KBC ဥက္ကဌ ကိုတပ်က တရားစွဲဖို့ ဦးတိုက်လျှောက်ထားတာ မဖြစ်သင့်ကြောင်း KBC ထုတ်ပြန်

KBC ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်

ဓာတ်ပုံ ရင်းမြစ်, Htoi Awng Kareng

ဓာတ်ပုံ ပုံစာ, KBC ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်

၂၀၁၉ ခုနှစ် ဇူလိုင်လ (၁၇) ရက်နေ့မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံစဉ် ကချင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ပြောဆိုချက်အပေါ်မှာ တပ်က တရားလိုလုပ် တရားစွဲဆိုခဲ့ပါတယ်။

ဒီလို တရားစွဲဆိုတာနဲ့ ပတ်သက်လို့ ကေဘီစီဥက္ကဌ ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ အမှန်တရားကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခဲ့တဲ့ ကိစ္စဖြစ်တဲ့အတွက် အခုလို ပြစ်မှုဆိုင်ရာ ဥပဒေနဲ့ အရေးယူဖို့ ကြိုးစားတာဟာ နည်းလမ်း မှန်ကန်မှုမရှိဘူးလို့ KBC (ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်) က စက်တင်ဘာ ၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

ဒေါက်တာ ခလမ်ဆမ်ဆွန်က " ကျွန်တော်တို့ အဓိကတော့ ဒီ ခရစ်ယာန်များ ချုပ်ချယ်ခံရတယ်။ လွတ်လပ်မှုမရှိဘူးဆိုတဲ့ကိစ္စတွေပြောတယ်။ ခရစ်ယာန် ချည်းပဲ မဟုတ်ဘူး ဆိုတာလည်း ပြောပါတယ်။ တိုင်းရင်းသား တော်လှန်ရေးကိစ္စမှာ စစ်မှန်တဲ့ ဖက်ဒရယ် ရဖို့ကြိုးစားနေတဲ့အချိန်မှာ အမေရိကန်ဘက်က ကူညီပေးဖို့ နဲ့ အမေရိကန်က ဆန်ရှင်လုပ်ခဲ့တဲ့အပေါ် ကျေးဇူးတင်တယ်ဆိုတာ ပြောခဲ့ပါတယ် " လို့ ဘီဘီစီက တွေ့ဆုံမေးမြန်းစဉ် ပြောခဲ့ပါတယ်။

အမေရိကန်သမ္မတနဲ့ တွေ့ဆုံစဉ်မှာ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ မြန်မာနိုင်ငံတွင် ခရစ်ယာန်ဘာသာဝင်များကို တပ်မတော်က ဖိနှိပ်ခဲ့ပြီး ဘုရားကျောင်းတွေကို ဖျက်ဆီးတာတွေ လုပ်ခဲ့ကြောင်းနဲ့ ဘာသာရေးကို လွတ်လွတ်လပ်လပ် ကိုးကွယ်ဖို့ အခွင့်အရေး မရကြောင်း၊ တိုင်းရင်းသား လူနည်းစု ခေါင်းဆောင်တွေကို အမေရိကန်အစိုးရအနေနဲ့ ဦးစားပေး ကူညီဖို့ အစရှိတဲ့ အချက် (၅) ချက်ကို တင်ပြတောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဆရာတော်ဒေါက်တာ ခလမ်ဆမ်ဆွန်က ဘာသာရေးလွတ်လပ်စွာ ကိုးကွယ်ခွင့်ကတော့ရှိပေမယ့် လွတ်လပ်မှုဆိုတဲ့နေရာမှာတော့ ပြောဆိုစရာတွေအများကြီးရှိကြောင်းနဲ့ တရားရုံးမှာ ပြောဖို့ အစီအစဉ်ရှိကြောင်း ဘီဘီစီက မေးမြန်းတဲ့အပေါ် ဖြေကြားခဲ့ပါတယ်။

ဒီလိုပြောဆိုချက်တွေကြောင့် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ဒုတိယဗိုလ်မှူးကြီး သန်းထိုက် (မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်) က တရားလိုပြုလုပ်ပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တရားရုံးကို ဦးတိုက် လျှောက်ထားခဲ့တာဖြစ်ပါတယ်။

အသံဖိုင် ပုံစာ, Sexual violence in Conflict area

အရေးယူပေးဖို့ တပ်ရဲ့ လျှောက်ထားမှုကို လာမယ့် စက်တင်ဘာ ၉ ရက်နေ့မှာ တရားရုံးက လက်ခံရေး လက်မခံရေးအတွက် စစ်ဆေးကြားနာမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေမှာ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိကြောင်း ပြဌာန်းထားပေမယ့် တိုင်းရင်းသားဒေသတွေမှာ ဘာသာရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ပြောဆိုဝေဖန်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။