စစ်အေးတိုက်ပွဲ ကာလထဲ ကမ္ဘာကြီး ရောက်လာနေပြီလား

- ရေးသားသူ, လော်ရာ ထရက်ဗယ်လ်ယန်၊
- ရာထူးတာဝန်, ဘီဘီစီသတင်း၊ နယူးယောက်
ကုလသမဂ္ဂအဖွဲ့ကြီး ၇၅ နှစ်တင်းတင်း ပြည့်ပြီဖြစ်ပေမဲ့ ဒုတိယကမ္ဘာစစ်ကြီးအပြီး သူတည်ဆောက်ခဲ့တဲ့ ကမ္ဘာတဝန်း တည်ငြိမ်အေးချမ်းမှု အဆောက်အဦ ကတော့ ယိုင်နဲ့နဲ့ ဖြစ်လာနေပါတယ်။
နိုင်ငံပေါင်းစုံ ပါဝင် တည်ဆောက်ထားတဲ့ ကမ္ဘာ့အဆောက်အဦကြီး အကြီးအကျယ် ယိုယွင်းလာနေပြီလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းက သုံးသပ်ပါတယ်။
သမ္မတ ထရမ့်ရဲ့ "အမေရိကန်သာ ပထမ" ဆိုတဲ့ နိုင်ငံခြားရေး မူဝါဒအရ ပဲရစ်မြို့ ရာသီဥတု ပြောင်းလဲမှု သဘောတူချက်ကအစ အီရန် နျူကလီးယား သဘောတူချက်အထိ နိုင်ငံပေါင်းစုံရဲ့ သဘောတူညီချက်တွေအပေါ် အမေရိကန်က ဂရုမစိုက်တဲ့ပုံ တွေ့နေရချိန်မှာ တရုတ်က ကုလသမဂ္ဂကို ထောက်ခံအားပေးတဲ့ နိုင်ငံသစ်အဖြစ် သိသိသာသာ နေရာဝင်ယူလာခဲ့ပါတယ်။
ဒါပေမဲ့ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု ကြီးထွားလာတာကလည်း ဆိုးကျိုးတွေ ရှိလာနေပြီး တကယ်လို့ တရုတ်အစိုးရက ကမ္ဘာ့ကျန်းမာရေး အဖွဲ့လို ကုသမဂ္ဂ လက်အောက်ခံ အဖွဲ့မျိုးကို ရန်ပုံငွေတွေ ပုံအော ပေးနေတယ်ဆိုရင်တော့ သူ့ဘက်က ပြောပိုင်ခွင့်တွေ ပိုလိုချင်လာပါလိမ့်မယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ရှ်က ကုလသမဂ္ဂ လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေခံကာလ အကြောင်း ထုတ်ဖော်ပြောသွားခဲ့ပါတယ်။ ကုလသမဂ္ဂအဖွဲ့ကြီးကို တည်ဆောက်ခဲ့သူတွေဟာ စစ်ပွဲတွေနဲ့ အစောပိုင်း ကပ်ရောဂါဘေးကြီး တစ်ခုကို ဖြတ်သန်းခဲ့ရတဲ့အတွက် နိုင်ငံအချင်းချင်း ညီညွတ်မှုတန်ဖိုးကို နားလည် သဘောပေါက်ကြတယ်လို့ သူက ပြောပါတယ်။
အမေရိကန်နဲ့ တရုတ် ရန်ဘက် ဖြစ်နေတဲ့အတွက် ကမ္ဘာကြီး တည်ငြိမ်မှုကို ရိုက်ခတ်လာစေမှာကို ကမ္ဘာ့ ခေါင်းဆောင် တွေက စိုးရိမ်နေကြတာပါ။
