ကျွန်တော်တို့ ကေအိုင်အေအုပ်ချုပ်တဲ့နယ်မြေမှာ ကေအိုင်အေရဲ့ လက်အောက်မှာပဲရှိရမယ်ဆိုတာတော့ရှိပါတယ်- ဗိုလ်မှူးကြီးနော်ဘူ (KIA ပြောခွင့်ရ)

ဒေသတွင်းမှာ လက်နက်ကိုင်တွေ အဖွဲ့အစည်းတွေ များလာရင် ပိုပြီးရှုပ်ထွေးလာမယ်လို့တော့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NMG

ဓာတ်ပုံ ပုံစာ, ဒေသတွင်းမှာ လက်နက်ကိုင်တွေ အဖွဲ့အစည်းတွေ များလာရင် ပိုပြီးရှုပ်ထွေးလာမယ်လို့တော့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ကချင်ပြည်နယ်တွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ လှုပ်ရှားမယ်ဆိုရင် ကချင်လက်နက်ကိုင်အဖွဲ့ KIO/KIA လက်အောက်မှာ လှုပ်ရှားရမယ်ဆိုပြီး KIA ဘက်က ပြောကြားလာကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပြည်သူတွေကို အပြည့်အဝ အကာအကွယ်ပေးနိုင်မယ့် တပ်မတော်တရပ်ကို ထူထောင်ဖို့ ရှေ့ပြေးဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို အခုအခါမှာ ထူထောင်ပြီးဖြစ်တဲ့အတွက် ခေတ်မီ လက်နက်ကိုင်တပ်မတော်တရပ် ထူထောင်ဖို့ ပြင်ဆင်နေတယ်လို့ NUG အစိုးရသက်တမ်း တလပြည့်တဲ့ မေလ ၁၆ ရက်နေ့က ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့တာပါ။ ဒါကြောင့် ဒေသတချို့မှာ PDF အဖွဲ့တွေပေါ်ပေါက်လာနေတာရှိသလို ကချင်ပြည်နယ်ဘက်မှာလည်း PDF တပ်ဖွဲ့တွေ လှုပ်ရှားဖို့ ရှိလာနိုင်တဲ့အခြေအနေ၊ အဲဒီလို လှုပ်ရှားမယ်ဆိုရင် ကေအိုအေကေအိုင်အိုရဲ့ သဘောထားနဲ့ပတ်သက်လို့ ကေအိုင်အေပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး- ကချင်ပြည်နယ်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ လှုပ်ရှားလာမယ်ဆိုရင် KIO KIA လက်အောက်မှာပဲလှုပ်ရှားရမယ်ဆိုပြီးတော့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဒါနဲ ပတ်သက်ပြီး ကေအိုင်အေ ၊ ကေအိုင်အိုရဲ့မူဝါဘယ်လိုရှိပါသလဲ။

ဖြေ။ ကျွန်တော်တို့က တရားဝင်ချမှတ်ထားတဲ့မူဝါဒမရှိဘူး ။ ဒါပေမဲ့ ကျွန်တော်တို့ ကေအိုင်အေအုပ်ချုပ်တဲ့နယ်မြေမှာ ကေအိုင်အေရဲ့ လက်အောက်မှာပဲရှိရမယ်ဆိုတာတော့ရှိပါတယ်။ အဲဒီလောက်ပဲရှိပါတယ်။ ကျန်တဲ့အပိုင်းကတော့ ဖွဲ့စည်းပုံတွေ ဘာမှမထွက်သေးပါဘူး။

မေး။ တကယ်လို့ကေအိုင်အို ၊ ကေအိုင်ကေ ထိန်းချုပ်ရေးနယ်မြေမှာသာ PDF လူပ်ရှားမူတွေရှိလာမယ်ဆိုရင် NUG အစိုးရနဲ့ကောဗိုလ်မှူးကြီးတို့ ကေအိုင်အို ကေအိုင်အေကရှေ့ကိုဘယ်လိုဆွေးနွေးမူတွေလုပ်မယ်လို့စဉ်းစားထားလဲ။

ဖြေ-အဲ့ဒါလည်းစောနကပြောသလိုပဲ။ ကျွန်တော်တို့ကေအိုင်အေက တရားဝင်ထုတ်ပြန်ထားတာမရှိသေးပါဘူးလို့။ သူတို့ဆွေးနွေးထား တာတော့ရှိချင်ရှိမှာပါ။ ကျွန်တော်တို့ကိုတော့တရားဝင်ပြောထားတာမရှိသေးပါဘူးလို့ ။ ထုတ်ပြန်ထားတာလည်းမရှိသေးပါဘူး။

