ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဆန္ဒပြသူတွေလို အသွင်ယူထားတဲ့ ရဲတွေ သုံးခဲ့တာနဲ့ ပတ်သက်လို့ ဟောင်ကောင်ရဲ ကာကွယ်ပြော
ဟောင်ကောင်မှာ ဆန္ဒပြမှု ကိုင်တွယ်ရေးအတွက် သြဂုတ်လ ၁၁ ရက် တနင်္ဂနွေနေ့တုန်းက ရဲတွေက ဆန္ဒပြသူတွေအဖြစ် အသွင်ယူ လှုပ်ရှားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ဖော် ဝန်ခံလိုက်ပါတယ်။
ရဲတချို့က မတူတဲ့ ပုံစံတွေနဲ့ ရုပ်ဖျက်ခဲ့တယ်လို့ ဟောင်ကောင် ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့ပြီး ဒီလို ရုပ်ဖျက် လှုပ်ရှားတာဟာ အကြမ်းဖက် ဆူပူသူတွေကို ပစ်မှတ်ထား ဖမ်းဆီးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
တနင်္ဂနွေနေ့ ထိပ်တိုက်ရင်ဆိုင်မှုမှာ ရုပ်ဖျက်ထားတဲ့ ရဲတွေက ဆန္ဒပြသူတွေကို ဖမ်းဆီးနေတဲ့ ဗီဒီယိုတွေ ထွက်ပေါ်လာခဲ့အပြီးမှာ ဟောင်ကောင် ရဲတပ်ဖွဲ့က အခုလို ထုတ်ဖော် ဝန်ခံလိုက်တာပါ။
ရဲတပ်ဖွဲ့ရဲ့ ဒီလုပ်ရပ်တွေနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးမှု လုပ်ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုထားပါတယ်။
တရုတ်ပြည်မကြီးထံ တရားခံ လွှဲပြောင်းပေးရေး ဥပဒေကြမ်းကို ကန့်ကွက်ရာကနေ အစပြုခဲ့တဲ့ ဟောင်ကောင် လူထု ဆန္ဒပြမှုတွေနဲ့ ဆူပူမှုတွေ ၂ လကျော် ကြာနေပြီ ဖြစ်ပေမဲ့ လျော့ပါးသွားမယ့် အရိပ်လက္ခဏာ မတွေ့ရသေးပါဘူး။
လောလောဆယ်မှာတော့ ဒီဥပဒေကြမ်းကို ဆိုင်းငံ့ထားပါတယ်။
ဟောင်ကောင် နိုင်ငံတကာ လေဆိပ်ထဲ ဆန္ဒပြသူတွေ ဝင်ရောက် နေရာယူထားတဲ့အတွက် သြဂုတ်လ ၁၂ ရက် တနင်္လာနေ့မှာ လေဆိပ်က ထွက်မယ့် လေယာဉ်ခရီးစဉ်တွေ အကုန်လုံးကို ဆိုင်းငံ့ခဲ့ရပါတယ်။ လေဆိပ်မှာ အခုအခါ လုပ်ငန်းလည်ပတ်မှုတွေ ပြန်စနေပြီလို့ အာဏာပိုင်တွေက ပြောပေမဲ့ အင်္ဂါနေ့မှာ လေကြောင်း ကုမ္ပဏီတချို့က လေယာဉ်ခရီးစဉ် ရာနဲ့ချီပြီး နောက်ထပ် ဆိုင်းငံ့ခဲ့ပါတယ်။
တနင်္လာနေ့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ရဲတပ်ဖွဲ့ ဒုတိယကော်မရှင်မင်းကြီး တန် ပင်းကီယန်း က ရုပ်ဖျက်ထားတဲ့ ရဲတွေကို အသုံးပြုခဲ့တာနဲ့ ပတ်သက်လို့ ကာကွယ် ပြောသွားခဲ့ပါတယ်။
