မတ်လ ၄ ရက်နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားတာက ၁၆ ဆမြင့်လာတယ်လို့ ယူကေပြောတဲ့သတင်းအပါအဝင် မတ် ၄ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
မတ်လ ၄ ရက်နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒီစီမံချက်ကို ရယ်စရာတစ်ခု၊ အလုပ်မဖြစ်နိုင်တဲ့ညွှန်ကြားချက်တစ်ခု ဒါမှမဟုတ် စောင့်ကြည့်ရမယ့် နည်းလမ်းတစ်ခုလို့ အမျိုးမျိုးဝေဖန်နေကြရင်း တဖက်မှာလည်း ဆီတန်းစီတဲ့ ကားတန်း၊ ဆိုင်ကယ်တန်းတွေ မြင်နေရပါပြီ။ ဓာတ်ဆီ ဂါလံ သန်း ၆၀ နဲ့ ဒီဇယ် ဂါလံ သန်း ၇၀ စာအသင့်ရှိပြီးဖြစ်သလို ဝယ်ယူထားတဲ့ဆီတွေလည်းရှိတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။ ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
မြန်မာမှာ အရန်စက်သုံးဆီ ရက် ၄၀ စာရှိလို့ ဆီပြတ်လပ်စရာမရှိကြောင်း စစ်ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြောလာပါတယ်။
တစ်ရက်ကို ဓာတ်ဆီ ဂါလံ ၁.၅ သန်း၊ ဒီဇယ်ဆီ ဂါလံ ၁.၇ သန်းသုံးစွဲတာကြောင့် မြန်မာမှာ တစ်ရက်အတွက် ဂါလံ ၃.၂ သန်းသုံးစွဲတယ်လို့ စစ်ကော်မရှင်ရဲ့ စာရင်းအရ သိရပါတယ်။
ဓာတ်ဆီ ဂါလံ သန်း ၆၀ နဲ့ ဒီဇယ် ဂါလံ သန်း ၇၀ စာအသင့်ရှိပြီးဖြစ်သလို ဝယ်ယူထားတဲ့ဆီတွေလည်းရှိတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။
“ဆိပ်ကမ်းမှာဆီမချရသေးတဲ့ သင်္ဘော ၂ စီးရှိတယ်။ လမ်းမှာလာနေတဲ့ စက်သုံးဆီတင်သင်္ဘော ၁၄ စင်းရှိတယ်၊ ရက်ပိုင်းအတွင်းဆိုက်မယ်” လို့ သူက ဆက်ပြောပါတယ်။
ဆီမပြတ်လပ်ပေမဲ့ ဈေးနှုန်းကတော့ ကမ္ဘာ့ဈေးနှုန်းနဲ့အညီဖြစ်လာလိမ့်လို့ ဆိုပါတယ်။
ပြည်သူတွေက စက်သုံးဆီတွေစနစ်တကျဝယ်ဖို့နဲ့ မရောင်းချပေးတဲ့ဆိုင်တွေကိုလည်း တိုင်ကြားနိုင်အောင် ဆောင်ရွက်ပေးမယ်လို့ ဒီနေ့ထုတ်ပြန်ချက်မှာ ထည့်ပြောပါတယ်။
အိမ်နီးချင်းထိုင်းနိုင်ငံက စက်သုံးဆီတင်သွင်းမှုပိတ်လိုက်တာနဲ့ပတ်သက်လို့တော့ မြန်မာဟာ စင်ကာပူနဲ့ မလေးရှားနိုင်ငံတို့ကနေ ဆီတင်သွင်းနေတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံကတော့ စက်သုံးဆီဈေးနှုန်းမတက်အောင် သတ်မှတ်ပေးထားပြီး ၁၅ ရက်တာ သတ်မှတ်ဈေးအတိုင်းရောင်းချကြမှာပါ။ ဒါအပြင် စက်သုံးဆီ ရက်ပေါင်း ၆၀ စာရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
