ရနောင်းလူသတ်မှုမှာ အစွပ်စွဲခံရတဲ့ မြန်မာလူငယ်၂ဦးအယူခံနိုင်ပြီးပြန်လွတ်တော့မယ်၊ မြောက်ဦးမှာ အမျိုးသားတစ်ဦးတပ်ရဲ့ဖမ်းဆီးခံရပြီးနောက်သေဆုံး အပါအဝင်မနက်ခင်းသတင်းများ

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU/AFP/Getty Images
မြန်မာနိုင်ငံမှာ လူ ၄ယောက်မှာ တစ်ယောက်က ဆင်းရဲနွမ်းပါးနေ
မြန်မာနိုင်ငံမှာ တစ်ရက်ကို အနိမ့်ဆုံးအသုံးစရိတ် ကျပ် ၁၅၉၀ ကိုတောင်မသုံးနိုင်တဲ့သူဟာ ၄ယောက်မှာ တစ်ယောက်နှုန်းရှိနေတယ်လို့ ဗဟိုစာရင်းအင်းအဖွဲ့က ကောက်ယူခဲ့တဲ့ ၂၀၁၇ ဆင်းရဲနွမ်းပါးမှုအစီရင်ခံစာ မှာဖော်ပြထားပါတယ်။
ဒီစစ်တမ်းကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန် ကြီးဌာနဗဟိုစာရင်းအင်းအဖွဲ့က ကမ္ဘာ့ဘဏ်၊ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်(UNDP)တို့ရဲ့ ထောက်ပံ့မှုနဲ့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ မြို့ပေါင်း ၂၉၆မြို့နယ်က အိမ်ထောင်စု ပေါင်းတစ်သောင်း သုံးထောင်ကျော်ကို စစ်တမ်း ကောက်ယူခဲ့တာဖြစ်ပါတယ်။
' ' လူတစ်ယောက်အနိမ့်ဆုံးစားသုံးရမယ့် ကယ်လိုရီပမာဏအတွက်ရယ် အခြေခံအသုံးစရိတ်ရယ်ပေါ့ ။ ဒါကိုတွက်ထားတာ တစ်ရက်ကိုအနိမ့်ဆုံး ကျပ် ၁၅၉၀ တော့သုံးရမယ်။ ဒါကို မသုံးနိုင်တဲ့ သူက ဆင်းရဲ နွမ်းပါးနေတယ်လို့ သတ်မှတ်တာပေါ့'' လို့ ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူး ဦးဆန်းမြင့် ကဘီဘီစီကို ပြောပါတယ်။
ဒီတွေ့ရှိချက်နှုန်းဟာ ၂၀၀၅ခုနှစ်က ကောက်ယူထားခဲ့တဲ့ စစ်တမ်းအရတော့ ဆင်းရဲသူဦး ရေဟာ ထက်ဝက်နီးပါးခန့်လျော့နည်းလာတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒီစစ်တမ်းအရ ဆင်းရဲနွမ်းပါးမှုအမြင့်ဆုံးတွေ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေထဲမှာ ချင်းပြည်နယ်က ပထမနဲ့ ဒုတိယ ကတော့ ရခိုင်ပြည်နယ်ဖြစ်တယ်လို့လည်း စစ်တမ်းမှာဖော်ပြထားပါတယ်။
ရနောင်းလူသတ်မှုမှာ အစွပ်စွဲခံရတဲ့ မြန်မာလူငယ် ၂ဦးရဲ့ အယူခံ နိုင်
ရနောင်းလူသတ်မှုမှာစွပ်စွဲခံထောင်ကျနေတဲ့မြန်မာလူငယ် ၂ ယောက်အယူခံနိုင်သွားခဲ့တဲ့အတွက်ထိုင်းဘက်ကနေ မြန်မာအာဏာပိုင် တွေထံကို လာမယ့်အဂါနေ့မှာပြန်လည်လွှဲပေးတော့မယ်လို့ သိရပါတယ်။
' ' သူတို့အခုရနောင်းလူဝင်မှုကြီးကြပ်ရေးရုံးကိုရောက်နေပြီး၊ဇူလိုင်လ ၂ ရက်၊အဂါနေ့ကျရင်သူတို့ကို မြန်မာ နိုင်ငံကိုပြန်ပို့မှာဖြစ်တယ်'' လို့ ဒီအမှုကိုလိုက်လံကူညီပေးတဲ့ထိုင်းတောင်ပိုင်းအခြေစိုက်ပညာ ရေးနဲ့ဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED ကအလုပ်သမားရေးရာတာဝန်ခံဦးမင်းဦးကပြောပါတယ်။