"ရဲတွေ ရုပ်ဖျက် ဝင်ခဲ့တဲ့ အချိန်တုန်းက ဘယ်သူ့ကိုမှ သူတို့ ရန်မစခဲ့ပါဘူး၊ ပြဿနာဖြစ်အောင် မီးမွှေးတာမျိုးတွေ မလုပ်ဖို့ သူတို့ကို ပြောထားခဲ့ပါတယ်" လို့ ဆိုပါတယ်။
ကျွန်တော်တို့လုပ်တဲ့ စစ်ဆင်ရေးက အရမ်းကာရော အကြမ်းဖက် ဆူပူသူတွေကို ပစ်မှတ်ထား ဖမ်းဆီး ထိန်းသိမ်းဖို့ ဖြစ်တယ် လို့ မစ္စတာ တန်က ပြောပါတယ်။ ဆန္ဒပြသူတွေက လောက်လေးခွတွေ၊ လက်လုပ်ဗုံးတွေနဲ့ ပစ်လို့ ရဲတွေက ပြန်တုံ့ပြန် ခဲ့တာလို့လည်း ဆိုပါတယ်။
ရဲက ဘာတွေ ပြောသေးလဲ
တနင်္ဂနွေ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ မေးခွန်းထုတ်မှုတွေနဲ့ အကြီးအကျယ် ရင်ဆိုင်နေရတဲ့ ရဲတပ်ဖွဲ့ လက်ထောက် ကော်မရှင်နာမင်းကြီး မက် ချင်ဟို က အမျိုးသမီးတဦး ရဲရဲ့ ကျည်ထိမှန်ခဲ့တယ်ဆိုတဲ့ ပြောဆိုချက်တွေဟာ ဘာအထောက်အထားမှ မရှိဘူးလို့ ပြောပါတယ်။
မျက်လုံးထဲကနေ သွေးတွေ ယိုစီးကျနေတဲ့ အမျိုးသမီး တစ်ဦးရဲ့ ပုံတွေ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ အကြီးအကျယ် ပျံ့နှံသွားခဲ့ပါတယ်။
အဲဒီ ဖြစ်ရပ်ကို တုံ့ပြန်တဲ့ အနေနဲ့ ဆန္ဒပြသူတွေက တနင်္လာနေ့မှာ သူတို့မျက်လုံးတွေပေါ်မှာ ပတ်တီးတွေ စည်းပြီး ဟောင်ကောင် နိုင်ငံတကာလေဆိပ်မှာ ဆန္ဒပြခဲ့ကြပါတယ်။
တနင်္ဂနွေနေ့က မြို့လယ် ရပ်ကွက် အတော်များများမှာ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ပြီး ရဲတွေက ရာဘာကျည်ဆံတွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ လူစုခွဲခဲ့ပါတယ်။
ပိတ်ထားတဲ့ ရထားဘူတာရုံတွေထဲကို ရဲတွေ စီးနင်း ဝင်ရောက်ခဲ့ပြီး မျက်ရည်ယိုဗုံးတွေနဲ့ ပစ်၊ နံပါတ်တုတ်တွေနဲ့ လူတွေကို လိုက်ရိုက်နေတာကိုလည်း ဗီဒီယိုပုံတွေထဲမှာ တွေ့ရပါတယ်။
ထိပ်တိုက်ရင်ဆိုင်မှုတွေမှာ ရဲတစ်ဦး အပါအဝင် လူအတော်များများ ဒဏ်ရာ ရခဲ့ပါတယ်။
မျက်ရည်ယိုဗုံးတွေကို အနီးကပ် ပစ်ခဲ့တာတွေနဲ့ ပတ်သက်လို့လည်း မစ္စတာ မက်က ကာကွယ်ပြောကြားခဲ့ပြီး ထွက်ပြေးဖို့ ကြိုးစားတဲ့ ဆန္ဒပြသူတွေကို ပစ်ခတ် ဖမ်းဆီးဖို့ ရဲတွေက တဒင်္ဂအတွင်း ဆုံးဖြတ် လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