ပြင်သစ်သမ္မတ အီမန်ဝဲလ် မက်ခရွန်း ကြိုတင်ရိုက်ကူး ပေးပို့လိုက်တဲ့ မိန့်ခွန်းထဲက လေသံကို ကြည့်ရင် ဒီကိစ္စအပေါ် အလေးအနက် စိုးရိမ်နေတယ်ဆိုတာကို ဖုံးကွယ်လို့ မရပါဘူး။ တရုတ်နဲ့ အမေရိကန်ရဲ့ အားပြိုင်မှုကြားမှာ ကမ္ဘာနိုင်ငံတွေ ကြားညပ်နေလို့ မဖြစ်ဘူးလို့ သူက ပြောသွားပါတယ်။
ကုန်သွယ်ရေးကအစ နည်းပညာပိုင်းအထိ ထိပ်တိုက်တွေ့နေကြတဲ့ သူတို့ နှစ်နိုင်ငံအကြား အားပြိုင်မှုဟာ တဖြည်းဖြည်းနဲ့ ရန်လိုမှုတွေ ကြီးထွားလာခဲ့ပါတယ်။ သမ္မတထရမ့်ဆိုရင် တရုတ်ဗိုင်းရပ်စ်ကို စုပေါင်း ဆန့်ကျင်ကြပါ ဆိုပြီး သူ့ရဲ့ သမ္မတရာထူး အရှိန်အဝါကို သုံးပြီး ကမ္ဘာ့စင်မြင့်ပေါ်ကနေ အာဘောင်အာရင်းသန်သန်နဲ့ စည်းရုံးပြောခဲ့ပါတယ်။
အမေရိကန် ရွေးကောက်ပွဲ ကျင်းပဖို့က ရက်ပေါင်း ၄၀ တောင် မကျန်တော့ပါဘူး။ သမ္မတထရမ့်ရဲ့ မဲဆွယ် စည်းရုံးမှုတွေမှာ အဓိက ပြောဆိုနေမှုတွေက တရုတ်အစိုးရအပေါ် ပြင်းပြင်းထန်ထန် ဝေဖန် ထိုးနှက်နေမှုတွေ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအပေါ် သူ့ရဲ့ကိုင်တွယ်ပုံနဲ့ ပတ်သက်လို့ အများရဲ့ ဝေဖန်နေမှုတွေကို လမ်းလွှဲဖို့ ကြိုးစားတဲ့အနေနဲ့ သမ္မတထရမ့်က ဒီဗိုင်းရပ်စ်ဟာ တရုတ်က ပို့လိုက်တာလို့ စွပ်စွဲ ပြောဆိုနေပါတယ်။
ကမ္ဘာ့ အင်အားကြီး နှစ်နိုင်ငံ ဖြစ်တဲ့ တရုတ်နဲ့ အမေရိကန်အကြား အားပြိုင်မှုဟာ စစ်ရေးပဋိပက္ခတွေအထိ ဖြစ်လာနိုင်ပါလား။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကတော့ ရှေ့ရေးအလားအလာအတွက် စိုးရိမ်နေပြီး နောက်ထပ် စစ်အေးတိုက်ပွဲကြီး တစ်ခု ဖြစ်လာနိုင်တယ်လို့ သတိပေးနေပါတယ်။
"အင်မတန် အန္တရာယ်များတဲ့ လမ်းကြောင်းတစ်ခုဆီ ကျွန်တော်တို့ ဦးတည်နေပါတယ်။ ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံကြီး နှစ်ခုက ကမ္ဘာကြီးကို နှစ်ခြမ်းကွဲသွားအောင် လုပ်မယ် ဆိုရင် အနာဂတ်အခြေအနေ ကောင်းနိုင်မှာ မဟုတ်တော့ပါဘူး။
သူတို့နိုင်ငံတွေက သူတို့ကိုယ်ပိုင် ကုန်သွယ်ရေး၊ စီးပွားရေး စည်းမျဉ်းဥပဒေတွေ ချမှတ်ထားသလို အင်တာနက်နဲ့ AI ဉာဏ်ရည်တု လုပ်နိုင်စွမ်းအားတွေလည်း ကိုယ်စီ ကြီးထွားကြတယ်။
