နိုင်ငံတော်သစ္စာဖောက်မှုနဲ့ ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် ထောင်ဒဏ် ၂၇ နှစ် ကျခံရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ဘီဘီစီ သတင်းထောက် ဂျိုနသန် ဟက် နဲ့ ကယ်လီ နက်
- ရာထူးတာဝန်, ဘန်ကောက်နဲ့ စင်ကာပူ
ကမ္ဘောဒီးယားရဲ့ အထင်ရှားဆုံးအတိုက်အခံခေါင်းဆောင်ဟာ နိုင်ငံတော် သစ္စာဖောက်မှုနဲ့ အရေးယူခံရပြီး နေအိမ်အကျယ်ချုပ် ၂၇ နှစ် ကျသွားပါတယ်။
အခုတော့ ဖျက်သိမ်းခံလိုက်ရပြီဖြစ်တဲ့ ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါတီ (Cambodian National Rescue Party) ရဲ့ခေါင်းဆောင် ကင်မ် စော်ခါးဟာ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်နိုင်ခွင့် ပိတ်ပင်ခံလိုက်ရသလို မဲထည့်ခွင့်လည်း မရတော့ပါဘူး။
သူဟာ နိုင်ငံခြားတိုင်းပြည်တွေနဲ့ လျှို့ဝှက်ပူးပေါင်းပြီး ဝန်ကြီးချုပ် ဟွန်ဆန်အစိုးရကို ပြုတ်ကျအောင် လုပ်ဆောင်ခဲ့တယ်လို့ အာဏာပိုင် တွေက စွပ်စွဲခဲ့ပါတယ်။
ဟွန်ဆန်ဟာ ကမ္ဘာပေါ်မှာ နိုင်ငံရေးကို ဖိနှိပ်ပြီး အုပ်ချုပ်သူတွေထဲမှာ အာဏာ သက်တမ်း အရှည်ကြာဆုံးသူတွေထဲက တယောက် ဖြစ်ပြီး ၁၉၈၅ ခုနှစ်ကတည်းက ကမ္ဘောဒီးယားကို သူအုပ်ချုပ်ခဲ့တာပါ။
ကမ္ဘောဒီးယားမှာ အထွေထွေရွေးကောက်ပွဲကို ဇူလိုင်လအတွင်းမှာ လုပ်ပါလိမ့်မယ်။ သူပဲ အာဏာပြန်ရမှာလို့ အများက မှန်းနေကြပြီး တချို့ကတော့ သူ့ရဲ့ အကြီးဆုံးသား ဟွန် မန်နက်ကို အာဏာလွှဲလိမ့်မယ်လို့ ဆိုကြပါတယ်။
အသက် ၆၉ နှစ် ရှိပြီဖြစ်တဲ့ ကင်မ် စော်ခါးဟာ ၂၀၁၇ ခုနှစ်က ပထမဆုံးအကြိမ် အဖမ်းခံခဲ့ရပါတယ်။ အဲဒီအခါက အမေရိကန် ဒီမိုကရေစီ လိုလားတဲ့အဖွဲ့တွေဆီက သူ ထောက်ခံမှုရကြောင်း ပြောထားတဲ့ ၂၀၁၃ ခုနှစ်က ဗီဒီယိုအပေါ် မူတည်ပြီး အဖမ်းခံရတာပါ။
အခု စွဲဆိုချက်တွေနဲ့ ပတ်သက်လို့ သူနဲ့ သူ့ ရှေ့နေတွေက ငြင်းဆိုပယ်ချထားပြီး စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘူးလို့ ဆိုပါတယ်။
ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဗလျူ ပက်ထရစ်ခ် မာဖီက ဒီအမှုကို ကြည့်ရင် တရားစီရင်ရေးစနစ် ပြိုလဲနေပြီ ဆိုတာကို ပြနေတယ်လို့ သောကြာနေ့က ပြောပါတယ်။