တနင်္ဂနွေနေ့ ဆူပူဆန္ဒပြမှုတွေကို တရုတ်အစိုးရ တာဝန်ရှိသူတွေက ပြင်းပြင်းထန်ထန် ဝေဖန် ရှုတ်ချလိုက်ပြီး ဆူပူဆန္ဒပြသူတွေကို အကြမ်းဖက် ဝါဒီတွေအဖြစ် ပြောကြားခဲ့ပါတယ်။
ဘာတွေ ဖြစ်ခဲ့သေးလဲ
ဟောင်ကောင် နိုင်ငံတကာ လေဆိပ်မှာ ဆန္ဒပြသူတွေ ထောင်နဲ့ချီ ဝင်ရောက် နေရာယူထားတဲ့အတွက် သြဂုတ်လ ၁၂ ရက် တနင်္လာနေ့က လေယာဉ် ခရီးစဉ်တွေအားလုံး ဆိုင်းငံ့ခဲ့ရပါတယ်။
လေယာဉ်ခရီးစဉ် ၁၆၀ ကျော် ဆိုင်းငံ့ခဲ့ရပြီး လုပ်ငန်းလည်ပတ်မှုတွေမှာ အကြီးအကျယ် ထိခိုက်ခဲ့ရတယ်လို့ တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။
ညနေပိုင်းလောက်မှာ ရဲတွေ ဝင်ရောက် လူစုခွဲဖို့ စီစဉ်ထားတယ် ဆိုတဲ့ ထင်ကြေးပေး ပြောဆိုမှုတွေ ပျံ့နှံ့ထွက်ပေါ်ခဲ့အပြီး ညသန်းခေါင်လောက်မှာ ဆန္ဒပြသူ ထောင်ပေါင်းများစွာ ထွက်ခွာသွားခဲ့ကြပါတယ်။
အင်္ဂါနေ့ အစောပိုင်းလောက်မှာတော့ လေဆိပ်မှာ လုပ်ငန်းတွေ ပြန်လည် လည်ပတ်နေပြီလို့ လေဆိပ်အာဏာပိုင်တွေက ပြောပါတယ်။ ဒါပေမဲ့ လေယာဉ်ခရီးစဉ် နှောင့်နှေးမှုတွေ ရှိနေဦးမှာ ဖြစ်တယ်လို့ သတိပေးခဲ့ပါတယ်။
လူထုစုရုံးဆန္ဒပြမှုတွေကြောင့် အင်္ဂါနေ့မှာ လေယာဉ်ခရီးစဉ် ၂၀၀ ကျော် ဆိုင်းငံ့ခဲ့ရတယ်လို့ Cathay Pacific လေကြောင်းကုမ္ပဏီက ပြောပါတယ်။
အင်္ဂါနေ့ မနက်ပိုင်းမှာ လေဆိပ်ခန်းမတွေမှာ ဆန္ဒပြသူ ၅၀ လောက် ဆက်စခန်းချ နေနေကြပြီး ခရီးသည် ၁၀၀ ကျော်လောက် လက်မှတ်အရောင်းကောင်တာမှာ တန်းစီနေတာကို တွေ့ရတယ်လို့ ရိုက်တာစ် သတင်းဌာနက ပြောပါတယ်။
"လေဆိပ်မှာ စားစရာမရှိ၊ သောက်ရေမရှိနဲ့ ခရီးသည်တွေ သောင်တင်နေတယ်" လို့ အမည်မဖော်လိုသူ ခရီးသည်တစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။
"လေဆိပ် ဝန်ထမ်းတွေက ကျွန်တော်တို့ကို လုံးဝ လှည့်မကြည့်ကြဘူး။ ခရီးဆောင်အိတ်တွေ တင်တဲ့ ခါးပတ်လမ်းကြောင်းတွေနဲ့ ကြမ်းပြင်တွေ ပေါ်မှာ လူတွေ အိပ်နေကြရတယ်" လို့ သူတို့က ပြောပါတယ်။
ဒီအတောအတွင်းမှာပဲ ဟောင်ကောင်ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို နှိမ်နင်းဖို့ မီးသတ်ပိုက်တွေ တပ်ဆင်ထားတဲ့ မော်တော်ယာဉ်ကိုလည်း ထုတ်ပြလိုက်ပါတယ်။