ပြည်တွင်းစစ် ရပ်သွားအောင် ဒရော့ဘာ ဘယ်လိုကူညီခဲ့လဲ

၂၀၀၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အိုင်ဗရီကို့စ်အတွက် ဂိုးသွင်းအပြီး ဒရော့ဘာအောင်ပွဲခံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၀၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အိုင်ဗရီကို့စ်အတွက် ဂိုးသွင်းအပြီး ဒရော့ဘာအောင်ပွဲခံ

ဆူဒန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ အွမ်ဒူမန်မှာရှိတဲ့ အယ်လ်မာရစ်ခ် အားကစားကွင်းဟာ ရောမခေတ်ကလို အားကစားကွင်းကြီးတခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရဲတိုက်နီလို့ သိကြတဲ့ အဲဒီကွင်းလေးကနေ ဘောလုံး လောကရဲ့ အထူးခြားဆုံးဇာတ်လမ်းတခု ဖြစ်ခဲ့ပါတယ်။

၂၀၀၅ခုနှစ် အောက်တိုဘာလ ၈ရက်နေ့ဟာ ၂၀၀၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာဖရိကဇုန်ပွဲတွေ ကစားခဲ့ရတဲ့နေ့ပါ။ အဲ့ဒီနေ့မှာကင်မရွန်းအသင်းနဲ့ အိုင်ဗရီကို့စ်အသင်း အဆုံးအဖြတ်ပွဲတွေ ကစားရဖို့ ရှိပါတယ် ။ ကင်မရွန်းက အိမ်ကွင်းမှာ အီဂျစ်နဲ့ကစားရမှာဖြစ်ပြီး အိုင်ဗရီကို့စ်ကတော့ ဆူဒန်အသင်းနဲ့ အယ်လ်မာ ရစ်ခ်ကွင်းမှာ ကစားရမှာပါ။

ကင်မရွန်းအသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးမှာ တမှတ်အသာနဲ့ ဒုတိနေရာက အိုင်ဗရီကို့စ်ရှေ့ကနေ ဦးဆောင်နေတာဖြစ်လို့ ဒီပွဲနိုင်ရင် ခြေစစ်ပွဲအောင်ဖို့ သေချာနေပါတယ်။ ဆူဒန်မှာ ကစားရမယ့် အိုင်ဗရီကို့စ်အသင်းကတော့ နိုင်ရင်တောင် ကင်မရွန်းအသင်းရဲ့ ရလာဒ်ကို စောင့်ကြည့်ရမှာပါ။

ရွှေရောင်မျိုးဆက်လို့ခေါ်တဲ့ အဲ့ဒီအချိန်တုန်းက အိုင်ဗရီကို့စ်အသင်းကို အသင်းခေါင်းဆောင် ဒီဒီ ယာ ဒရော့ဘာ က ဦးဆောင်ပြီး ပရီးမီးယားလိဂ်မှာ နာမည်စကြီးနေတဲ့ ကိုလိုတိုရေး၊ အီမန်နျုရယ်အီဘိုယူး တို့လည်း အသင်းသားတွေအဖြစ် ပါဝင်နေပါတယ်။ သူတို့အသင်းက အခြားကစားသမား တယောက်ဖြစ်တဲ့ ယာယာတိုရေးတောင် အဲဒီအချိန်တုန်းက ပရီးမီးယားလိဂ်ကို မရောက်သေးဘဲ ဂရိကလပ် အိုလံပီယာကော့စ် အသင်းမှာ ကစားနေတုန်းပါ။

သူတို့အသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ဖို့ ကြိုးစားနေတဲ့အချိန်က အိုင်ဗရီကို့စ်နိုင်ငံထဲမှာ ပြည်တွင်းစစ်တွေ ဆက်ဖြစ်နေပါတယ်။ ၂၀၀၂ခုနှစ်က စဖြစ်ခဲ့တဲ့ အိုင်ဗရီကို့စ်ပြည်တွင်းစစ်ကြောင့် တိုင်းပြည် နှစ်ပိုင်းကွဲနေပါတယ်။ သမ္မတလောရင့်ဘက်ဘို ဦးဆောင်တဲ့ အစိုးရက နိုင်ငံတောင်ပိုင်းကို ထိန်းချုပ်ထားပြီး၊ ဂူလီယာမီဆော်ရို ဦးဆောင်တဲ့ သူပုန်တပ်တွေက မြောက်ပိုင်းကို ထိန်းချုပ်ထားပါတယ်။

