စစ်ရှောင်ဒုက္ခသည်တွေဆီ မသွားဖို့ အစိုးရ က တားမြစ်ချက် KBC လက်မခံ

ဓာတ်ပုံ ရင်းမြစ်, AFP/ Getty Images
စစ်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်တွေ ရှိရာ အချို့နေရာတွေကို မသွားဖို့ ကချင်ပြည်နယ် အစိုးရ က တားမြစ်ထား ပေမယ့် ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် (KBC) က တားမြစ်ချက်ကို မလိုက်နာ နိုင်ကြောင်း ငြင်းဆန်လိုက်ပါတယ်။
မေလ အစောပိုင်းလောက်က မြန်မာတရုတ်နယ်စပ်မှတ်တိုင် ၆ နဲ့ ၈ နေရာ တွေမှာ ရှိနေတဲ့ စစ်ရှောင် ဒုက္ခသည် မိသားစုတွေ ရှိရာကို သွားခဲ့တဲ့ ကချင်နှစ်ခြင်းအသင်းတော် (KBC) ဆီကို ကချင်ပြည်နယ် အစိုးရက အဲဒီနယ်မြေဟာ ကေအိုင်အေ လက်နက်ကိုင်အဖွဲ့ရှိရာ နယ်မြေဖြစ်တဲ့အတွက် အဲဒီ နယ်မြေဖက်ကို သွားရင် မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁)နဲ့ အရေးယူနိုင်ကြောင်း၊ နောက်နောင်တွင် လုံးဝမသွားရန် သတိပေးတားမြစ်တဲ့ စာကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း က လက်ခံရရှိကြောင်း ဝိုင်းမော် အခြေစိုက် KBC ရဲ့ အတွင်းရေးမှူး သိက္ခာတော်ရ ဆရာတော် ဦးဒေါင်ခေါင်း က ဘီဘီစီ ကို ပြောပါတယ်။
ဘီဘီစီ က ဖတ်ရှုရတဲ့ အဲဒီ ကချင်ပြည်နယ် အစိုးရရဲ့ သတိပေးစာ မှာ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင် က လက်မှတ်ရေးထိုးထားတာ တွေ့ရပါတယ်။
KBC သိက္ခာတော်ရဆရာတော် ဦးဒေါင်ခေါင်း က သူတို့အနေနဲ့ ကချင်လက်နက်ကိုင်အဖွဲ့ ကေအိုင်အေ နဲ့ သွားတွေ့တာ မဟုတ်ပဲ၊ ဒုက္ခရောက်နေတဲ့ သူတို့ အသင်းသူအသင်းသားတွေ ဆီသာ သွားရောက် ကူညီတာ ဖြစ်တဲ့အတွက် နောက်နောင် မှာလည်း ဆက်လက်သွားရောက်မယ့် အကြောင်း ဘီဘီစီ ကို ပြောပါတယ်။
အခုလို ဒုက္ခရောက်နေတဲ့ သူတို့အသင်းသားတွေ ကို ကူညီဖို့၊ ခွန်အားပေးဖို့ က သူတို့တာဝန်ဖြစ်တဲ့အတွက် ဘယ်သူတားတား သွားရောက်ရမှာ ဖြစ်သလို၊ ဒုက္ခရောက်နေသူကိုကူညီနေတဲ့ သူတို့ ကို အစိုးရ အနေနဲ့ အားပေးရမယ့် အစား ခြိမ်းခြောက်နေတာ ဟာ ဝမ်းနည်းစရာ ကောင်းတယ်လို့ လည်း သူ က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP/ Getty Images
မြန်မာနိုင်ငံပြည်တွင်းမှာ စစ်ပွဲနဲ့ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရကာ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံ နေရသူတွေ သိန်းနဲ့ချီပြီး ရှိနေတာပါ။
လက်နက်ကိုင် တိုက်ပွဲတွေဖြစ်နေတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တင် စစ်ရှောင် ဒုက္ခသည် စခန်း ၁၆၀ ကျော် ရှိပြီး အဲဒီ မှာ လူပေါင်း တသိန်း နီးပါးခိုလှုံနေကြရတာပါ။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာလည်း ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းတွေ နောက်ပိုင်း ပြည်တွင်း ဒုက္ခသည်စခန်းတွေ မှာ ခိုလှုံနေရသူတွေ ၁သိန်း ၂ သောင်း လောက်ရှိတယ် လို့ ကုလသမဂ္ဂ စာရင်းတွေ အရ သိရပါတယ်။








