စခရင်းရှော့ ရိုက်ယူတဲ့ ဆော့ဖ်ဝဲ သုံးပြီး ဝန်ထမ်းတွေကို စောင့်ကြည့်တယ်

Shibu Philip

ဓာတ်ပုံ ရင်းမြစ်, Shibu Philip

ဓာတ်ပုံ ပုံစာ, ရှီဘူ ဖိလစ်ရဲ့ ကုမ္ပဏီဟာ Hubstaff ဆိုတဲ့ ဆော့ဖ်ဝဲ ကို ပြီးခဲ့တဲ့ တစ်နှစ်ခွဲလုံး သုံးခဲ့ပါတယ်။

ရှီဘူ ဖိလစ်ရဲ့ ကုမ္ပဏီဟာ Hubstaff ဆိုတဲ့ ဆော့ဖ်ဝဲ ကို ပြီးခဲ့တဲ့ တစ်နှစ်ခွဲလုံး သုံးခဲ့ပါတယ်။ အလုပ်ချိန်မှာ ဘယ်လိုမျိုး အချိန်ဖြုန်းတတ်ကြသလဲ ဆိုတာကို သူသိထားတယ်လို့ ရှီဘူက ထုတ်ဖော် ဝန်ခံပါတယ်။

ရှီဘူ ဟာ အလှကုန်ပစ္စည်းတွေ လက်ကား ဝယ်ပြီး အွန်လိုင်းကနေ ပြန်ရောင်းတဲ့ Transcend ဆိုတဲ့ လန်ဒန်အခြေစိုက် ကုမ္ပဏီငယ်လေးတစ်ခုကို တည်ထောင်သူ ဖြစ်ပါတယ်။

သူ့ဝန်ထမ်းတွေ အလုပ်ဘယ်နှစ်နာရီ လုပ်သလဲ၊ ကွန်ပျူတာ ကီးဘုတ်ကို ဘယ်နှစ်ခါနှိပ်သလဲ၊ မောက်စ်ကို ဘယ်နှစ်ခါ ရွှေ့သလဲ၊ ဘယ်ဝက်ဆိုက်တွေကို သွားကြည့်သလဲ ဆိုတာတွေကို ခြေရာခံဖို့ အဲဒီ Hubstaff ဆော့ဖ်ဝဲ ကို ပြီးခဲ့တဲ့ တစ်နှစ်ခွဲ ကာလတစ်ခုလုံး သူသုံးခဲ့ပါတယ်။

အိန္ဒိယမှာ ဝန်ထမ်း ၇ ဦး ထားထားတဲ့အတွက် ဒီဆော့ဖ်ဝဲ က အတိုင်းအတာတစ်ခုအနေနဲ့ တာဝန်ယူ စောင့်ကြပ်ပေးနေသလို ဖြစ်ပြီး ဝန်ထမ်းတွေ အလုပ်လုပ်နေတဲ့ အိန္ဒိယနိုင်ငံနဲ့ သူနေတဲ့ လန်ဒန်မြို့အကြား အချိန်ကွာခြားမှု ပြဿနာကိုလည်း ကူညီ ဖြေရှင်းပေးတယ်လို့ သူကပြောပါတယ်။

"ကျွန်တော်ကိုယ်တိုင် သိတာပေါ့။ ဟိုနား ဒီနား ၁၀မိနစ်လောက် နားချိန် အပိုယူလို့ ရတယ်ဆိုတာကို။ ကျွန်တော့် ဝန်ထမ်းတွေ ဘာတွေ လုပ်နေကြသလဲဆိုတာကို အလိုအလျောက် စောင့်ကြည့်နေလို့ရတဲ့ နည်းတစ်ခု ရှိနေတာ ကောင်းတာပေါ့" လို့ သူက ပြောပါတယ်။

"စခရင်းရှော့တွေကို ကြည့်လိုက်တာနဲ့ ဝန်ထမ်းတစ်ယောက်ချင်းစီက အလုပ်တစ်ခုကို ဘယ်လောက် အချိန်ယူ လုပ်ကြသလဲ။ လုပ်ထုံးလုပ်နည်းတွေ အတိုင်း လိုက်နာကြသလား ဆိုတာ ကျွန်တော် သိနိုင်ပါတယ်"

"ပြီးတော့ ကျွန်တော် မျှော်လင့်ထားတာထက် ပိုကောင်းကောင်း လုပ်နိုင်တဲ့ ဝန်ထမ်းတွေတွေ့ရင် သူတို့ရဲ့ စခရင်းရှော့ ဓာတ်ပုံတွေကို ကျွန်တော် ပြန်လေ့လာပြီး သူတို့ သိသမျှကို ကျန်တဲ့ ဝန်ထမ်းတွေကို ပြန်ဝေမျှခိုင်းပါတယ်။ ဒါမှ ကျွန်တော်တို့အားလုံး တိုးတက်လာမှာလေ" လို့ သူက ပြောပြပါတယ်။