အိမ်နီးချင်းအိန္ဒိယမှာတော့ စက်သုံးဆီနဲ့ စွမ်းအင်ထုတ်ကုန်တွေ ၂၅ ရက်စာ လုံလုံလောက်လောက် ရှိတယ်လို့ အိန္ဒိယကလာတဲ့သတင်းတွေအရသိရပါတယ်။
ဂျပန်နိုင်ငံမှာတော့ ၉ လစာ၊ ရက်ပေါင်း ၂၅၄ ရက်စာ စက်သုံးဆီတွေရှိတယ်လို့ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ က မတ် ၃ ရက်မှာပြောပါတယ်။
လက်ဘနွန်နိုင်ငံမြို့တော် ဘေရွတ်ရဲ့ တောင်ပိုင်းမှာရှိတဲ့ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာ အခြေစိုက်နေရာတွေကို အစ္စရေးရဲ့ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ဒီနေ့မနက်ပိုင်းအထိ ဆက်ရှိနေဆဲဖြစ်ပါတယ်။
မနေ့ကစလို့ ဘေရွတ်မြို့တော်တဝိုက်ကို တိုက်ခိုက်တွေပိုတိုးလုပ်လာပြီး လက်ဘနွန်ပြည်သူ ဒါဇင်နဲ့ချီ သေဆုံးထားပြီလို့ ကျန်းမာရေးတာဝန်ရှိသူတွေဆီက သိရပါတယ်။
ဘီကာတောင်ကြားဒေသအရှေ့ပိုင်းကို တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၄ ဦးထက်မနည်းသေဆုံးခဲ့သလို ဘဲလ်ဘက် (Baalbek) မြို့ကအဆောက်အဦတွေတိုက်ခိုက်ခံရလို့လည်း လူပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
လက်ဘနွန်နဲ့ ထိကပ်နေတဲ့ ဆိုက်ပရပ်စ်နိုင်ငံမှာတော့ လက်ဘနွန်ကောင်းကင်ဘက်ကနေ ရောက်လာတဲ့ “သံသယရှိတဲ့အရာဝတ္ထု” တွေ့ရှိရလို့ဆိုကာ စုံစမ်းစစ်ဆေးမှုတွေလုပ်နေပါတယ်။
ဒါကြောင့် ဆိုက်ပရပ်စ်ရဲ့ လမ်နကာ (Larnaca) အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ လေပိုင်နက်ထဲ လေယာဉ်ဖြတ်သန်းသွားတာတွေခေတ္တရပ်ခဲ့ပါတယ်။
အစ္စရေးနဲ့ အမေရိကန်က အီရန်ကို စစ်ဆင်ရေးအဖြစ် ဖေဖော်ဝါရီ ၂၈ ရက်မှာ စတင်တိုက်ခိုက် ပြီးနောက် အရှေ့အလယ်ပိုင်းဒေသမှာ စစ်ရေးပိုပြင်းထန်လာမယ်လို့ အမေရိကန်က သတိပေးထားပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi ကတော့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ဟာ “ငြိမ်းချမ်းရေး စကားဝိုင်းကို ရည်ရွယ်ချက်ရှိရှိဗုံးကြဲချလိုက်တာ” လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားပါတယ်။
