မြစ်ကြီးနားက လက်လုပ်လက်စားတွေ ကုန်စျေးနှုန်းကြီးမြင့်မှုကြောင့် စားသောက်ရေးခက်ခဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ် ရပ်ကွက် တချို့က လက်လုပ်လက်စား မိသားစုတွေဟာ အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်း တရိပ်ရိပ်တက်လာတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
အခုကာလမှာ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်နဲ့ဆီ ရဲ့ဈေးနှုန်းဟာ အတက်ကြမ်းနေလို့ အရင်ကထက် အခက်အခဲပိုတွေ့လာကြရတယ်လို့ ဆိုပါတယ်။
သူတို့တွေဟာ လက်လုပ်လက်စားဆိုပေမဲ့ အာဏာမသိမ်းခင်က ဝင်ငွေတချို့ကို စုဆောင်းနိုင်ခဲ့သေးတယ်လို့ ဆိုပါတယ်။
"အရင်တုန်းက အာဏာမသိမ်းခင်တုန်းက ဈေးချိုချိုလေးနဲ့ ဝယ်စားလို့ရတယ်။ (ဆန်တစ်အိတ်) ၅ သောင်းခွဲ ၄ သောင်းခွဲပေါ့။ အာဏာသိမ်းပြီးနောက် ဝယ်စားရတာ အဆင်မပြေဘူးလေ။"
"မိုးလင်းလာလို့ အိပ်ရာထရင် ဒီဆန်စျေး၊ဆီစျေးကြောင့် အိမ်ရှင်မတစ်ယောက် အနေနဲ့ ဘယ်လိုမှ ပျော်ရွှင်မှု မရှိခဲ့တော့ပါဘူး။ အခု ကျွန်မတို့စားနေတဲ့ဆန်က တစ်အိတ် ခုနစ်သောင်းခွဲ ဖြစ်နေပါတယ်။ ခုနစ်သောင်းခွဲ မစားနိုင်တော့ အခု အောက်ဆုံးတန်း တတ်နိုင်တဲ့ဟာလေးပဲ စားနေရတာပေါ့ " လို့ အိမ်ရှင်မ ဒေါ်သီက ပြောပါတယ်။
"တခါတလေ ဟင်းကောင်းစားဖို့တောင် မဖြစ်လာနိုင်တော့ဘူး။ ဟင်းကြမ်းလေးတွေပဲ ဖြစ်သလိုပဲ ရှာကြံစားနေရတယ်။ ဗိုက်ဝဖို့အတွက်ပဲ ဆန်ကိုပဲ ဦးစားပေးနေရတာပေါ့" လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် ကုန်ရောင်းသူတချို့ကတော့ ရပ်ကွက်အတွင်း ဈေးဝယ်သူတွေကို လပေးနဲ့ ပေးတာ တစ်ဖြတ်ချင်းစီ ပေးတာတွေနဲ့လည်း ရောင်းပေးနေရတယ်လို့ ဆိုပါတယ်။

ဆန်နဲ့ဆီ ရောင်းသူတချို့က အခုအခါမှာ အမြတ်ထက် အရောင်းအဝယ် လည်ပတ်အောင် အကြွေးရော၊ လက်ငင်းရော ရောင်းပေးနေရတယ်လို့ ပြောပါတယ်။
ရပ်ကွက်အတွင်း ဆန်နဲ့ဆီရောင်းသူတစ်ဦးကတော့ ဆန်စျေးက ရက်ပိုင်းအတွင်း ဆန်တစ်အိတ်ကို ထောင်ဂဏန်း တက်သွားပြီး စျေးနှုန်းအတက်မြန်နေတဲ့အကြောင်း ပြောပြပါတယ်။
ပြန်ရောင်းရာမှာတော့ တချို့ကို လက်ငင်းရောင်းချတာ၊ အကြွေးနဲ့ရောင်းတာ၊ ကျပ်တစ်သောင်း၊နှစ်သောင်းခွဲသွင်းစေပြီး ပြန်ရောင်းပေးတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်တချို့မှာ ဆန်အမျိုးအစားအလိုက် တစ်အိတ်ကို မှော်ဘီ ကျပ် ၃၇၀၀၀ ကနေ ရွှေဘို ပေါ်ဆန်းမွှေးအဟောင်း ကျပ် ၇၀၀၀၀ ကျော် အထိ ရှိနေပါတယ်။
ဒါ့အပြင် အရင်က ၁၀ ပိဿာ (အချိန်တစ်ဆယ်) ကျပ် နှစ်သောင်းရှိတဲ့ စားအုန်းဆီအရော အမျိုးအစားဆီဟာ အခုအခါ အချိန်တစ်ဆယ်ကို ကျပ် ခုနစ်သောင်းကျော်အထိ ရှိလာပြီး ပဲဆီစျေးဟာ အချိန်တစ်ဆယ်ကို ကျပ် ကိုးသောင်းကျော်အထိ မြင့်တက်နေပါတယ်။