ကင်မ် စော်ခါးရဲ့ ရှေ့နေ အန် အူဒုမ်က တရားစွဲမှုအပေါ် သူ့ရဲ့ တရားရေးအဖွဲ့က ရင်ဆိုင် လျှောက်လဲသွားမယ်လို့ ပြောကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။
သူ့အပေါ် တရားစွဲဆိုတာကို လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အနောက်နိုင်ငံအစိုးရတွေက ရှုတ်ချလိုက်ပြီး စွပ်စွဲချက်တွေက အခြေအမြစ် မရှိသလို နိုင်ငံရေး ရည်ရွယ်ချက်အရ ကြံစည်တိုက်ခိုက်ကြတာသာဖြစ်တယ်လို့ ဆိုပါတယ်။
"ကင်မ် စော်ခါးအပေါ်စွဲချက်တွေကို ကြည့်ရင် ဝန်ကြီးချုပ် ဟွန်ဆန်က ကမ္ဘော ဒီးယားရဲ့ အဓိက အတိုက်အခံကို ဘေး ထုတ်ပစ်လိုက်ပြီး နိုင်ငံရဲ့ ဒီမိုကရေစီ စနစ်ကို ဖျက်သိမ်းလိုက်တဲ့ အကြံအစည်နဲ့ လုပ်တယ်ဆိုတာက ရှင်းနေပါတယ်" လို့ Human Rights Watch ရဲ့ အာရှဆိုင်ရာ လက်ထောက်ဒါရိုက်တာ ဖေးလ် ရော်ဘတ်ဆန်က ပြောပါတယ်။
"ကင်မ် စော်ခါးကို အကျဉ်းချတာက သူ့နိုင်ငံရေးပါတီကို ဖျက်ဆီးပစ်ရုံသာ မဟုတ် ပါဘူး၊ ဇူလိုင်လမှာ စစ်မှန်တဲ့ရွေးကောက်ပွဲ ဖြစ်လာမှာပါ ဆိုတဲ့ မျှော်လင့်ချက် တစုံတရာကိုပါ ရိုက်ချိုးလိုက်တာပါ။"
အာဏာပိုင်တွေအနေနဲ့ စွဲချက်တွေကို ရုပ်သိမ်းပြီး သူ့ကို "အလျင်အမြန်နဲ့ ချွင်းချက်မရှိ" ပြန်လွှတ်ပေးဖို့ Human Rights Watch က တောင်းဆိုပါတယ်။
ကမ္ဘောဒီးယား တရားရုံးတွေဟာ ဟွန်ဆန်ရဲ့ ထိန်းချုပ်မှုအောက်မှာသာ ရှိတယ်လို့ အကျယ်အပြန့်မြင်ထားကြတဲ့အတွက် ဒီ ပြစ်ဒဏ်ကို အံ့သြကြသူတွေ အနည်းအပါးသာ ရှိမှာပါ။
အရင်က လူ့အခွင့်အရေးတောင်းဆိုလှုပ်ရှားသူ ကင်မ် စော်ခါးဟာ Cambodian National Rescue Party ကို ဦးဆောင်ခဲ့သူပါ။ ဟိုးအရင် အထွေထွေ ရွေးကောက် ပွဲတွေ မှာ သူဟာ လူသိများထင်ရှားလာခဲ့ပြီး ဟွန်ဆန်နဲ့ သူ့ပါတီကို အာဏာကနေ ဖြုတ်ချနိုင်တဲ့ အဆင့်နားဆီကို ရောက်လာခဲ့သူပါ။
၂၀၁၈ ရွေးကောက်ပွဲမတိုင်မီ အချိန်လေးမှာ သူ့ပါတီ ဖျက်သိမ်းခံခဲ့ရပါတယ်။ သူ့ပါတီက ခေါင်းဆောင်အများစုလည်း တရားစွဲတာ ခံရတာ ဒါမှမဟုတ် နိုင်ငံ ပြင်ပမှာ နေထိုင်ရတာတွေကို ကြုံကြရပါတယ်။
နိုင်ငံမှာ လွတ်လပ်တဲ့မီဒီယာတွေ အဖြစ်နောက်ဆုံး ကျန်နေတဲ့ သတင်းဌာနတွေ ထဲက Voice of Democracy ကို ပြီးခဲ့တဲ့လ အတွင်းက ပိတ်လိုက်ပါတယ်။ ဒီသတင်းဌာနဟာ သူ့သားကို တိုက်ခိုက်တယ်၊ အစိုးရရဲ့ ဂုဏ်သိက္ခာကို ထိပါးအောင်လုပ်တယ်လို့ ဆိုပြီး ဟွန်ဆန်က ပိတ်ပင် လိုက်ပါတယ်။