မေး-တနေ့က ကသာဘက်မှာစစ်ကောင်စီနဲ့PDF တိုက်ပွဲမှာ ကေအိုင်အေ တပ်မဟာ ၈ ကနေကူညီပြီးတော့ ကသာ PDF ဘက်နေ တိုက်ပေးခဲ့တယ် ဆိုတာလည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ် ။ အဲ့လိုကူညီတိုက်ခိုက်ပေးဖို့ကိုရောကေအိုင်အေက ဘယ်လိုလမ်းညွှန်ချက်ပေးထားပါသလဲ။

ဖြေ။ အဲ့ဒါကတော့ ကျွန်တော်တို့ဒေသမှာ ကျွန်တော်တို့နေရာမှာဖြစ်လို့ကူညီတာနေမှာပါ။ ကျွန်တော်တို့ကမူဝါဒချမှတ်ပေးထားတာတော့ မဟုတ်လောက်ပါဘူး ။ သူတို့ရှိတဲ့နေရာမှာ သူတို့နဲ့ထိတွေ့တဲ့နေရာမှာဖြစ်တဲ့ဟာကျတော့ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းကို မဆိုစစ်ကောင်စီကိုတိုက်တဲ့နေရာမှာ ပစ်မှတ်တူညီနေလို့ကူညီတာနေမှာပါ ။ ဗဟိုရဲ့ညွှန်ကြားချက်နဲ့မဖြစ်လောက်ဘူးလို့တော့ထင်ပါတယ် ။ ဒီသတင်းတွေတော့ ကျွန်တော်တို့ တိတိကျကျမသိရသေးပါဘူး ။

မေး- ဒေသတချို့မှာ PDF ဆိုပြီး ဖွဲ့လာကြပြီ။ မကြာခင်မှာလည်းကချင်မှာ ဒါမျိူးဖြစ်လာနိုင်အနေထားရှိတော့ လက်နက်ကိုင်အချင်းချင်းကြားမှာ ထပ်ပြီးတော့ တိုးလာနိုင်တဲ့ လက်နက်ကိုင်တွေလည်းရှိတော့ ဒါတွေကိုရောကေအိုင်အို ကေအိုင်အေဘက်ကဘယ်လိုကြိုတွေးစဉ်းစားထားတာရှိလဲ ။

ဖြေ။ ကျွန်တော်တို့ကတော့လက်နက်ကိုင်အဖွဲ့အစည်းတွေ အမျိုးမျိုးထွက်ဖို့ကိုမလိုလားပါဘူး။ လက်နက်ကိုင်အဖွဲ အစည်းတွေသိပ်များရင်တော့ ပိုပြီးတော့မှ ရှုပ်ထွေးလာနိုင်တဲ့အနေထားဖြစ်ပါတယ် ။ ဒါကြောင့် သိပ်များဖို့ဆိုတာ ကျွန်တော်တို့ကမလိုလားပါဘူး။ ဒါပေမဲ့ အဲ့ဒါကိုဘယ်လိုလုပ်မယ်ဆိုတာတော့ အခုထက်ထိ တရားဝင်စာရွက်စာတမ်းနဲ့ဖွဲ့စည်းထားတာ ညွှန်ကြားထားတာမရှိသေးပါဘူး ။

မေး- ကေအိုင်အို ၊ ကေအိုင်အေ ဗဟိုအနေနဲ့ကော ရှေ့ရေးကိုကြိုတွေးပြီးတော့ခုနက ဗိုလ်မှူးကြီးပြောသလိုပဲ လက်နက်ကိုင်အဖွဲတွေရှုပ်ထွေးသွားမှာ မလိုလားဘူးဆိုတော့ဒီပြဿနာတွေကိုကြိုတင်ဖြေရှင်းဖို့အထူးသဖြင့် PDF တွေကိုဖွဲစည်းရာမှာ အခြေခံကျတဲ့ NUG နဲ့ကြားမှာရောရှေ့ဆက်ပြီး ဆွေးနွေးဖို့စစဉ်းစားနေပြီလား ။

ဖြေ- စဉ်းစားတာတော့ရှိမှာပါ၊ ဒါပေမဲ့ ပြည်သူလူထုကိုထုတ်ပြန်ဖို့ အသိပေးလောက်နိုင်လာက်တဲ့ ဆွေးနွေးမူမကြားရသေးပါဘူး။ ဗဟိုကော်မတီကနေလည်း စီမံကိန်းတွေစာရွက်စာတမ်းတွေနဲ့ညွှန်ကြားပေးတာတွေမရှိသေးပါဘူး ။ ဒါနဲ့ပတ်သက်ပြီးကျွန်တော်ပြောလို့မရသေးပါဘူး။