ပင်လယ်ထဲ နှစ်လမျောနေတဲ့ ရိုဟင်ဂျာ ၂၇၀ ကို မလေးရှားထိန်းသိမ်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကိုရိုနာဗိုင်းရပ်စ် လော့ခ်ဒေါင်းကြောင့် ကမ်းမကပ်နိုင်ဘဲ ပင်လယ်ပြင်ထဲ နှစ်လ နီးပါး မျောနေတဲ့ စက်လှေပေါ်က ရိုဟင်ဂျာ ဒုက္ခသည် ၂၇၀ နီးပါးကို မလေးရှားကမ်းရိုးတန်းစောင့် တပ်ဖွဲ့က ထိန်းသိမ်းလိုက်ပါတယ်။
အဲဒီလူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းကနေ ဧပြီလ အစောပိုင်းက ထွက်ပြေးလာခဲ့ကြတာပါ။ ဒါပေမဲ့ ကမ်းကပ်ခွင့် မကြုံခဲ့ကြပါဘူး။
တနင်္လာနေ့တုန်းက ပျက်နေတဲ့ သူတို့ရဲ့စက်လှေကို မလေးရှား ကမ်းရိုးတန်းစောင့် တပ်ဖွဲ့က ရပ်တန့်တားဆီးတဲ့အခါ ဒုက္ခသည်အတော်များများက ပင်လယ်ထဲ ခုန်ချပြီး ကမ်းဆီကို ရေကူးပြေးဖို့ ကြိုးစားခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးစစ်ဆင်မှုတွေကြောင့် လတ်တလောနှစ်တွေအတွင်းရိုဟင်ဂျာ အများအပြား မြန်မာနိုင်ငံထဲကနေ ထွက်ပြေးလာကြပါတယ်။
အတော်များများက အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြပြီး ကော့ဆက်ဘဇား ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြပါတယ်။ အဲဒီမှာ ရိုဟင်ဂျာ တစ်သန်းလောက် နေထိုင်နေပါတယ်။
တချို့က အရှေ့တောင်အာရှ ဒေသတွင်း မွတ်ဆလင်တိုင်းပြည်တစ်ခု ဖြစ်တဲ့ မလေးရှားနိုင်ငံဆီ သွားဖို့ ကြိုးစားခဲ့ကြပါတယ်။ မလေးရှားနိုင်ငံဟာ ဒေသတွင်းမှာ ခိုလှုံနေထိုင်ဖို့ ကောင်းတဲ့ နိုင်ငံတစ်ခုအဖြစ် ယူဆလာနေကြတာပါ။
အစောပိုင်းနှစ်တွေတုန်းက လူမှောင်ခိုတွေက ရိုဟင်ဂျာ ထောင်သောင်းပေါင်း ချီပြီး မလေးရှားနိုင်ငံထဲခိုးသွင်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ကိုဗစ်-၁၉ ရောဂါကို အကြောင်းပြပြီး ဒုက္ခသည် စက်လှေတွေကို ကမ်းကပ်ခွင့် ပြုဖို့ မလေးရှားက ငြင်းဆန်နေပါတယ်။
လှေတွေကို ပြန်လှည့်ခိုင်းခဲ့
တနင်္လာနေ့တုန်းက လန်ကာဝီ အပန်းဖြေကျွန်းနားမှာ ရွှေ့ပြောင်းဒုက္ခသည်တွေရဲ့ စက်လှေလို့ ယူဆရတဲ့ လှေတစ်စင်းကို မလေးရှား ကမ်းရိုးတန်းစောင့် သင်္ဘောက လှမ်းတွေ့ခဲ့ပြီး နိုင်ငံတကာ ရေပိုင်နက်ထဲ တွန်းပို့ခဲ့တယ်လို့ AFP သတင်းမှာ ဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့ ကမ်းရိုးတန်းစောင့် တပ်ဖွဲ့သင်္ဘော ကပ်လာချိန်မှာ စက်လှေပေါ်က ရိုဟင်ဂျာ ၅၃ ယောက် ပင်လယ်ထဲ ခုန်ချ ထွက်ပြေးခဲ့ပါတယ်။ မလေးရှား ရေကြောင်းကင်းလှည့် အထူးတပ်ဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ နောက်ထပ် ရိုဟင်ဂျာ ၂၁၆ ယောက်ကို စက်လှေပေါ်မှာ လူသေအလောင်းတစ်လောင်းနဲ့အတူ တွေ့ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