နည်းပညာပိုင်းနဲ့ စီးပွားရေးပိုင်း ဆိုင်ရာ သဘောထားကွဲလွဲမှုတွေကနေ ပထဝီဒေသအလိုက် နည်းဗျူဟာပိုင်းနဲ့ စစ်ရေးအပိုင်းတွေမှာ သဘောထား ကွဲလွဲမှုကြီး မလွှဲမသွေ ဖြစ်လာနိုင်မယ့် အန္တရာယ်မျိုး ရှိလာနိုင်ပါတယ်။ ဒီလိုဖြစ်မလာအောင် ကျွန်တော်တို့ ရတဲ့နည်းနဲ့ ရှောင်ရှား ကြဖို့ လိုပါတယ်"

ဓာတ်ပုံ ရင်းမြစ်, Reuters
ဒီလိုကြီးမားတဲ့ အက်ကြောင်းကြီးတစ်ခု ဖြစ်လာခဲ့ရင် ဆိုတဲ့ အကျိုးဆက်တွေအကြောင်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြောဆိုခဲ့ကြတာကို ကြည့်ခြင်းအားဖြင့် ကမ္ဘာကြီး ဘယ်လောက်တောင် အလျင်အမြန် ပြောင်းလဲလာနေသလဲ၊ ဒါကို အမီလိုက်နိုင်ဖို့ သံတမန်တွေက ဘယ်လောက်တောင် အသည်းအသန် ကြိုးပမ်းနေကြသလဲ ဆိုတာ ပေါ်လွင်နေပါတယ်။
ဗီဒီယိုကနေတဆင့် အခြေအတင် ဆွေးနွေးခဲ့ကြတဲ့ အဲဒီ အစည်းအဝေးမှာ တရုတ်သမ္မတ ရှီကျင့်ဖျင် က "တရုတ်နိုင်ငံအနေနဲ့ ဘယ်နိုင်ငံနဲ့မှ စစ်အေးစစ်ပွဲပဲ ဖြစ်ဖြစ်၊ စစ်ပူစစ်ပွဲပဲ ဖြစ်ဖြစ် ဘာစစ်ပွဲကိုမှ ဆင်နွှဲဖို့ ရည်ရွယ်ချက် မရှိပါဘူး"လို့ ထုတ်ဖော်ကြေညာသွားခဲ့ပါတယ်။
သမ္မတထရမ့်ရဲ့ အစိုးရလက်ထက်မှာ အမေရိကန်နိုင်ငံဟာ တရုတ်နဲ့ တင်းမာမှုတွေ ပိုကြီးထွားလာခဲ့ပြီး ဘယ်လို အခြေအနေမျိုးထိ ဆိုက်ရောက်လာမလဲဆိုတာ ခန့်မှန်းဖို့ ခက်တဲ့ အခြေအနေမျိုးထိ ရောက်လာခဲ့ပါတယ်။
ကုလသမဂ္ဂမှာ အခြေအတင် ဆွေးနွေးပြောဆိုကြတဲ့အခါတိုင်း အမြဲပဲ ဝရုန်းသုန်းကား ဖြစ်တာ တွေ့ရလေ့ ရှိတယ်လို့ ဝါရင့် သံတမန်တစ်ဦးက အင်္ဂါနေ့တုန်းက ဘီဘီစီကို ပြောပြခဲ့ပါတယ်။
ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေ အတူတကွ စုဝေးတွေ့ဆုံကြတဲ့အခါ ပျူပျူငှာငှာ လက်ဆွဲနှုတ်ဆက်ကြ၊ သီးသန့်တွေ့ဆုံကြပြီး တကယ့် သံတမန်ရေးကိစ္စတွေ ပြီးမြောက်လေ့ ရှိပါတယ်။ အခုဒီဆွေးနွေးပွဲမှာတော့ ဘယ်ခေါင်းဆောင်က အာဏာရှိသလဲ၊ ဘယ်ခေါင်းဆောင်က တကယ်တမ်းမှာ ကိုယ့်ကိုယ်ကျိုးထက် ပိုစဉ်းစားသလဲ ဆိုတာ ကြွားလုံးတွေ ထုတ်နေကြပြီး ဝရုန်းသုန်းကားတွေ ဖြစ်နေခဲ့တယ်လို့ အဲဒီ သံတမန်ကြီးက စိတ်မကောင်းစွာ ပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, European photopress agency

