ထိုင်ဝမ် ဂျုဒို သင်တန်းမှာ အသက် ၇ နှစ်အရွယ် ကလေးတယောက် သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်ဝမ်မှာ ဂျုဒို သင်တန်းတက်စဉ် မြက်ဖျာပေါ် ၂၇ ကြိမ်တိုင် ကိုင်ပေါက်ခံရတဲ့ အသက် ၇ နှစ်အရွယ် ယောက်ျားလေး တယောက် သေဆုံးသွားပါတယ်။
ဧပြီလတုန်းက သူ ဂျုဒိုသင်တန်းထဲမှာ သူ့ နည်းပြနဲ့ သူ့ သင်တန်းဖော်တွေက သူ့ကို ကိုင်ပေါက်ခဲ့ကြပြီးတဲ့အခါမှာ ဦးနှောက်တွင်းသွေးယိုစီးတဲ့အထိ သူအပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။
အဲဒီကလေးငယ်ဟာ နောက်ပိုင်းမှာ ကိုမာ (သတိမေ့မျော)ဖြစ်သွားခဲ့ပြီး၊ သူအသက်ဆက်ရှူနိုင်၊ နှလုံးခုန်နိုင်နေအောင် အသက်အတွက် အထောက်အကူ ပစ္စည်းတွေ တပ်ဆင်ထားခဲ့ရပါတယ်။
နောက် ရက်ပေါင်း ၇၀ အကြာမှာတော့ သူ့မိဘတွေက အဲဒီအထောက်အကူပစ္စည်းတွေကို ဖြုတ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။
ကြမ်းတမ်းလှတဲ့ ဂျုဒို သင်တန်းလေ့ကျင့်မှုတွေကြောင့် ကလေးငယ်ဟာ ကိုမာရခဲ့တာပါ။
တိုင်ပေတိုင်းမ်သတင်းဌာနအရ အဲဒီ ကလေးငယ်ရဲ့ ဂျုဒို သင်တန်းဆရာဖြစ်တဲ့ အသက် ၆၀ ကျော် အရွယ် အမျိုးသားတယောက်ကို ဒဏ်ရာအကြီးအမားရစေအောင် တိုက်ခိုက်ခဲ့မှုနဲ့ တရားစွဲထားတယ်လို့ သိရပါတယ်။ အရွယ်မရောက်သေးတဲ့သူတယောက်ကို ရာဇဝတ်မှုလုပ်ဖို့ အသုံးချခဲ့တယ်ဆိုတဲ့ အမှုနဲ့လည်း အဲဒီ သင်တန်းဆရာကို တရားစွဲထားပါတယ်။
ဒီသင်တန်းဆရာရဲ့ မိသားစု အမည်က ဟို လို့ သိထားကြရပြီး ဒီလအစောပိုင်းမှာ နယူးထိုင်ဝမ် ဒေါ်လာ ၁ သိန်း (အမေရိကန် ဒေါ်လာ ၃၅၈၃ နဲ့ညီမျှ) အာမခံနဲ့ အချုပ်ကနေ လွတ်လာ ခဲ့ပါတယ်။
အခု ကလေးငယ် သေဆုံးသွားပြီလို့ ဆိုတဲ့အချိန်မှာတော့ သင်တန်းဆရာကို တင်တဲ့ စွဲချက်မှာ သေဆုံးတဲ့အထိဒဏ်ရာရစေမှုနဲ့ သူ့ကို တရားလိုရှေ့နေတွေက ပြောင်းပြီးစွဲတင်ကြလိမ့်မယ်လို့ Taiwan News သတင်း ဝက်ဆိုဒ်မှာ ဖော်ပြထားပါတယ်။
တကယ်လို့သာ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်မယ်ဆိုရင် သူဟာ ထောင်ဒဏ် ၇ နှစ်ကနေ ထောင်ဒဏ် တသက် အထိကျခံနိုင်ဖွယ်ရာရှိတယ်လို့လည်း အဲဒီ သတင်းထဲမှာ ရေးသားထားပါတယ်။
လေးစားကြည်ညိုခြင်း
ဧပြီလ ၂၁ ရက်နေ့တုန်းက အဲဒီ ၇ နှစ်အရွယ်ကလေးငယ်ဟာ သူ့ ဦးလေးတယောက်ရဲ့ အစောင့်အရှောက်နဲ့အတူ ဂျုဒိုသင်တန်းတက်ခဲ့ပါတယ်။ သူ့ဦးလေးက ဂျုဒိုဟာ ကလေးငယ်နဲ့ မသင့်တော်တဲ့အကြောင်း သူ့မိခင်ကို ပြဖို့ အတွက် ကလေးက သင်တန်းမှာ ဘယ်လို သင်ကြားလေ့ကျင့်ရတယ်ဆိုတာကို ဗီဒီယိုရိုက်ခဲ့ပါတယ်။