"ဒီဆော့ဖ်ဝဲ သုံးနေတယ် ဆိုတာကို ဝန်ထမ်းတွေက အပြည့်အဝ သိထားကြပြီး ဥပမာ သူတို့ နားချိန်အတွင်း ဝက်ဆိုက် ကြည့်နေတဲ့အချိန်တွေကို ဆော့ဖ်ဝဲ က မတော်တဆ မှတ်တမ်းတင်မိသွားရင် သူတို့ ပြန်ဖျက်ပစ်လို့ ရပါတယ်"လို့ ရှီဘူက ပြောပါတယ်။

အိမ်ကနေ အလုပ်အချောင်ခိုသူတွေလား

အခု ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလကြီးမှာ လူတွေ အတော်များများ အိမ်ကနေပဲ အလုပ်လုပ်နေကြရချိန်မှာ အလုပ်ရှင်တွေက ဒီလို စောင့်ကြည့် ဆော့ဖ်ဝဲတွေကို ဝယ်လိုအား ထိုးတက်လာခဲ့ပါတယ်။

အမေရိကန်အခြေစိုက် Hubstaff ဆော့ဖ်ဝဲ ကုမ္ပဏီက သူ့ယူကေဖောက်သည် အရေအတွက်ဟာ ဖေဖော်ဝါရီလက စလို့ မနှစ်ကထက် ၄ ဆ ပိုများလာတယ်လို့ ပြောပါတယ်။

Sneek ဆိုတဲ့ နောက်ကုမ္ပဏီတစ်ခုကလည်း ဝန်ထမ်းတွေရဲ့ ဓာတ်ပုံတွေကို သူတို့ရဲ့ လက်ပ်တော့ပ် ကွန်ပျူတာကနေ ရိုက်ယူပြီး လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းတွေ ကြည့်ဖို့ ပို့ပေးတဲ့ နည်းပညာကို သုံးထားပါတယ်။

အဲဒီကုမ္ပဏီက ဆက်သွယ်ရေး ပလက်ဖောင်းတစ်ခုပါလို့ သူ့ကိုယ်သူ ဖော်ညွှန်းထားပေမဲ့ မိနစ်တိုင်းမှာ ဓာတ်ပုံရိုက်ယူနိုင်ပြီး "ဒီ App သုံးတဲ့သူတိုင်း အလုပ်ရှင်ဖြစ်ဖြစ် အလုပ်သမားဖြစ်ဖြစ် အတွေ့အကြုံ အတူတူ ရကြမှာ ဖြစ်တယ်"လို့ ပြောပါတယ်။

အဲဒီကုမ္ပဏီကို ပူးတွဲ တည်ထောင်သူ ဒယ်လ် ကာရီ က လော့ခ်ဒေါင်းကာလအတွင်း သူတို့ ဆော့ဖ်ဝဲကို သုံးသူ ၅ ဆ တိုးလာခဲ့ပြီး စုစုပေါင်း ၂၀၀၀၀ နီးပါး ရှိနေပြီလို့ ဆိုပါတယ်။

Cardiff တက္ကသိုလ်နဲ့ Southampton တက္ကသိုလ်တွေက ပညာရှင်တွေရဲ့ မကြာသေးခင်က လေ့လာခဲ့ချက်တစ်ခုအရ တကယ်တမ်းမှာ လော့ခ်ဒေါင်းကြောင့် အလုပ်ရလဒ်အပေါ် အများကြီး ထိခိုက်မယ့်ပုံ မရှိပေမဲ့လည်း အလုပ်ရှင်တွေအကြား တူညီတဲ့ စိုးရိမ်မှုတစ်ခုက ဝန်ထမ်းတွေ သူတို့နောက်ကွယ်မှာ အလုပ်မလုပ်ဘဲ ရေသာခိုကြမှာကို ဖြစ်တယ် ဆိုတာ တွေ့ခဲ့ရပါတယ်။

ဒါ့အပြင် အိမ်ကနေ အလုပ်လုပ်သူ ဝန်ထမ်းတွေရဲ့ သုံးပုံတစ်ပုံကလည်း သူတို့ရဲ့ လုပ်နိုင်အား ကျဆင်းသွားတယ်လို့ ယူဆနေကြကြောင်း လေ့လာချက်မှာ ဖော်ပြပါတယ်။

ဒါပေမဲ့ ဒီနည်းပညာက အလုပ်ရေသာခိုသူတွေကို အမိဖမ်းနိုင်မှာပါလား။ ဒါမှမဟုတ် ကိုယ့်အလုပ်ကို အိမ်မီးဖိုချောင် စားပွဲကနေ အချိန်ပြည့် ပြောင်းလုပ်ဖို့ မနည်းကြိုးစားနေရသူတွေကို အထောက်အကူ ပေးနိုင်မှာပါလား။