ဒီကပ်ရောဂါဆိုးကြီးက ကမ္ဘာကြီးရဲ့ မမျှတမှုကို အမြတ်ထုတ်သွားခဲ့တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က သုံးသပ်ရှုမြင်ပါတယ်။
"လူတွေ ထိခိုက်နစ်နာနေကြတယ်။ ကမ္ဘာကြီး ပူလောင်နေတယ်"လို့ မစ္စတာ ဂူတားရက်ရှ်က ပြောသွားခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကို ရှေ့လျှောက် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရဖို့ ရှိတယ် ဆိုတဲ့ သတိပေးချက်တစ်ခု၊ အစမ်းလေ့ကျင့်မှုတစ်ခု အနေနဲ့ ရှုမြင်ကြဖို့ ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေကို ပန်ကြားခဲ့ပါတယ်။
သွေးစည်းညီညွတ်မှုဟာ နိုင်ငံတိုင်းရဲ့ အကျိုးကိစ္စ ဖြစ်တယ်လို့ မစ္စတာ ဂူတားရက်ရှ် ပြောသွားခဲ့အပြီး တစ်နာရီအတွင်းမှာပဲ သမ္မတ ထရမ့်က နိုင်ငံ့ခေါင်းဆောင်တွေအားလုံး မစ္စတာ ဂူတားရက်ရှ်ရဲ့ ဥပမာ ပြောဆိုမှုအတိုင်း လိုက်နာပြီး ကိုယ့်တိုင်းပြည်အကျိုးကို ပထမ ဦးစားပေး လုပ်သင့်တယ်လို့ ကြေညာပြောဆိုသွားခဲ့ပါတယ်။
တကယ်လို့များ သမ္မတထရမ့်သာ ပြန်အရွေးခံရရင်တော့ သူ့ရဲ့ ကိုယ့်နိုင်ငံတစ်ခုတည်းရဲ့ အကျိုးစီးပွားစနစ်အကြောင်း တဖက်သတ် ပြောဆိုမှုတွေ ပိုရှိလာမှာ ဖြစ်ပြီး ကုလသမဂ္ဂ အဖွဲ့ကြီးဟာလည်း အမေရိကန်အစိုးရရဲ့ ဘေးဖယ်ထားမှုကို နောက်ထပ် ကြုံလာရဖွယ် ရှိနေပါတယ်။နေတိုးကို ပေးထားတဲ့ အမေရိကန်ရဲ့ ကတိ ခံဝန်ချက်တွေကရော လျော့ကျသွားဖွယ် ရှိနေပါလား။
တကယ်လို့သာ ဂျိုးဘိုင်ဒန် သမ္မတအဖြစ် အရွေးခံရမယ်ဆိုရင်တော့ အမေရိကန်နဲ့ တရုတ်အကြား တင်းမာမှုတွေ လျော့ကျသွားနိုင်ပါတယ်။ ဒါပေမဲ့ အမေရိကန်နဲ့တရုတ် အကြား အခြေခံအားဖြင့်တော့ ပြိုင်ဘက်တွေ ဖြစ်နေဦးမှာပါ။
ကမ္ဘာကြီးက ဦးတည်ချက်တွေ ပြောင်းလာနေတာမို့ အရင်ကလို နိုင်ငံပေါင်းစုံ ပါဝင်ရေး အစဉ်အလာကို အခုချိန်မှာ ဘယ်လို ဆက်ထိန်းထားမလဲ၊ ဘယ်သူက ဦးဆောင်လုပ်မလဲ ဆိုတာကတော့ မေးခွန်းထုတ်စရာ ဖြစ်လာနေပါပြီ။








