အသစ်ထောင်မယ့် ဆူပါလိဂ်ထဲကနေ အင်္ဂလိပ်ဘောလုံးအသင်း ၆ သင်းစလုံး နုတ်ထွက်လိုက်

ဥရောပ ဆူပါလိဂ်၊ အင်္ဂလိပ်ဘောလုံးအသင်း

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ဥရောပဆူပါလိဂ်မှာ ပါတဲ့အတွက် ချယ်လ်ဆီးအသင်းကို ချယ်လီအသင်း အားပေးသူတွေ ကန့်ကွက်ဆန္ဒပြခဲ့ကြ

ESL ဥရောပ ဆူပါလိဂ်ထဲ ပါဝင်ပတ်သက်နေတဲ့ ပရီမီယာအသင်း ၆ သင်းစလုံး အခုအခါ နုတ်ထွက်သွားပြီ ဖြစ်ပါတယ်။

ဥရောပ ဆူပါလိဂ်ထဲကနေ နုတ်ထွက်ဖို့ စာရွက်စာတမ်းတွေ ပြင်ဆင်နေတယ်လို့ ချယ်လ်ဆီးအသင်းက အရိပ်အမြွက် ပြောခဲ့အပြီး မန်ချက်စတာ စီတီး အသင်းက ပထမဆုံး တရားဝင် နုတ်ထွက်သွားခဲ့တာပါ။

တခြားအသင်း ၄ သင်း ဖြစ်တဲ့ အာဆင်နယ်၊ လစ်ဗာပူးလ်၊ မန်ချက်စတာ ယူနိုက်တစ်နဲ့ တော့တနမ် အသင်းတွေလည်း အခုအခါ နုတ်ထွက်သွားကြပြီ ဖြစ်ပါတယ်။

အီတလီအသင်းဖြစ်တဲ့ အင်တာ မီလန်အသင်းကလည်း ဥရောပ ဆူပါလိဂ် စီမံကိန်းမှာ သူတို့ ပါဝင်ဖို့ စိတ်ဆန္ဒမရှိတော့တဲ့အတွက် နုတ်ထွက်တော့မယ်လို့ ဆိုပါတယ်။

အင်္ဂါနေ့ညက အပြောင်းအလဲတွေ အကြီးအကျယ် ဖြစ်ခဲ့အပြီးမှာ စီးရီး အေ ကလပ်က ဘောလုံးအသင်းတွေလည်း ဥရောပ ဆူပါလိဂ်ထဲကနေ ထွက်ဖို့ ပြင်နေကြပြီလို့ ဘီဘီစီက သိရပါတယ်။

အခုပြောခဲ့တဲ့ ဘောလုံးအသင်း ၇ သင်းနဲ့ အတူ စပိန် အသင်းတွေ ဖြစ်ကြတဲ့ အက်လက်တီကို မဒရစ်၊ ဘာစလိုးနား၊ ရီးယဲလ် မဒရစ်နဲ့ အီတလီ အသင်းတွေ ဖြစ်တဲ့ အေစီ မီလန်း၊ ဂျူဗန်းတပ်စ် တို့က အပြင်းအထန် ဝေဖန်ပြောဆိုမှုတွေရှိနေတဲ့ကြားက အသင်း ၁၂ သင်းပါ ဥရောပ ဆူပါလိဂ်ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဖွဲ့ခဲ့ကြတာ ဖြစ်ပါတယ်။

ဥရောပ ဆူပါလိဂ်၊ အင်္ဂလိပ်ဘောလုံးအသင်း
ဓာတ်ပုံ ပုံစာ, မန်ချက်စတာ ယူနိုက်တက် အိုးထရက်ဖို့ဒ်ကွင်း အပြင်ဖက်က ဆူပါလိဂ် ဆန့်ကျင်ရေး ပိုစတာတစ်ခု

မန်ချက်စတာ စီတီးအသင်းက ဥရောပ ဆူပါလိဂ် ကနေ နုတ်ထွက်ဖို့ လုပ်ထုံးလုပ်နည်းတွေကို သူတို့ တရားဝင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း အတည်ပြု ပြောပါတယ်။

လစ်ဗာပူးလ် အသင်းကလည်း ဥရောပ ဆူပါလိဂ်ထဲမှာ သူတို့ပါဝင်ပတ်သက်မှုတွေ ရပ်ဆိုင်းလိုက်ပြီလို့ ပြောပါတယ်။

မန်ချက်စတာ ယူနိုက်တက်က မန်ယူပရိသတ်၊ ယူကေ အစိုးရနဲ့ မန်ယူအသင်းမှာ ရှယ်ယာထည့်ဝင်ထားတဲ့ တခြား အရေးပါသူတွေရဲ့ တုံ့ပြန်ချက်ကို သူတို့ အသေအချာ နားထောင်ခဲ့ပြီး အခုလို နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တာလို့ ပြောပါတယ်။

အာဆင်နယ်အသင်းက သူတို့ အမှားလုပ်ခဲ့မိကြောင်း အိတ်ဖွင့်ပေးစာတစ်စောင်နဲ့ အာဆင်နယ် ပရိသတ်ကို တောင်းပန်ခဲ့ပြီး ပရိသတ်နဲ့ ဘောလုံးအသိုင်းအဝိုင်းရဲ့ စကားကို ကြားခဲ့အပြီး အခုလို နုတ်ထွက်လိုက်တာ ဖြစ်တယ်လို့ ရေးထားပါတယ်။

တော့တနမ် အသင်းဥက္ကဋ္ဌ ဒန်နီယယ် လက်ဗီက ဒီဥရောပ ဆူပါလိဂ် ဖွဲ့ဖို့ အဆိုပြုချက်ကြောင့် တော့တနမ် ပရိသတ်တွေ စိုးရိမ်ပူပန် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတဲ့အတွက် တော့တနမ်အသင်းအနေနဲ့ ဝမ်းနည်းရပါကြောင်း ထုတ်ဖော်ပြောခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းက ပြီးခဲ့တဲ့အပတ်နှောင်းပိုင်းကမှ သူတို့ ဝင်ခဲ့တဲ့ ဒီဥရောပ ဆူပါလိဂ်ထဲကနေ နုတ်ထွက်ဖို့ တရားဝင်နုတ်ထွက်ဖို့ လုပ်ထုံးလုပ်နည်းတွေအတိုင်း စလုပ်နေပြီလို့ အတည်ပြု ပြောပါတယ်။

အင်္ဂလိပ်ဘောလုံးအသင်းတွေ ဥရောပ ဆူပါလိဂ်ထဲမှာ မပါဖို့ ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်လို့ ယူကေ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က ကြိုဆိုလိုက်ပါတယ်။