“ရှုပ်ထွေးတဲ့နျူကလီးယားညှိနှိုင်းရေးကိစ္စရပ်မှာလည်း အိမ်ပွဲစားတွေအရောင်းအဝယ်လုပ်သလို ဆက်ဆံတယ်။ လိမ်လည်စကားတွေကအတည်လိုဖြစ်လာချိန် လက်တွေ့မကျတဲ့ မျှော်လင့်ချက် တွေလည်း ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး။ အဲဒီတော့ ရလဒ်ကဘာဖြစ်မှာလဲ။ ဒီစကားဝိုင်းကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲလိုက်တာ” လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghch က ရေးသားပါတယ်။
ထရမ့်က သူ့ကိုရွေးကောက်ပေးခဲ့တဲ့ အမေရိကန်နိုင်ငံသားတွေရော နိုင်ငံတကာသံတမန်ရေးရာ ကိုပါ သစ္စာဖောက်လိုက်တာလို့လည်း အီရန်က ထည့်ပြောထားပါတယ်။
အီရန်အရေးကြောင့် ကမ္ဘာတလွှားစက်သုံးဆီဖူလုံရေးအကျပ်တွေ့ချိန်မှာ ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုတင်ချန်ဝီရကူလ်က ဒီဇယ်တစ်လီတာကို ၂၉.၉၄ ဘတ်နဲ့ ရောင်းချဖို့ မနေ့ မတ် ၃ ရက်မှာပဲ ဈေးသတ်မှတ်လိုက်ပါတယ်။
ထိုင်းအစိုးရပိုင် PTT စွမ်းအင်ကုမ္ပဏီကလည်း နိုင်ငံတဝန်းကအရောင်းဆိုင်တွေမှာ ဝန်ကြီးချုပ်သတ်မှတ်တဲ့ဈေးနှုန်းအတိုင်း ၁၅ ရက်တာရောင်းချမယ့်အကြောင်း ဒီနေ့မှာထုတ်ပြောလာပါတယ်။
ဒါပေမဲ့ မော်တော်ဆိုင်ကယ်မောင်းနှင်သူတွေအနေနဲ့ ဂါလံဘူးတွေ၊ ဆီသိုလှောင်မယ့်ဘူးတွေနဲ့ စက်သုံးဆီဝယ်ယူတာတွေမလုပ်ဖို့တော့ PTT ကုမ္ပဏီဘက်က ပြောထားကြောင်း ထိုင်းဘက်ကလာတဲ့သတင်းတွေမှာဖော်ပြပါတယ်။
ပြီးခဲ့တဲ့ မတ် ၁ ရက် ထိုင်းစွမ်းအင်ဝန်ကြီးဌာနရဲ့ စာရင်းအရ စက်သုံးဆီအမျိုးမျိုးအတွက် လီတာ ၄,၈၇၇ သန်းရှိတာကြောင့် ၃၈ ရက်စာ လုံလုံလောက်လောက်ဖြည့်တင်းပေးနိုင်တယ်လို့ သိရပါတယ်။
ဒါအပြင် အီရန်က ဟော်မုစ် ရေလက်ကြားကိုဖြတ်သန်းပြီးသယ်ယူလာတဲ့ စက်သုံးဆီ လီတာ ၁,၆၆၆ သန်း နဲ့ တခြားရင်းမြစ်တွေကနေ လီတာ ၁,၁၁၇ သန်းရောက်ဖို့ရှိတယ်လို့ဆိုပါတယ်။ ဒါကြောင့် ထိုင်းမှာ စုစုပေါင်း လီတာ ၇,၆၆၀ သန်းရှိပြီး ရက်ပေါင်း ၆၀ စာ ဖူလုံနိုင်တယ်လို့ ဘီဘီစီထိုင်းဘာသာစကားဌာနမှာ ဖော်ပြပါတယ်။
ထိုင်းရဲ့ စီးပွားရေးဆိုင်ရာအဖွဲ့အစည်းတွေကလည်း စက်သုံးဆီလုံလောက်ရေးအတွက် ဖြစ်တန်ချေတွေအကုန်စဉ်းစားဆောင်ရွက်မယ်ဆိုပြီးလည်း ထုတ်ပြောလာကြပါတယ်။
ထိုင်းအစိုးရကတော့ စိုးရိမ်စိတ်လွန်ကဲပြီး စက်သုံးဆီတွေမစုဆောင်းဖို့ သတိပေးထားပါတယ်။
