။
ထိုင်းက ပြည်တွင်းသုံးဖို့ ဆီ ၂ လစာသာရှိတဲ့အတွက် နိုင်ငံပြင်ပတင်ပို့တာကို ရပ်ဆိုင်းမယ်လို့ ကြေညာထားတာဖြစ်ပါတယ်။
တာချီလိတ်က နယ်စပ်မြို့ဖြစ်တဲ့အတွက် နှစ်နိုင်ငံနယ်စပ်ဂိတ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ကို ကူးကာ မြန်မာဘက်ကကားတွေ၊ ဆိုင်ကယ်တွေ မနေ့ကတည်းက စက်သုံးဆီဝယ်ယူနေကြတာဖြစ်ပါတယ်။
ဒီနေ့မှာတော့ မယ်ဆိုင်မြို့ရှိရာ ချင်းရိုင်ခရိုင်ရဲ့ ခရိုင်အုပ်ချုပ်ရေးကနေ ထိုင်းဘက်က ကားတွေကို ဦးစားပေးရောင်းဖို့၊ မောင်းနှင်လာတဲ့ယာဥ်ရဲ့ဆီတိုင်ကီထပ်ကျော်လွန်ပြီး ပုံးတွေနဲ့ထည့်ပြီးမရောင်းပေးဖို့ အပါအဝင် ကန့်သတ်ချက်တချို့ကို ထုတ်ပြန်ထားတယ်လို့ ထိုင်းသတင်းမှာဖော်ပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ထိုင်း-မြန်မာနယ်စပ်မြို့တွေဖြစ်ကြတဲ့ မြန်မာဘက်ကမြဝတီနဲ့ ထိုင်းဘက်က မဲဆောက်မြို့တွေမှာ လည်း ဆီတန်းစီတဲ့ကားတန်း၊ ဆိုင်ကယ်တန်းကို မနက်ခပ်စောစောကတည်းက မြင်ရတယ်လို့ မြိုခံ တွေကဆိုပါတယ်။
မြဝတီဘက်ကနေ နယ်စပ်ဂိတ်ကူးပြီးလာဝယ်တဲ့သူတွေများတာကြောင့် ဒီနေ့ နေ့လယ်ပိုင်းမှာ မဲ ဆောက်က ဆီဆိုင်တချို့မှာ ဆီပြတ်လပ်တာရှိနေတယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။
"ဆိုင်တွေကဖွင့်တယ်။ဆီနှစ်မျိုးလုံးသာ(ရိုးရိုး 95 နဲ့ 91) သာမရတာ။ ဒီနေ့ဆိုင်ကယ်အပြည့် ဖြည့်လာတာရတယ်" လို့ ပြောပါတယ်။
သူသွားခဲ့တဲ့ဆီဆိုင်မှာ Special 95 နဲ့ 91 သာရှိပြီး တစ်လီတာကို ဘတ် ၃၀ နဲ့ ၃၁ ဘတ် ဝန်းကျင် ပေးဝယ်ရပါတယ်။
မဲဆောက်မြို့ရဲ့ တစ်ဖက်ကမ်း မြဝတီမြို့မှာတော့ ဒီနေ့မှာ ဆီဆိုင်အများစုပိတ်လိုက်ရပြီလို့ မြို့ခံ တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
"ဖွင့်တဲ့ဆိုင်နည်းနည်းမှာပဲ လူကများများတိုးနေတုန်းပဲ" လို့ သူကပြောပါတယ်။
မြဝတီမြို့မှာ အစ္စရေး-အီရန်ပဋိပက္ခမတိုင်ခင်က ဆီတစ်လီတာကို ၄၅၀၀ ကျပ်ဖြစ်ပါတယ်။
ဒီနေ့ ပေါက်ဈေးကတော့ တစ်လီတာ ၅၃၀၀ ကျပ်ပါ။
"ဆိုင်တွေအပြောအရဆို အောက်က(ပြည်မ)ဆီကလည်းမတက်လာဘူး။ သူတို့ဆီမှာဆီလက်ကျန် ကလည်းသိပ်မရှိတော့ နောက်ရက်တွေပိတ်ရတဲ့ဆိုင်ပိုများလာမယ်။ ထိုင်းဘက်ကကားနဲ့သွားဝယ်ပြီး ပြန်ရောင်းတဲ့ မှောင်ခိုတွေဆီက ဈေးကြီးပေးဝယ်ရဖို့များတယ်" လို့ မြဝတီမြို့ခံက ပြောပါတယ်။
အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့်ကြောင့် ထိုင်းကနေ မြဝတီနဲ့ တာချီလိတ်မြို့တို့ဘက်ကို တရားဝင် စက်သုံးဆီတင်ပို့တာကို ရပ်ဆိုင်းထားတာဖြစ်ပါတယ်။