နိုင်ငံတဝန်းက မြို့တွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတဲ့အကြောင်းကို အိုင်ဗရီကို့စ်က ထွက်ပြေးလာတဲ့ ဘောလုံးသမားဟောင်း စီဘက်စ်တိန်းနာဟိုးက ပြန်ပြောပြပါတယ်။

“ အခြေနေတွေက အရမ်းဆိုးတာ။ ကျွန်တော့်ညီမကို လှမ်းခေါ်စကားပြောတဲ့အချိန်ကဆို အိမ်အပြင်က သေနတ်သံတွေကြားနေရတယ်။ သူတို့လည်း အစားအသောက် ထွက်ရှာတာက လွဲလို့ ကုတင်အောက်မှာ လေးရက်လောက် ပုန်းနေရတာ လို့" သူက ပြောပြခဲ့တာပါ။

အဲ့ဒီလိုဖြစ်နေတဲ့ သူတို့တိုင်းပြည်ရဲ့ အခြေအနေကို ဥရောပကလပ်တွေမှာ ကစားနေကြတဲ့ အိုင်ဗရီ ကို့စ်ဘောလုံးသမားတွေ နေ့စဉ်လို ကြားသိနေရပါတယ်။ ဥရောပကလပ်တွေမှာ ကစားနေရလို့ လစာတွေ အများကြီးရနေကြပေမယ့် သူတို့တိုင်းပြည်က အခြေအနေကို စိတ်ပျက်နေကြပါတယ်။

ချဲလ်ဆီးမှာ ပြောင်းကစားဖို့ ၂၀၀၄ ဇူလိုင်မှာ ပေါင်၂၄သန်းတန် စာချုပ် ဒရော့ဘာ ချုပ်ဆိုခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ချဲလ်ဆီးမှာ ပြောင်းကစားဖို့ ၂၀၀၄ ဇူလိုင်မှာ ပေါင်၂၄သန်းတန် စာချုပ် ဒရော့ဘာ ချုပ်ဆိုခဲ့

အိုင်ဗရီကို့စ် အသင်းခေါင်းဆောင် ဒီဒီယာဒရော့ ဘာဟာ ချဲလ်ဆီးအသင်းကို ပေါင်၂၄သန်းနဲ့ ၂၀၀၄ က ပြောင်းကစားခဲ့တဲ့သူပါ။ သူဟာ ပရီးမီးယားလိဂ်မှာ ကိုးနှစ်ကြာ ကစားခဲ့ပြီး ချဲလ်ဆီးအသင်းကို ဆုဖလားတွေ အများကြီး ရအောင် စွမ်းဆောင်ပေးခဲ့တဲ့သူ ဖြစ်ပါတယ်။

သူဟာ ချဲလ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံ ဆု လေးကြိမ်၊အက်ဖ်အေ ဖလားလေးကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား တကြိမ် ရခဲ့တာမှာ ပါဝင် စွမ်းဆောင်ပေးခဲ့တဲ့သူပါ။

အာဆင်နယ်မန်နေဂျာအာစင်ဝင်းဂါးကလည်း ဒရော့ဘာဟာ အောင်မြင်မှု ရအောင်ကြိုးစားနေတဲ့သူ၊ နောက်ဆုံးအချိန်အထိ အောင်မြင်မှုရအောင် ကြိုးစားသွားမယ့်သူလို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် ၂၀၀၅ အောက်တိုဘာ ၈ရက်မှာ ဆူဒန်နဲ့ကစားခဲ့ရတဲ့ ပွဲကတော့ ဒရော့ဘာ အတွက် မမေ့နိုင်တဲ့ ထူးခြားတဲ့ ပွဲတပွဲလို့ ပြောရမှာပါ။

အိုင်ဗရီကို့စ် ရွှေရောင်ဘောလုံးမျိုးဆက်ခေါင်းဆောင် ဒရော့ဘာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အိုင်ဗရီကို့စ် ရွှေရောင်ဘောလုံးမျိုးဆက်ခေါင်းဆောင် ဒရော့ဘာ