ဓာတ်ပုံဆရာ ဂျော့ဂျ်
ဓာတ်ပုံ ပုံစာ, မီးဖိုချောင်ထဲမှာ ယာယီ စတူဒီယိုခန်းတစ်ခု ဆောက်ရတာက သူ့အတွက် အဆင်မပြေ ဖြစ်ရသလို အလုပ်လုပ်ချင်စိတ် ရှိလာဖို့လည်း မနည်း ကြိုးစားနေရပါတယ်။

လန်ဒန်မြို့က အသက် ၂၆ နှစ်အရွယ် ဓာတ်ပုံဆရာ ဂျော့ဂျ်ကတော့ အိမ်ကနေ အလုပ်လုပ်ရတာနဲ့ ပတ်သက်လို့ အခက်ခဲဆုံးက သူရဲ့ လုပ်နိုင်အား ကျဆင်းသွားမှု ဖြစ်တယ်လို့ ထုတ်ဖော် ဝန်ခံပါတယ်။

တခြားသူတွေနဲ့ အတူတူ ငှားနေနေတဲ့ အိပ်ခန်း ၃ ခန်းပါ တိုက်ခန်းရဲ့ မီးဖိုချောင်ထဲမှာ ယာယီ စတူဒီယိုခန်းတစ်ခု ဆောက်ရတာက သူ့အတွက် အဆင်မပြေ ဖြစ်ရသလို အလုပ်လုပ်ချင်စိတ် ရှိလာဖို့လည်း မနည်း ကြိုးစားနေရပါတယ်။

"တချို့နေ့တွေမှာ အားလုံး အဆင်ပြေပြေ ဖြစ်ပေမဲ့ တချို့နေ့တွေမှာတော့ ငေးမိငေးရာ ငုတ်တုတ်ထိုင်ငေးရင်း ဒီအလုပ်ကို ငါတော့ လုပ်နိုင်မှာ မဟုတ်ဘူးလို့ တွေးနေမိတတ်ပါတယ်။ တခြားလုပ်စရာ ရှိတဲ့ အိမ်မှုကိစ္စတွေ ထလုပ်မိတာမျိုး ဒါမှမဟုတ် လ္ဘက်ရည် ထဖျော်သောက်တာမျိုးတွေ လုပ်မိဖို့က အရမ်းလွယ်ပါတယ်။ အလုပ်ကနေ တခြားကို အာရုံရောက်ဖို့က သိပ်ကို လွယ်ပါတယ်"

သူ့ကို နောက်ယောင်ခံစောင့်ကြည့်တဲ့ ဆော့ဖ်ဝဲ သူ့အလုပ်ရှင်က မတပ်ထားတဲ့အတွက် သူက အရမ်းကို ကျေးဇူးတင်နေမိပါတယ်။

"လုပ်ချင်ကိုင်ချင်စိတ် ကုန်ခမ်းနေတဲ့ ရက်မျိုးတွေမှာ တကယ်လို့များ ကျွန်တော့်ရဲ့ လုပ်ရည်ကိုင်ရည်ကို တစ်ယောက်ယောက်က စောင့်ကြည့်နေတယ်ဆိုတာ သိရင် ကျွန်တော် အရမ်း အားနာမိမှာပဲ" လို့ ဂျော့ဂျ် က ပြောပါတယ်။

ဂျော့ဂျ်က သူ့မှာ ADHD လို့ခေါ်တဲ့ အာရုံစူးစိုက်မှု အားနည်းပြီး အငြိမ်မနေနိုင်တဲ့ ရောဂါ ရှိနေတယ်လို့ သူ့ကိုယ်သူ ထင်နေပါတယ်။ ဆေးစစ်ဖို့ စောင့်နေရဆဲ ဖြစ်ပေမဲ့ သူ့မှာ ဒီရောဂါ ရှိနေတယ်လို့ ဆရာဝန်ကလည်း ယူဆပါတယ်။

မကြာသေးခင်က အလုပ်ပြန်သွားတော့ လူတွေ အချင်းချင်း မျက်နှာချင်းဆိုင် ပြောဆို ဆက်ဆံရတာကို သူတန်ဖိုးထားတတ်လာပါတယ်။

နောက်ယောင်ခံစောင့်ကြည့်တာကို အချိုးအစား မျှမျှလုပ်သင့်

ဒီလို စောင့်ကြည့်တဲ့ ဆော့ဖ်ဝဲမျိုး သုံးတဲ့ အလုပ်ရှင်တချို့က ဒါဟာ အလုပ်လုပ်နှုန်း ဆက်ထိန်းထားနိုင်ဖို့အတွက် အသုံးကျတယ်လို့ ပြောနေပေမဲ့ CIPD ဝန်ထမ်းရေးရာနဲ့ ဖွံဖြိုးရေးဌာနကတော့ အလုပ်ခွင်တွေမှာ နောက်ယောင်ခံ စောင့်ကြည့်တာဟာ ယုံကြည်မှုကို ထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။