အခုအခါ ဒုက္ခသည်တွေကို အစားအစာနဲ့ သောက်ရေတွေ ပေးထားပြီး စက်လှေကို လန်ကာဝီကျွန်းဆီခေါ်ဆောင်သွားခဲ့ပါတယ်။
အဲဒီမှာ ဒုက္ခသည် စုစုပေါင်း ၂၆၉ ဦးကို ထိန်းသိမ်းထားပါတယ်။
ငါးဖမ်းလှေတစင်းလို့ ဆိုတဲ့ အဲဒီစက်လှေကို တမင်တကာ ဖျက်ဆီးထားတာကို စုံစမ်းစစ်ဆေးမှုအရသိရပြီး ပင်လယ်ထဲ ပြန်မပို့နိုင် ဖြစ်ခဲ့တယ်လို့လည်း အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ရိုဟင်ဂျာတွေနဲ့ အဆက်အသွယ်ရှိဖူးတဲ့ လူ့အခွင့်အရေး အဖွဲ့တွေကတော့ ဘင်္ဂလားဒေ့ရှ်ကနေ စထွက်လာတုန်းက ဒီလှေပေါ်မှာ လူ ၅၀၀ လောက် ပါလာလိမ့်မယ်လို့ ယူဆထားပါတယ်။
ဒါကြောင့် အဲဒီလူတွေထဲက တစ်ဝက်ကျော်လောက်က အခု ထိန်းသိမ်းခံလိုက်ရတာ ဖြစ်ပါတယ်။
ကျန်တဲ့လူတွေကတော့ ကမ်းခြေစောင့်တပ်နဲ့ တွေ့ချိန်မှာ လွတ်မြောက်သွားတာနဲ့ အဲဒီအချိန်မတိုင်ခင် ကမ်းပေါ်ရောက်သွားကြတာမျိုး ဖြစ်နိုင်ပါတယ်။
ဒီနှစ်ထဲမှာ မလေးရှားကို ရိုဟင်ဂျာလှေ ဘယ်နှစင်းလောက် လာကြသလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
ဒါပေမဲ့ မလေးရှား အာဏာပိုင်တွေကတော့ လှေ ၂၂ စင်းကို သူတို့ ပြန်လွှတ်လိုက်တယ်လို့ ပြောပါတယ်။
လှေတွေ အများစုဟာ ခပ်သေးသေး ဖြစ်ပြီး အန္တရာယ်ဖြစ်နိုင်လောက်တဲ့အထိ လူရာချီကို ကျပ်ကျပ်တည်းတည်း တင်လာတတ်ကြပါတယ်။
ဒီနှစ် အစောပိုင်းမှာ အခုလိုမျိုး မလေးရှားကို လာဖို့ ကြိုးစားဖူးတဲ့ ရိုဟင်ဂျာ တစ်ယောက်ကတော့ သူတို့ လာတဲ့ လှေပေါ်မှာ ရေတို့၊ အိမ်သာတို့လို အခြေခံ လိုအပ်ချက်တွေ မပြည့်စုံဘူးလို့ ဘီဘီစီကို ပြောပါတယ်။
စားစရာသောက်စရာလည်း မလုံလောက်ဘူးလို့ ဆိုပါတယ်။
လှေပေါ် လူတွေသေတာကို ဖုံးထားဖို့ အလောင်းတွေကို ရေထဲပစ်ချပြီး အဲဒီလို ပစ်ချသံတွေကို မကြားရအောင်တော့ လှေသားတွေက အင်ဂျင်တွေ အကုန်ဖွင့်ပြီး မောင်းခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
ဒီနှစ် အစောပိုင်းမှာ လူ ရာချီ အပြည့်အသိပ်လိုက်လာတဲ့ လှေကနေ ရိုဟင်ဂျာ ၂၈ ယောက်လောက် အနည်းဆုံး သေဆုံးခဲ့ပါတယ်။
အဲဒီလှေ မလေးရှားကို ကမ်းမကပ်နိုင် ဖြစ်ခဲ့ပြီးနောက် ပင်လယ်ထဲကို သီတင်းပတ်တွေချီပြီး မျောနေခဲ့ပါတယ်။
အာဆာအဖွဲ့က မြန်မာက ရဲကင်းစခန်း ၃၀ ကျော်ကို ပြင်းပြင်းထန်ထန် ဝင်တိုက်ပြီးတဲ့နောက် ရိုဟင်ဂျာတွေ မြန်မာဘက်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို အများအပြား ထွက်ပြေးလာမှုက ၂၀၁၇ သြဂုတ်မှာ စခဲ့ပြီး ရိုဟင်ဂျာ တစ်သန်းလောက်ဟာ မြန်မာဘက်မှာ မျိုးဆက်နဲ့ချီပြီး ဖိနှိပ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။