အဲ့ဒီနေ့က ကင်မရွန်းအသင်းဟာ အီဂျစ်နဲ့ ကင်မရွန်းနိုင်ငံ မြို့တော်ယာအွန်ဒီမှာ ကစားခဲ့သလို တချိန်တည်းမှာပဲ အိုင်ဗရီကို့စ်အသင်းကလည်း ဆူဒန်မှာ ကစားခဲ့ရတာပါ။

ပွဲအပြီးမှာ အိုင်ဗရီကို့စ်က အိမ်ရှင်ဆူဒန်ကို ၃ဂိုး၁ဂိုးနဲ့ နိုင်ခဲ့ပေမယ့် သူတို့အသင်း ခြေစစ်ပွဲအောင်မအောင် သိနိုင်ဖို့ ဟိုဘက်မှာ ကစားနေသေးတဲ့ ပွဲပြီးခါနီး ကင်မရွန်းအသင်းရဲ့ရလာဒ်ကို ဆက်နားထောင်ကြရပါတယ်။

ပွဲပြီးခါနီး ဒဏ်ရာရ အချိန်ပိုမှာ ကင်မရွန်းအသင်း ပင်နယ်တီရခဲ့ပေမယ့် ဝင်အောင်မကန်နိုင်ဘဲ လွဲချော်သွားလို့ နောက်ဆုံးမှာတော့ အိုင်ဗရီကို့စ်အသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ ပထမဆုံး အကြိမ်အောင်သွားခဲ့တာပါ။

အိုင်ဗရီကို့စ်အသင်း ခြေစစ်ပွဲအောင်သွားတဲ့အတွက် တတိုင်းပြည်လုံး ပျော်ရွှင်ခဲ့ကြပြီး၊ စစ်ဖြစ်လို့ တိုင်းပြည်နှစ်ပိုင်း ကွဲနေတာတောင် မေ့ကုန်ကြတယ်လို အဲ့ဒီအချိန်တုန်းက အစိုးရဘက်က ထိန်းချု ပ်ထားတဲ့ အဘစ်ဂျန်မြို့မှာနေတဲ့ အသက် ၂၀ အရွယ် ကျောင်းသားအိုမာက ပြောပါတယ်။

ပြည်တွင်းစစ်ဖြစ်နေတဲ့ သူတို့နိုင်ငံ ငြိမ်းချမ်းရေးရဖို့ ဒရော့ဘာနဲ့သူ့ အသင်းသားတွေကြိုး ပမ်းခဲ့တဲ့ ဖြစ်စဉ်က အဲ့ဒီပွဲအပြီးမှာဖြစ်ခဲ့တာပါ။ ပွဲအပြီး အိုင်ဗရီကို့စ်အသင်း အဝတ်လဲခန်းထဲမှာ အသင်းသားတွေ အောင်ပွဲခံနေတဲ့အချိန် တီဗီလာရိုက်တော့ ဒရော့ဘာက မိုက်ကိုကိုင်ပြီး သူတို့တိုင်းပြည်ထဲမှာ ပြည်တွင်းစစ်ရပ်ကြဖို့ ဦးဆောင်တောင်းဆိုခဲ့တာပါ။