ဒီအမှုဟာ ထိုင်းနိုင်ငံ၊ရနောင်းခရိုင်ကအသက် ၁၈ နှစ်အရွယ်ထိုင်းကျောင်းသူတဦး ၂၀၁၅ ခုနှစ်တုံးကဓါးဒါဏ်ရာနဲ့ သေဆုံးမှုမှာ မြန်မာလူငယ် ၄ဦးအဖမ်းခံခဲ့ရတာဖြစ်ပါတယ်။
ဒီထဲကထောင်ဒါဏ် ၈ နှစ်ချမှတ်ခံထားရတဲ့မြန်မာရေလုပ်သား စိန်ကတုံးနဲ့ ဝေလင်းတို့နှစ်ယောက်ဟာအယူခံမှာ အနိုင်ရပြီးလွတ်လာကြတာပါ။
မူလကဒီအမှုမှာစိန်ကတုံး၊ဝေလင်း၊မိုးဇင်အောင်နဲ့ကျော်စိုးဝင်းတို့လေးယောက်ကိုထိုင်းရဲကသံသယနဲ့ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။အသက်မပြည့်တဲ့မိုးဇင်အောင်နဲ့ကျော်စိုးဝင်းတို့ကိုသီးခြားအမိန့်ချခဲ့ပြီး
သူတို့လွတ်မြောက်သွားကြပြီးဖြစ်ပါတယ်။
မြောက်ဦးမှာ အမျိုးသားတစ်ဦး တပ်ရဲ့ဖမ်းဆီးခံရပြီးနောက် သေဆုံး
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပေါက်တောပြင် ကျေးရွာနေ ကိုနေမျိုးထွန်းဟာ တပ်မတော်ရဲ့ ဖမ်းဆီးခြင်းကို ခံရပြီးနောက် သေဆုံးသွားပါတယ်။
ဇွန်လ ၂၄ ရက်နေ့က ကျောက်တော်ဆေးရုံကို တပ်မတော်ဘက်က ရုပ်အလောင်း လာပို့မှ သေဆုံးကြောင်းသိရတယ်လို့ မိသားစုဝင်တွေကပြောပါတယ်။
အစိုးရတပ်မတော်စစ်ကြောင်းက သေဆုံးသူ ကိုနေမျိုးထွန်းအပါအဝင် ၄ဦးကို ဇွန် ၂၀ ရက်နေ့က ဝေသာလီဘုရား အနီးကနေ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲဒီမှာ စစ်ဆေးနေရင်းနဲ့ ၂၃ ရက် နေ့ မှာ ကိုနေမျိုးထွန်း သေဆုံးသွားခဲ့ပြီး ၂၆ ရက်နေ့လယ်မှာ သူ့ရဲ့ရုပ်အလောင်းကို သဂြိုလ်ခဲ့ပါတယ်လို့သိရပါတယ်။
တပ်မတော်ဘက်ကတော့ ကျန်းမာရေး ယိုယွင်းလာလို့ ဆေးရုံကို ပို့ဆောင်ပေးရာမှာ သေတယ်လို့ မီဒီယာတွေကို ဖြေရှင်းထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့တွေ့ဆုံဖို့ သမ္မတထရမ့်ဘက်က ဖိတ်ခေါ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်းကို တောင်နဲ့မြောက် ကိုရီးယားကို ပိုင်းခြားထားတဲ့ နယ်စပ်မှာ တွေ့ဆုံကြဖို့အတွက် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်တဲ့ တွစ်တာကနေ ဖိတ်ခေါ်လိုက်ပါတယ်။
အမေရိကန်ခေါင်းဆောင်ဟာ ဂျပန်မှာကျင်းပမယ့် ဂျီ ၂၀ ထိပ်သီး အစည်းအဝေး ပြီးရင် တောင်ကိုရီးယားကို သွားရောက်ဖို့ရှိနေပါတယ်။
မစ္စတာထရမ့်ဟာ စနေနေ့မှာ ဆိုးလ်မြို့ကိုရောက်ရှိနေပြီး သူ့ရဲ့ နှစ်ရက်တာကြာမြင့်မယ့် ခရီးစဉ်အတွင်းမှာ နျူကလီးယားဖျက်သိမ်းရေးအတွက် မြောက်ကိုရီးယားနဲ့ ပြောဆိုဖို့ ရည်ရွယ်ထားပုံရပါတယ်။
မစ္စတာထရမ့်ဟာ ကင်နဲ့တွေ့ဆုံဖို့ကို ကြိုတင်စီစဉ်ထားခဲ့ပုံမပေါ်ဘဲ ရုတ်တရက် ကောက်ကာ ငင်ကာ ထစီစဉ်လိုက်ပုံရပါတယ်။








