မြောက်ကိုရီးယား စီးပွားရေး စီမံကိန်း မအောင်မြင်ဘူးလို့ ကင်ဂျုံအွန်းဆို

အာဏာရ ပြည်သူ့ပါတီ ကွန်ဂရက်မှာ ကင်ဂျုံအွန်း အဖွင့်မိန့်ခွန်းပြောခဲ့

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အာဏာရ ပြည်သူ့ပါတီ ကွန်ဂရက်မှာ ကင်ဂျုံအွန်း အဖွင့်မိန့်ခွန်းပြောခဲ့

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းက သူ့ရဲ့ ငါးနှစ် စီးပွားရေး စီမံကိန်းက "ကဏ္ဍတိုင်းလိုလိုမှာ"ရည်မှန်းချက်ကို မပြည့်မီခဲ့ဘူးလို့ ဝန်ခံပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယား သမိုင်းတလျောက်လုံးမှာ အခုအချိန်ထိ ၈ ကြိမ်သာ ကျင်းပခဲ့တာမို့ ဖြစ်တောင့်ဖြစ်ခဲလို့ ဆိုရမယ့် အာဏာရ ပြည်သူ့ပါတီ ကွန်ဂရက်မှာ မစ္စတာ ကင်က အဖွင့်မိန့်ခွန်းပြောခဲ့ပါတယ်။

နိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်သူ တစ်ယောက်မှမရှိဘူးလို့ ကြေညာထားတဲ့ မြောက်ကိုရီးယားဟာ ဗိုင်းရပ်စ်ပျံ့နှံ့လာမှာကို တားဆီးတဲ့အနေနဲ့ နယ်စပ်တွေကို မနှစ် ဇန်နဝါရီလကတည်းက ပိတ်ထားခဲ့ပါတယ်။

အဲဒီလို ပိတ်ထားတဲ့အတွက် သူ့ရဲ့မဟာမိတ်လည်းဖြစ် အိမ်နီးချင်းနိုင်ငံလည်းဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ သူတို့ ဝင်ထွက်မှု ပြတ်တောက်သွားပါတယ်။

နှစ်နိုင်ငံကြား ကုန်သွယ်ရေးက ၈၀% ကျဆင်းသွားခဲ့ပါတယ်။ အရင်ကတည်းက အရေးယူပိတ်ဆို့မှုတွေ အောက်မှာ ရှိနေတဲ့ မြောက်ကိုရီးယားမှာ တိုင်ဖွန်းမုန်တိုင်းတွေ၊ ရေကြီးတာတွေက အိုးအိမ်တွေ၊ သီးနှံတွေကို အကြီးအကျယ် ပျက်စီးစေခဲ့ပါတယ်။

မစ္စတာကင်အနေနဲ့ အခုလို အမှားကို ဝန်ခံပြောတာက လုပ်လေ့မရှိတာတော့ မဟုတ်ဘဲ ဒီ ဝန်ခံစကားပြောမှုဟာ သူ့ရဲ့ အမှတ် တံဆိပ်တွေထဲက တစ်ခုလို ချက်ချင်းဖြစ်သွားတယ် လို့ ဆိုးလ်ကနေ သတင်းတွေ ပို့တဲ့ ဘီဘီစီ သတင်းထောက် လော်ရာ ဘစ်ကာက ပြောပါတယ်။

ပြုံယမ်းမြို့တော်မှာ ကျင်းပတဲ့ ညီလာခံ ခန်းမကိုပြတဲ့ ရုပ်မြင်သံကြားပြကွက်မှာ ထောင်နဲ့ချီတဲ့ ပါတီကိုယ်စားလှယ်တွေတက်ရောက်တာကို တွေ့ရပြီး မစ္စတာ ကင် ရောက်လာတဲ့အခါ သူတို့က မတ်တပ်ရပ်ကာ လက်ခုပ်တီးပြီးဂုဏ်ပြုကြတာကို တွေ့ရပါတယ်။ သူတို့အားလုံးမှာ နှာခေါင်းစည်းကို ဘယ်သူမှ တပ်မထားကြတာလည်း တွေ့ရပါတယ်။

သူ့မိန့်ခွန်းထဲမှာ မစ္စတာကင်က ၂၀၁၆ မှာ သူကြေညာခဲ့တဲ့ ၅ နှစ် စီမံကိန်းဟာ "ကဏ္ဍအားလုံးလိုလိုမှာ ဆိုးဆိုးဝါးဝါး အောင်မြင်မှု မရခဲ့ဘူး"၊ အမှားတွေဖြစ်ခဲ့တာကို "ရဲရဲတင်းတင်းပဲ ဝန်ခံပါတယ်"လို့ ထည့်သွင်းပြောခဲ့ပါတယ်။

သူက ကိုယ့်ကိုယ်ကိုယ် အားကိုးရေးမူအတိုင်း ပိုပြီးအားစိုက်လုပ်ကြဖို့ကို တောင်းဆိုလိုက်ပြီး ကိုရိုနာဗိုင်းရပ်စ် ခြိမ်းခြောက်မှုကို တိုက်ပွဲဝင်ခဲ့တဲ့ ပါတီဝင်အလုပ်သမားတွေကို ချီးကျူးခဲ့ပါတယ်။

မြောက်ကိုရီးယားက သူတို့နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရတယ်လို့ သံသယရှိသူ ထောင်နဲ့ချီပြီးရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို အစီရင်ခံခဲ့ပေမယ့် ရောဂါဖြစ်တယ်လို့ အတည်ပြုနိုင်သူ တယောက်မှ မရှိဘူးလို့ ဆိုပါတယ်။

မစ္စတာ ကင်ဟာ အခုကွန်ဂရက်ကတဆင့် နောက် ၅ နှစ် စီမံကိန်း အသစ်ကို ကြေညာမယ်လို့ ခန့်မှန်းနေကြပါတယ်။

အမေရိကန်မှာ သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရတဲ့ ဂျိုးဘိုင်ဒန် အိမ်ဖြူတော်မှာ တာဝန်မယူခင် သီတင်း နှစ်ပတ်လောက် အလိုမှာ မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ အခုလို မိန့်ခွန်းထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။