ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ဥက္ကဋ္ဌ တရားစွဲဆိုမှုကို တပ်မတော် ရုပ်သိမ်း

KBC ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်

ဓာတ်ပုံ ရင်းမြစ်, TX TEXAS

ဓာတ်ပုံ ပုံစာ, KBC ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံစဉ် လူနည်းစုတိုင်းရင်းသားအပေါ် ဘာသာရေးလွတ်လပ်ခွင့်ဖိနှိပ်မှုနဲ့ပတ်သက်လို့ KBC ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်ရဲ့ ပြောဆိုချက်အပေါ် တရားစွဲဆိုမှုကို ဒီကနေ့မှာ တပ်မတော်က ရုပ်သိမ်းလိုက်တယ်လို့ KBC ဥက္ကဋ္ဌ က ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ KBC (ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်) က သိက္ခာတော်ရ ဆရာတော် ဦးဖေါ်ရောင်တူးမိုင်က " ဟုတ်ပါတယ်။ ပြန်ရုပ်သိမ်းပြီးပြီလို့ ကြားပါတယ်။ အခုအစည်းအဝေးလုပ်နေလို့ ပြီးရင် အကြောင်းပြန်ပါ့မယ် " လို့ ဘီဘီစီကို ပြောခဲ့ပါတယ်။

၂၀၁၉ ခုနှစ် ဇူလိုင်လ (၁၇) ရက်နေ့ အမေရိကန်သမ္မတနဲ့ တွေ့ဆုံစဉ်မှာ ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ မြန်မာနိုင်ငံမှာ ခရစ်ယာန် ဘာသာဝင်များကို တပ်မတော်က ဖိနှိပ်ခဲ့ပြီး ဘုရားကျောင်းတွေကို ဖျက်ဆီးတာတွေ လုပ်ခဲ့ကြောင်းနဲ့ ဘာသာရေးကို လွတ်လွတ်လပ်လပ် ကိုးကွယ်ဖို့ အခွင့်အရေး မရကြောင်း၊ တိုင်းရင်းသား လူနည်းစု ခေါင်းဆောင်တွေကို အမေရိကန်အစိုးရအနေနဲ့ ဦးစားပေးကူညီဖို့ အစရှိတဲ့ အချက် (၅) ချက်ကို တင်ပြတောင်းဆိုခဲ့တာဖြစ်ပါတယ်။

မြစ်ကြီးနား မြို့နယ်တရားသူကြီး ဦးသန်းထွန်းက " ဒီအမှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ မြစ်ကြီးနားမြို့နယ်တရားရုံးကို သြဂုတ်လ ၂၆ ရက်နေ့က ဒုတိယဗိုလ်မှူးကြီး သန်းထိုက်က ဒေါက်တာခလမ်ဆမ်ဆွန်ကို ဥပဒေအရ အရေးယူပေးပါဆို လျှောက်ထားစွဲဆိုထားတဲ့အမှုကို ၂၀၁၉ ခုနှစ် ရာဇသတ်ကြီး အမှုအမှတ် ၂၁၈၇ နဲ့ လက်ခံစစ်ဆေးထားတယ်။ ဒီကနေ့ အမှုလျှောက်ထားသူက ရုပ်သိမ်းပေးဖို့ လျှောက်ထားလာပါတယ်" လို့ ဆိုပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယ ဗိုလ်မှူးကြီး သန်းထိုက်က ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၃၄၅/၁ အရ ကျေအေးခွင့်ပြုပြီးတော့ ၃၄၅/၆ အရစွပ်စွဲခံရသူ ဒေါက်တာခလမ်ဆမ်ဆွန်အား အပြီးအပြတ် လွှတ်လိုက်ပြီဖြစ်ပါတယ်။

KBC ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်

ဓာတ်ပုံ ရင်းမြစ်, Htoi Awng Kareng

ဓာတ်ပုံ ပုံစာ, KBC ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်

ဒေါက်တာ ခလမ်ဆမ်ဆွန်က "အဓိကကတော့ ကျွန်တော်တို့ ခရစ်ယာန်တွေကို ချုပ်ချယ်ခံရတယ်။ လွတ်လပ်မှုမရှိဘူးဆိုတဲ့ကိစ္စတွေပြောတယ်။ ခရစ်ယာန် ချည်းပဲ မဟုတ်ဘူး ဆိုတာလည်း ပြောပါတယ်။ တိုင်းရင်းသား တော်လှန်ရေးကိစ္စမှာ စစ်မှန်တဲ့ ဖက်ဒရယ် ရဖို့ကြိုးစားနေတဲ့အချိန်မှာ အမေရိကန်ဘက်က ကူညီပေးဖို့နဲ့ အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့တာလုပ်ခဲ့တဲ့အပေါ် ကျေးဇူးတင်တယ်ဆိုတာ ပြောခဲ့ပါတယ်" လို့ ဒေါက်တာ ခလမ်ဆမ်ဆွန်က ဘီဘီစီကို ပြောပါတယ်။

ဒီလိုတရားစွဲဆိုတာနဲ့ ပတ်သက်လို့ KBC ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ အမှန်တရားကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခဲ့တဲ့ ကိစ္စဖြစ်တဲ့အတွက် အခုလို ပြစ်မှုဆိုင်ရာ ဥပဒေနဲ့ အရေးယူဖို့ ကြိုးစားတာဟာ မှန်ကန်တဲ့နည်းလမ်းမဟုတ်ဘူးလို့ KBC (ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်) က စက်တင်ဘာ ၆ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဒေါက်တာ ခလမ်ဆမ်ဆွန် ဟာ တပ်မတော်နဲ့ပတ်သက်ပြီး ပြောဆိုခဲ့မှုကြောင့် တရားစွဲခဲ့ရတာ ဖြစ်ပြီး အခုလိုအမှုရုပ်သိမ်းလိုက်တာဟာ တပ်မတော်ဘက်က လုပ်သင့်လုပ်ထိုက်တယ်လို့ယူ ဆပြီး ကျေအေးလိုက်တာဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။