မြောက်ကိုရီးယား ခေါင်းဆောင် အမေရိကန် သမ္မတဆီက အပြုသဘောဆောင်တဲ့စာရ

ဓာတ်ပုံ ရင်းမြစ်, AFP
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းဟာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ကိုယ်တိုင် ရေးသားပေးပို့လိုက်တဲ့ စာတစ်စောင် လက်ခံရရှိခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရမီဒီယာက ဖော်ပြလိုက်ပါတယ်။
အဲဒီစာဟာ အထူးကောင်းမွန်တယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင်က ပြောလိုက်ပြီး စာထဲမှာပါတဲ့ စိတ်ဝင်စားစရာ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီးလည်း သေသေချာချာ အလေးအနက်ထား စဉ်းစားမယ်လို့ ပြောလိုက်ပါတယ်။
စကားလုံးတွေနဲ့ အပြန်အလှန်ထိုးနှက် တိုက်ခိုက်ခဲ့ဖူးသူ ခေါင်းဆောင်နှစ်ယောက်အကြား စာနဲ့ဆက်သွယ်လိုက်တဲ့ အကြောင်း မြောက်ကိုရီးယား KCNA သတင်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ အမေရိကန် သမ္မတ ထရမ့်ဟာ အင်မတန် သတ္တိကောင်းတဲ့သူလို့လည်း ကင်ဂျုံအွန်းက ထုတ်ဖော် ချီးကျူးတဲ့အကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
နှစ်လိုဖွယ်ကောင်းတဲ့ စာတစ်စောင် ကင်ဂျုံအွန်းဆီကနေ သူ့ဆီကို ရောက်လာတယ်လို့ သမ္မတ ထရမ့်ကလည်း ဒီလအစောပိုင်းမှာ ပြောထားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဒါပေမဲ့ အခု ကင်ဂျုံအွန်းဆီကို စာ ဘယ်အချိန်မှာ ဘယ်လို ရောက်လာခဲ့တယ်ဆိုတာနဲ့ စာထဲမှာ ပါတဲ့ အကြောင်းအရာ အသေးစိတ်တွေကိုတော့ ထုတ်ဖော်ပြောကြားတာမရှိသေးပါဘူး။
အဲဒီစာနဲ့ပတ်သက်ပြီး အမေရိကန် အစိုးရဘက်ကလည်း မှတ်ချက်ပေးတာမရှိပါဘူး။
အမေရိကန်နဲ့ မြောက်ကိုရီးယား အကြား ဆွေးနွေးပြောဆိုမှုဟာ ကင်ဂျုံအွန်း နဲ့ ထရမ့်တို့ ဗီယက်နမ်နိုင်ငံမှာ ဖေဖော်ဝါရီလတုန်းက တွေ့ဆုံခဲ့စဉ်က တုံ့ဆိုင်းသွားခဲ့တာ ဖြစ်ပါတယ်။
အခုစာနဲ့ဆက်သွယ်မှုဟာ အဲဒီအချိန်နောက်ပိုင်း နှစ်နိုင်ငံအကြား ပထမဆုံး ထင်သာမြင်သာ ရှိတဲ့ တိုးတက်မှု ဖြစ်တယ်လို့ တောင်ကိုရီးယားမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် လော်ရာ ဘစ်ကာက သတင်းပေးပို့ပါတယ်။
အမေရိကန်က မြောက်ကိုရီးယားကို နျူလက်နက် စွန့်လွှတ်ဖို့ တောက်လျှောက် တိုက်တွန်းနေပြီး မြောက်ကိုရီးယားကတော့ အမေရိကန်ဘက်က ကန့်သတ်ပိတ်ဆို့တာတွေ ဖြေလျှော့ပေးဖို့ တောင်းဆိုပါတယ်။
ဒါပေမဲ့ အခု လတ်တလော လပိုင်းတွေမှာ ထရမ့်က ကင်ဂျုံအွန်းကို နွေးနွေးထွေးထွေး ပြောဆိုလာပါတယ်။
ဒီလ အစောပိုင်းမှာတုန်းကဆိုရင် မြောက်ကိုရီးယားဟာ ကင်ဂျုံအွန်းဦးဆောင်မှုကြောင့် တိုးတက်ဖို့ အလားအလာ အများကြီး ရှိတယ်လို့ ထရမ့်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ကင်ဂျုံအွန်းဟာ အင်မတန် ထက်မြက်ပါးနပ်တဲ့သူလို့လည်း သမ္မတ ထရမ့် မေလမှာ ဂျပန်ကို သွားခဲ့တုန်းက ပြောခဲ့ပြီး မြောက်ကိုရီးယားဆီကနေ အကောင်းတွေ အများကြီး မျှော်လင့်ထားတယ်လို့ ထရမ့်က ပြောခဲ့ပါတယ်။