လက်နက်တွေချပြီး ရွေးကောက်ပွဲတွေကျင်းပကြဖို့ ဒရော့ဘာတိုက်တွန်း

ဓာတ်ပုံ ရင်းမြစ်, Sports Premiere

ဓာတ်ပုံ ပုံစာ, လက်နက်တွေချပြီး ရွေးကောက်ပွဲတွေကျင်းပကြဖို့ ဒရော့ဘာတိုက်တွန်း

ဆူဒန်နိုင်ငံ အယ်မာရက်ခ်ကွင်းရဲ့ အဝတ်လဲခန်းထဲကနေ အသင်းဖေါ်ကစားသမားတွေနဲ့အတူ ဒရော့ဘာ ပြောခဲ့တာက “ အိုင်ဗရီကို့စ်နိုင်ငံ တောင်၊မြောက်၊အလယ်နဲ့ အနောက်က အမျိုးသား၊ အမျိုးသမီးများခင်ဗျား။ အိုင်ဗရီကို့စ်နိုင်ငံသားတွေ ရဲ့ ပူးပေါင်းရပ်တည်မှု ညီညွတ်မှုကနေ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်အောင် လုပ်နိုင်ခဲ့တယ်ဆိုတာ ကျွန်တော်တို့ ဒီနေ့ သက်သေပြနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲရဲ့ အောင်မြင်မှုကနေ လူတွေ ညီညွတ်လာအောင် လုပ်ဆောင်သွားမယ်လို့ ကတိပြုသလို ကျွန်တော်တို့ ဒူးထောက် တောင်းပန်ပြီး ပြောချင်တာက " သူက ဒူးထောက်ပြီးပြောလိုက်တဲ့ အချိန်မှာ နောက်ကအသင်းသားတွေကလည်း လိုက် ဒူးထောက်ကြပါတယ်။ ပြီးတော့ သူ ဆက်ပြောခဲ့ တာက “ ပေါကြွယ်ဝမှုတွေရှိတဲ့ ကျွန်တော်တို့လို နိုင်ငံမျိုးမှာ စစ်ပွဲတွေ ရှိမနေသင့်တော့ ပါဘူး။ ခင်ဗျားတို့ရဲ့ လက်နက်တွေချပြီး ရွေးကောက်ပွဲတွေ ကျင်းပကြပါ " လို့ ဒရော့ဘာက တိုက်တွန်းခဲ့တာပါ။

အိုင်ဗရီကို့စ်မှာ ပြည်တွင်းစစ်ရပ်ဖို့ သူ့ အသင်းသားတွေနဲ့အတူ ဒရော့ဘာ ဦးဆောင်ပြီး ဒူး ထောက် တောင်းဆိုပြောခဲ့တဲ့ ဒီဗီဒီယိုဖိုင်ကို ယူကျုမှာလည်း ရှာကြည့်လို့ရပါတယ်။

အဲ့ဒီကာလနောက်ပိုင်း ဒရော့ဘာဟာ အိုင်ဗရီကို့စ်မှာ အရမ်းနာမည်ကြီးလာပြီး နေရာတိုင်းမှာ လည်း သူ့ပုံတွေကိုတွေ့လာရပါတယ်။ သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ ဘီယာပုလင်းတွေမှာတောင် သူ့နာမည်ပြောင်းတာတွေ ဖြစ်လာပါတယ်။

အိုင်ဗရီကို့စ်က အခြေအနေတွေကတော့ ချက်ချင်းပြောင်းမသွားသေးပါဘူး။ သီတင်းပတ်တွေ၊ လနဲ့ချီကြာလာမှ အပြောင်းအလဲတွေ စဖြစ်လာပါတယ်။ ပြည်တွင်းစစ်ရပ်ဖို့ ဒရော့ဘာတို့ ပြောထားတဲ့ ဗီဒီယိုဖိုင်ကလည်း တီဗီမှာ ဆက်တိုက်လွှင့်ပေးနေပါတယ်။

ဆူဒန်ကနေ အောင်ပွဲနဲ့အတူပြန်လာတဲ့ ဒရော့ဘာ လေယာဉ်ပေါ်ကဆင်းလာနေစဉ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆူဒန်ကနေ အောင်ပွဲနဲ့အတူပြန်လာတဲ့ ဒရော့ဘာ လေယာဉ်ပေါ်ကဆင်းလာနေစဉ်

လနဲ့ချီကြာပြီး နောက်ပိုင်းမှာတော့ နှစ်ဘက်ဆွေးနွေးမှုတွေလုပ်ပြီး အပစ်အခတ်ရပ်စဲဖို့ စာချုပ်ချုပ်ခဲ့ကြပါ တယ်။

ဒါပေမယ့် ဇာတ်လမ်းက အဲဒီမှာတင် အဆုံးမသတ်ဘဲ အိုင်ဗရီကို့စ်မှာ တိုက်ပွဲတွေက ဆက်ဖြစ်ခဲ့ပါတယ်။ ၂၀၀၆ ကမ္ဘာ့ဖလားပွဲမှာတော့ အိုင်ဗရီကို့စ်အသင်းဟာ အာဂျင်တီးနားနဲ့ နယ်သာလန်ကို ရှုံးနိမ့်ခဲ့ပြီး နောက်ဆုံးပွဲကျမှ ဆာဘီးယားမွန်တီနီဂရိုးအသင်းကိုပဲ အနိုင်ရခဲ့လို့ အုပ်စုအဆင့်က ထွက်ခဲ့ရပါ တယ်။ ဒါပေမယ့် ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ် ဝင်ကစားတဲ့ သူတို့အသင်းရဲ့ခြေစွမ်းကို သဘောကျ ကျေနပ်ကြပါတယ်။