"ဝန်ထမ်းတွေရဲ့ အပြုအမူတွေကို လိုက်စောင့်ကြည့်တာဟာ မလျော်မကန် လုပ်ဆောင်မှုတွေကိုလျှော့ချဖို့ မှန်ကန်တဲ့ နည်းလမ်းတစ်ခု ဖြစ်နိုင်ပြီး စီမံခန့်ခွဲမှုတွေ ပိုကောင်းလာနိုင်ရေးမှာ အထောက်အကူ ပြုနိုင်တယ်"လို့ CIPD ဌာနရဲ့ လုပ်ငန်းပိုင်း အမူအကျင့် လေ့လာရေးထိပ်တန်းအကြံပေး ပုဂ္ဂိုလ် ဂျော်နီ ဂစ်ဖို့ဒ် က ပြောပါတယ်။

"ဒါပေမဲ့လည်း သူတို့ ဘယ်လို စောင့်ကြည့်ခံနေရတယ် ဆိုတာကို အလုပ်သမားတွေ သိစေဖို့ အလုပ်ရှင်တွေဘက်က ရှင်းလင်းတဲ့ ပေါ်လစီတွေ ချပြထားရမှာ ဖြစ်ပြီး အရေးအကြီးဆုံးက အချိုးအစား မျှဖို့ လိုတယ်" လို့ သူက ပြောပါတယ်။

"ကွန်ပြူတာ ကီးဘုတ် ဘယ်နှစ်ခါ နှိပ်သလဲဆိုတာမျိုးလို သိပ်မဆိုင်တဲ့ ကိစ္စမျိုးတွေမှာ အာရုံစိုက် စောင့်ကြည့်တာမျိုးထက်" ဝန်ထမ်းတွေကို အားပေးကူညီခြင်းအားဖြင့် အလုပ်ရှင်တွေအနေနဲ့ "အများကြီး ပိုကောင်းတဲ့ ရလဒ်တွေ" ရလာလိမ့်မယ်လို့ ဆိုပါတယ်။

ယူကေနိုင်ငံအခြေစိုက် TLT ဥပဒေ အကျိုးဆောင်ကုမ္ပဏီနဲ့ မိတ်ဖက် လုပ်ကိုင်နေသူ ဂျော်နသန် ရန်နီ ကလည်း ဒီလို ဆော့ဖ်ဝဲမျိုးတွေ သုံးဖို့ စဉ်းစားနေတဲ့ ကုမ္ပဏီတွေကို သတိထားကြဖို့ တိုက်တွန်းလိုက်ပါတယ်။

"အလုပ်သမားတွေရဲ့ ယုံကြည်မှုနဲ့ စိတ်ချမှုကို ဆက်ထိန်းထားနိုင်ဖို့အတွက် အလုပ်ရှင်တွေမှာ ဥပဒေကြောင်းအတိုင်း လိုက်နာဆောင်ရွက်ရမယ့် တာဝန်ရှိပါတယ်။ နောက်ယောင်ခံ စောင့်ကြည့်တဲ့ ဆော့ဖ်ဝဲတွေကနေ တွေ့ရှိရချက်တွေအပေါ် တုံ့ပြန်ရာမှာလည်း သတိထားဖို့ လိုပါတယ်"လို့ သူက ပြောပါတယ်။

နောက်ယောင်ခံ စောင့်ကြည့်တဲ့ ဆော့ဖ်ဝဲတွေကို အသုံးပြုနေတဲ့ ကုမ္ပဏီတွေအနေနဲ့ ဒီဆော့ဖ်ဝဲတွေကို ဘယ်လို၊ ဘာ့ကြောင့် သုံးမှာလဲဆိုတာကို ရှင်းပြထားတဲ့ ပေါ်လစီ ထုတ်ပြန်ချက်တွေ ရှိထားသင့်တယ်လို့ သူက အကြံပြုပါတယ်။

ဒါ့အပြင် တလွဲအသုံးချတာမျိုး ဒါမှမဟုတ် "လိုတာထက်ပိုပြီး နောက်ယောင်ခံ စောင့်ကြည့်တာမျိုး" တွေကို တားဆီးနိုင်ဖို့ စည်းမျဉ်းဆောင်ရွက်ချက်တွေ၊ မန်နေဂျာတွေအတွက် ရှင်းလင်းတိကျတဲ့ လမ်းညွှန်ချက်တွေ ချမှတ်ထားဖို့ လိုတယ်လို့ သူက ပြောပါတယ်။