နျူကလီးယားထုတ်လုပ်ရေးမှာသုံးတဲ့ ယူရေနီယမ်အပါအဝင် လက်နက်ထုတ်နိုင်တဲ့ဒြပ်စင်အဆင့် ပလူတိုနီယမ်တွေကို တရားမဝင်ရောင်းဝယ်မှုနဲ့ ဂျပန်နိုင်ငံသား တာကီရှီအီဘီဆာဝါ ကို အမေရိကန်က ထောင်ဒဏ်အနှစ် ၂၀ ချမှတ်လိုက်ပါတယ်။
သူဟာ မြန်မာအပါအဝင် တခြားနိုင်ငံတွေကနေ ဒီဒြပ်စင်တွေကို ရောင်းဝယ်ဖောက်ကားရာမှာပါဝင်သလို နိုင်ငံတကာမူးယစ်ရာဇဝတ်မှုတွေ၊ လက်နက်မှောင်ခိုအပြင် ငွေကြေးခဝါချမှုတွေနဲ့ပါ ပတ်သက်နေတာကြောင့် အခုလိုအမိန့်ချလိုက်တာလို့ အမေရိကန် မူးယစ်ဆေးနှိမ်နင်းရေးအဖွဲ့ (DEA) ကနေ သိရပါတယ်။
“တရားမဝင်နျူကလီးယားပါဝင်ပစ္စည်းတွေကို ကုန်ကူးတာက နယူးယောက်မြို့သားတိုင်း၊ အမေရိကန်နိုင်ငံသားတိုင်းအတွက် အသက်ရှင်သန်ရေးအတွက် ကြီးမားတဲ့ခြိမ်းခြောက်မှုပဲ ဖြစ်တယ်” လို့ အမေရိကန်ရှေ့နေ ဂျေ ကလေတန် (Jay Clayton) က ပြောပါတယ်။
ယာကူဇာခေါင်းဆောင် အီဘီဆာဝါဟာ နျူကလီးယားထုတ်လုပ်နိုင်တဲ့ သိုရီယမ်၊ ယူရေနီယမ်နဲ့ ပလူတိုနီယမ် တို့ကိုရောင်းခဲ့တဲ့အပြင် စစ်မြေပြင်သုံးလက်နက်တွေရောင်းတာကနေလည်း အကျိုးအမြတ်တွေရခဲ့သူလို့ အမေရိကန်ရဲ့ မတ် ၃ ရက်ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
အီဘီဆာဝါကို ဖမ်းမိဖို့အတွက် သုံးနိုင်ငံမှာပူးပေါင်းဆောင်ရွက်ခဲ့ပြီးမှ အမေရိကန်မှာ တရားစီရင်တာလို့ ဆိုပါတယ်။
သူ့ကို ဖမ်းဆီးနိုင်ရေး ၂၀၁၉ ခုနှစ်ကစလုပ်ခဲ့ပြီး DEA ရဲ့ စုံစမ်းဖော်ထုတ်မှုနဲ့ ၂၀၂၂ ခုနှစ်၊ ဧပြီ ၄ ရက်မှာ ဖမ်းဆီးရရှိခဲ့ပါတယ်။ စုံစမ်းဖော်ထုတ်မှုအရ ဂျပန်၊ ထိုင်း၊ မြန်မာ၊ သီရိလင်္ကာ၊ အမေရိကန်အပါအဝင် တခြားနိုင်ငံတွေက ရာဇဝတ်မှုတွေနဲ့ ဆက်စပ်နေတာကို တွေ့ရှိခဲ့ရပါတယ်။
အသက် ၆၁ နှစ်အရွယ် သူဟာ ထောင်ဒဏ်ကျခဲ့ပြီးရင် ၅ နှစ်စောင့်ကြည့်ခံရမှာလည်းဖြစ်ပါတယ်။
အင်မတန်တန်ခိုးထွားခဲ့တဲ့ ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ သူ့တပ်ဖွဲ့ကို ၂၀၀၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်မှာ ဖျက်သိမ်းခဲ့တာ ၂၁ နှစ်တောင်ရှိခဲ့ပါပြီ။
ဒါပေမဲ့ စစ်ခေါင်းဆောင်တွေအတွက် ထောက်လှမ်းရေးရဲ့အရေးပါမှုနဲ့ ထောက်လှမ်းရေးအကြီးအကဲတွေအပေါ် အားကိုးမှုက လျော့မသွားပါဘူး။
အထူးသဖြင့် ၂၀၂၁ အာဏာသိမ်း စစ်အုပ်ချုပ်ရေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို အထူးတလည်ယုံကြည်အားကိုးမှုက ဒီအချက်ကို ပြသနေပါတယ်။