ဂျုဒို လေ့ကျင့်ကြတဲ့အခါ ကလေးထက် အသက်ကြီးတဲ့ သင်တန်းသားတွေက ကလေးကို အကြိမ်များစွာ ကိုင်ပေါက်နေကြတာကို ဗီဒီယိုထဲမှာတွေ့ရပါတယ်။ သင်တန်းဆရာက အဲဒီ ကလေးကို ပြန်မတ်တပ်ရပ်ဖို့ ညွှန်ကြားပြီး ကလေးထက် အသက်ပိုကြီးတဲ့ တခြား သင်တန်းသား တွေကို ဒီကလေးကို ဆက်ဆက်ပြီး ကိုင်ပေါက်ကြဖို့ ညွှန်ကြားခဲ့ပါတယ်။ နောက်ပြီး သင်တန်းဆရာကိုယ်တိုင်လည်း ကလေးကို ကိုင်ပေါက်ခဲ့ပြန်ပါတယ်။
ကလေးက သတိလစ်သွားပါတယ်။ အဲဒီမှာ သူ့သင်တန်းဆရာက ကလေးကို သတိမေ့ချင် ယောင်ဆောင်တာလို့ ပြောတဲ့အကြောင်း ကလေးမိသားစုက စွပ်စွဲထားပါတယ်။
ဒါပေမယ့်ဒီနေရာမှာ မေးစရာပေါ်လာတာက ဘာဖြစ်လို့ သူ့ဦးလေးက သင်တန်းဆရာကို ဘာလို့မတားခဲ့သလဲ ဆိုတာပါ။ ဒါပေမယ့် ထိုင်ဝမ်က အကြောင်းတွေ သိတဲ့သူတွေက ထိုင်ဝမ်မှာ ဆရာ (ဆရာမ)ဆိုရင် လေးစားကြည်ညိုရတယ်ဆိုတဲ့ အစွဲကစွဲနေပြီး ဘယ်လိုအခြေအနေမျိုးမှာ မဆို သူတို့ရဲ့ ညွှန်ကြားမှုတွေကို လက်ခံကြတဲ့ သဘောဖြစ်နေ တယ်လို့ ပြောကြပါတယ်။
သူ့ဦးလေးဟာ “ဖြစ်နေတာတွေကိုကြည့်ပြီး တုန်လှုပ်ခဲ့တယ်” လို့ သူ့မိခင်က သတင်းထောက်တွေကို ပြောပါတယ်။
နောက်ပိုင်းမှာ ဒီသင်တန်းဆရာဟာ ခွင့်ပြုလိုင်စင်ရထားတဲ့ သင်တန်းဆရာ မဟုတ်ဘူး ဆိုတာကလည်း ပေါ်လာပါတယ်။
“အဲဒီနေ့က ကလေးကို ကျောင်းလိုက်ပို့တဲ့ မနက်ခင်းကို အမြဲအမှတ်ရနေတယ်”လို့ သူ့မိခင်က ပြောရင်း “ကလေးက ပြန်လှည့်ကြည့်ပြီး ပြောတယ် ‘မာမား ဘိုင့်ဘိုင်’တဲ့၊ အဲဒီညမှာပဲ အဲဒါက တကယ်ဖြစ်လာခဲ့တာပါရှင်။”
အင်္ဂါနေ့ ည ၉ နာရီအချိန်မှာတော့ ဖန်းယွမ် ဆေးရုံက ကလေးရဲ့ သွေးဖိအားတွေ၊ နှလုံးခုန်နှုန်း တွေ ကျလာပြီလို့ ထုတ်ဖော်ပြောလာပါတယ်။ ဆရာဝန်တွေက ကလေးမိသားစုနဲ့ ဆွေးနွေးပြီး တဲ့နောက်ပိုင်းမှာတော့ အသက်ထောက်ကူ ကိရိယာပစ္စည်းတွေကို ဖြုတ်ဖို့ သဘောတူလိုက် ပါတယ်။
ထိုင်ဝမ်က လူမှုမီဒီယာတွေမှာ လူအများအပြားက ဝမ်းနည်းပက်လက်ဖြစ်ခဲ့ကြပြီး “အခုတော့ ဝေဒနာတွေ မရှိတော့ဘူး၊ ညီငယ်လေး”လို့ ရေးတင်ကြပါတယ်။
သင်တန်းဆရာကို ပြင်းထန်တဲ့ ပြစ်ဒဏ်ချမှတ်ဖို့နဲ့ ကလေးရဲ့ မိဘတွေကို လျော်ကြေးပေးဖို့ကို တောင်းဆိုကြတာတွေကိုလည်း လူမှုမီဒီယာမှာတွေ့ရပါတယ်။