ပြည်တွင်းစစ်ရပ်စဲဖို့ ဒရော့ဘာ ဒုတိယအကြိမ် ကူညီခဲ့တာက ၂၀၀၇ ခုနှစ်ထဲမှာပါ။ အာဖရိက အကောင်းဆုံးဘောလုံးသမား ဆုရပြီး နောက်ပိုင်း သူပုန်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေကို သူခရီးထွက်နေတုန်း လူတွေ မထင်ထားတာကို ဒရော့ဘာက ပြောခဲ့ပါတယ်။

၂၀၀၇ ဇွန်လ ၃ရက် အဘစ်ဂျန်မြို့မှာ မက်ဒါဂက်စကား အသင်းနဲ့ ကစားဖို့စီစဉ်ထားတဲ့ပွဲကို သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဘွာခေးမြို့မှာ ပြောင်းကစားမယ်လို့ သူက ကြေညာခဲ့တာပါ။ ပွဲနေရာရွှေ့ကစားမယ့် ဒရောဘာရဲ့ အစီအစဉ်ကို အစိုးရဘက်ကလည်း လက်ခံခဲ့ပါတယ်။

ဒရော့ဘာရဲ့ အစီအစဉ်အတိုင်း သူပုန်တွေ ထိန်းချုပ်ထားတဲ့မြို့မှာ အိုင်ဗရီကို့စ် အသင်းသွား ကစားခဲ့တဲ့ မြင်ကွင်းတွေက တကယ့်ကို ထူးခြားမှုတွေဖြစ်ခဲ့ပါတယ်။ အစိုးရလက်နက်ကို င်တပ်တွေ ခြံရံပြီး ကစားမယ့်ကွင်းထဲကို ဝင်လာတဲ့ အိုင်ဗရီကို့စ်အသင်းကို လမ်းတလျှောက်မှာ လူတွေက ကားခေါင်မိုးတွေကနေ တက်အားပေးကြတယ်လို့ အဲ့ဒီမြင်ကွင်းကို ကိုယ်တိုင်မြင်ခဲ့တဲ့ ဗင်နတီဖဲ မဂ္ဂဇင်းသတင်းထောက် အော်စတင် မာ ရဲလ်က ပြောခဲ့ပါတယ်။

သူပုန်တွေ ထိန်းချုပ်ထားတဲ့ မြောက်ပိုင်းမြို့က အဲ့ဒီနေ့ မြင်ကွင်းတွေဟာ အမှတ်ရစရာတွေ ဖြစ်ခဲ့ပါတယ်။ ဘောလုံးကွင်းထဲမှာလည်း အစိုးရတပ်ကလူတွေနဲ့ သူပုန်တွေ သူတို့အိုင်ဗရီ ကို့စ် အသင်းကစားတာကို တူတူအော်ဟစ်အားပေးတာတွေ တွေ့ခဲ့ကြပါတယ်။

မကြာခင်တုန်းကမှ တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ အခြေနေကနေ အခုလိုဖြစ်လာတာက ကြီးမားတဲ့ ပြောင်းလဲမှုလို့ ပြောခဲ့ကြပါတယ်။

ဒီအခြေအနေက ဘောလုံးပွဲတပွဲထက် ပိုတဲ့အခြေအနေ။ အဲ့ဒီနေ့က လူတိုင်း ၁၂နာရီမှာ အလုပ်တွေရပ်၊ ပြီးတော့ ဘီယာတွေ၊ ရှန်ပိန်တွေသောက်ပြီး အရမ်းပျော်ခဲ့တယ်လို့ အဲ့ဒီဘောလုံးပွဲကို အဘစ်ဂျန်မြို့ကနေ တီဗီကစောင့်ကြည့်ခဲ့တဲ့ အိုမာက ပြန်ပြောပြပါတယ်။

မက်ဒါဂက်စ်ကာကို ၅ဂိုးဂိုးမရှိနဲ့နိုင်တဲ့ပွဲမှာ နောက်ဆုံးဂိုးသွင်းယူခဲ့တဲ့ ဒရော့ဘာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မက်ဒါဂက်စ်ကာကို ၅ဂိုးဂိုးမရှိနဲ့နိုင်တဲ့ပွဲမှာ နောက်ဆုံးဂိုးသွင်းယူခဲ့တဲ့ ဒရော့ဘာ