မြဝတီမှာ မှောင်ခိုလမ်းကြောင်းက ဝင်ရောက်တာတွေရှိနေပြီး တာချီလိတ်ဘက်ကိုတော့ လာအို ဘက်နေ တင်သွင်းနေတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကချင်ပြည်နယ်ဖားကန့်နဲ့ မြစ်ကြီးနားမှာလည်း စက်သုံးဆီဆိုင်အများစုပိတ်ထားတယ်လို့ မြို့ခံရဲ့အပြောအရ သိရပါတယ်။
"ဆီပြတ်သွားလို့ဆိုင်တွေပိတ်ကုန်တာပေါ့။ ဒီနေ့ထိရောင်းတာက ဈေးမတက်ပေမဲ့ နောက်ထပ်ကားသစ်လာရင်ဈေးတက်လောက်တယ်။ အခုက တစ်ဂါလံ ၃၂၀၀၀ ဈေးရှိတယ်" လို့ ဆိုပါတယ်။
ဖားကန့်ဟာ ကျောက်စိမ်းကလွဲရင် ကျန်တာမရှိတဲ့ ဝေးလံခေါင်ဖျားတဲ့မြို့ဖြစ်တာကြောင့် ဓာတ်ဆီပြတ်ရင် မီးလင်းရေးကစလို့ ကျန်းမာရေးအဆုံး ကဏ္ဍစုံက ထိခိုက်နိုင်တယ်လို့ သူကပြောပါတယ်။
တရုတ်ကနေ ဆီတင်သွင်းနေရတဲ့ နယ်စပ်မြို့မူဆယ်မှာလည်း ဓာတ်ဆီပုံမှန်တစ်လီတာ ၄၈၀၀ ကျပ်ကနေ ဒီနေ့ ၆၀၀၀ ကျပ်ပေးဝယ်ရတယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။
တရုတ်နိုင်ငံဘက်ကို ကူးပြီးဆီဝယ်လို့ရပေမဲ့ ပုံးတွေနဲ့အပိုသယ်ယူခွင့်တော့ မရှိပါဘူး။
"အခုက တကမ္ဘာလုံးကိစ္စဆိုတော့ တရုတ်လည်း သူ့နိုင်ငံသုံးဖို့ကြည့်ရင် ဒီဘက်ကို ပို့မပို့ နောက်ရက် တွေ စောင့်ကြည့်ရမှာပဲ" လို့ မြို့ခံက ဆိုပါတယ်။
လက်ရှိ မူဆယ်ကနေ မန္တလေးကို လိုင်းကားခက ၂ သိန်းခွဲကနေ ၄ သိန်းဝန်းကျင်ရှိတာကြောင့် ဆီဈေးတက်တာ၊ ပြတ်လပ်တာဖြစ်ရင် ကားခတွေလည်းအဆမတန်မြင့်တက်မှာကို မြို့ခံတွေဘက်က စိုးရိမ်နေပါတယ်။
လူထုစိုးရိမ်ချက်မြင့်တက်နေတာကြောင့် စစ်ကော်မရှင်ပြောခွင့်ရက စက်သုံးဆီနဲ့ ပတ်သက်လို့ ဒီညနေမှာ ထုတ်ပြန်ချက်တစ်ရပ် ထပ်ပြီး ထုတ်ပြောလာပါတယ်။
မြန်မာမှာ ရက် ၄၀ စာ အရန်ဆီ ရှိတယ်လို့ စစ်ကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီနေ့ညနေမှာ ပြောလာပါတယ်။
ဓာတ်ဆီ ဂါလံသန်း ၆၀ နဲ့ ဒီဇယ် ဂါလံသန်း ၇၀ ရှိတယ်လို့ သူက ဆိုပါတယ်။
တစ်ရက်ကို ဓာတ်ဆီ ဂါလံ ၁.၅ သန်း၊ ဒီဇယ်ဆီ ဂါလံ ၁.၇ သန်းသုံးစွဲတာကြောင့် မြန်မာမှာ တစ်ရက်အတွက် ဂါလံ ၃.၂ သန်းသုံးစွဲတယ်လို့ စစ်ကော်မရှင်ရဲ့ စာရင်းအရ သိရပါတယ်။
ဆိပ်ကမ်းမှာ ဆီမချရသေးတဲ့သင်္ဘော ၂ စင်းနဲ့ လမ်းမှာ အခက်အခဲမရှိလာနေဆဲ ဆီတင်သင်္ဘော ၁၄ စင်းရှိပြီး ရက်ပိုင်းအတွင်းဆိုက်ကပ်မယ်လို့ စစ်ကော်မရှင်ပြောခွင့်ရက ပြောပါတယ်။
"ကျွန်တော်တို့နိုင်ငံမှာ ဆီပြတ်လပ်သွားစရာမရှိပါဘူး။ ဒါပေမဲ့ ကမ္ဘာ့ဈေးနှုန်းနဲ့အညီဖြစ်လာနိုင်ပါတယ်" လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ဒါကြောင့် စက်သုံးဆီဈေးတွေတက်မှာဖြစ်တယ်လို့ နားလည်ရပါတယ်။