မက်ဒါဂက်စကားနဲ့ ကစားခဲ့တဲ့ အဲ့ဒီနေ့ကပွဲမှာ အိုင်ဗရီကို့စ်က ၅ဂိုး ဂိုးမရှိနဲ့နိုင်ခဲ့ပြီး နောက်ဆုံးဂိုးကို ဒရော့ဘာက သွင်းပေးခဲ့ပါတယ်။ ပွဲအပြီးမှာ ပရိသတ်တွေ ကွင်းထဲဝင်လာလို့ ဒရော့ဘာနဲ့ ကစားသမားတွေကို လုံခြုံရေးတွေက ဝန်းရံပေးခဲ့ရပါတယ်။

ဒီဘောလုံးပွဲအပြီး နောက်ပိုင်းမှာ တိုင်းပြည်အခြေအနေ ပိုတည်ငြိမ်လာပြီး ၂၀၀၇ ထဲမှာပဲ လက်နက်ကိုင်တိုင်ပွဲတွေ အဆုံးသတ်ဖို့ သမ္မတဘက်ဘိုနဲ့ သူပုန်ခေါင်းဆောင် ဂူလီယာမီဆော်ဆိုတို့ သဘောတူ လက်မှတ်ထိုးခဲ့ကြပါတယ်။

ဒါပေမယ့် တိုင်းပြည်ရဲ့မတည်ငြိမ်မှုက အဲ့ဒီမှာတင် အဆုံးမသတ်သွားသေးပါဘူး။ ၂၀၁ဝမှာ ရွေးကောက်ပွဲတွေ ကျင်းပပေးခဲ့ပြီးတဲ့ နောက်ပိုင်း မှာလည်း သမ္မတဘက်ဘိုက သူရှုံးနိမ့်သွားတဲ့ရလဒ်ကို လက်မခံလို့ အကြမ်းဖက်မှုတွေ ဆက်ဖြစ်ခဲ့ပါတယ်။

အဲဒီအကြမ်းဖက်မှုတွေကနေ လူသုံးထောင်လောက် သေဆုံးခဲ့ရတာကြောင့် နောက်ပိုင်းမှာ သမ္မတ ဘက်ဘို အဖမ်းခံရပြီး လူအစုလိုက်အပြုံ လိုက်သတ်ဖြတ်မှု စွပ်စွဲချက်နဲ့ နယ်သာလန် သည်ဟိတ်မြို့က နိုင်ငံတကာ ရာဇဝတ်တရားရုံး အိုင်စီစီက တရားစွဲခဲ့ပါတယ်။

ဒါပေမယ့် သူ့ကို နိုင်ငံတကာ တရားရုံးက ၂၀၁၉ ဇန်နဝါရီ လမှာ စွဲချက်တွေ ရုပ်သိမ်းလိုက်ပြီး အခုချိန်ထိ တော့ တရားရုံးရဲ့အမိန့်အရ ဘယ်လ်ဂျီယံနိုင်ငံထဲ မှာ အစောင့်အကြပ်နဲ့ နေနေရဆဲဖြစ်ပါတယ်။

နိုင်ငံ ခြောက်နိုင်ငံက ကလပ်အသင်းကြီးတွေမှာ ကစားပြီး အောင်မြင်မှုတွေ ရခဲ့တဲ့ ဒရော့ဘာဟာလည်း ၂၀၁၈ခုနှစ်ကစပြီး ဘောလုံးလောကကနေ အနားယူသွားပါပြီ။

သူနဲ့ သူ့ အိုင်ဗရီကို့စ် အသင်းသားတွေဟာလည်း ပြည်တွင်းရပ်စဲဖို့ကိစ္စကို တာဝန်သိသိနဲ့ ပါဝင်ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။ ပြည်တွင်းစစ်ရပ်စဲဖို့ကိစ္စကို သူတို့ချည်းပဲ လုပ်ခဲ့တာ မဟုတ်ပေမယ့် ၂၀၀၅နဲ့ ၂၀၀၇မှာ ကစားခဲ့ ပွဲတွေကနေ တဆင့် သူတို့ လုပ်ဆောင်ပေးခဲ့တာက အိုင်ဗရီကို့စ်နိုင်ငံ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်တွေ ရစေခဲ့တယ်ဆိုတာကတော့ လက်ခံကြမှာ သေချာပါတယ်။