နေပြည်တော်အတွင်းသတင်းတွေအရတော့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးအပေါ် စစ်ခေါင်းဆောင်ရဲ့ ယုံကြည်မှုဟာ ထောက်လှမ်းရေးယန္တရားကို ဦးဆောင်သူတစ်ဦးအဖြစ်သာမကဘဲ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုပါ ပါဝင်နေတယ်လို့ ဆိုကြပါတယ်။
ဗိုလ်ချုပ်ကြီးရဲဝင်းဦး အရာရှိငယ် ဘဝကတည်းက တပ်မှာဆုံကြရာကနေ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တပ်ချုပ်ဖြစ်လာတဲ့အခါ ရာထူးအတက်မြန်လာပြီး စရခချုပ်ဗိုလ်ချုပ်ကြီးအထိဖြစ်လာခဲ့ပါတယ်။ သူ့အကြောင်းအပြည့်အစုံကို ဒီလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။
စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို ကာကွယ်ရေးဦးစီးချုပ်(ကြည်း)အဖြစ် ရာထူးတိုးမြှင့်ပေးလိုက်တယ်လို့ နေပြည်တော်က ဘီဘီစီ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ရာထူးဟာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းရဲ့ လက်ရှိရာထူးဖြစ်ပါတယ်။
ဒါကြောင့် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ ဒုချုပ်တာဝန်တစ်ခုတည်းပဲ ရှိတော့တယ်လို့ နားလည်ရပါတယ်။
“ဒုချုပ်နဲ့ ကြည်းတပ်ဦးစီးချုပ်ရာထူးကို ခွဲလိုက်တာပေါ့” လို့ စစ်ရုံးက ဘီဘီစီသတင်းအရင်းအမြစ်ကပြောပါတယ်။
ဒီရာထူးအပြောင်းအရွှေ့ကြောင့် စရခချုပ်ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နေရာအထိ ရောက်လာဖို့ ရေပန်းစားလာပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ မယ်ခေါင် ၂ ရပ်ကွက်က အပြည်ပြည်ဆိုင်ရာလို့ အမည်ရတဲ့ဟိုတယ်မှာလုပ်ကိုင်နေတဲ့ ကျားဖြန့်လုပ်ငန်းကို စစ်တပ်ကဝင်ရောက်ရှာဖွေပြီး နိုင်ငံခြားသား ၃၉၃ ဦးကိုဖမ်းဆီးရမိတယ်လို့ ဒီနေ့ထုတ်သတင်းစာမှာဖော်ပြပါတယ်။
မြန်မာနိုင်ငံတောင်ပိုင်း၊ ထိုင်း - မြန်မာနယ်စပ်မှာရှိတဲ့ ရွှေကုက္ကို - KK Park ကို ဝင်ရောက်စီးနင်း ပြီးနောက် စစ်တပ်ရဲ့ကျားဖြန့်နှိမ်နင်းရေးလနဲ့ချီရပ်တန့်နေရာကနေ မတ် ၃ ရက်မှာ တာချီလိတ် မြို့ပေါ်က ဒီလုပ်ငန်းကို အခုလိုဖမ်းဆီးခဲ့တာပါ။
ကမ္ဘာတဝန်းကလူတွေရဲ့ လူမှုဘဝတွေကိုထိခိုက်ပျက်စီးစေတဲ့ ကျားဖြန့်လုပ်ငန်းတွေကို တိုက်ဖျက်ရေးအတွက် အမျိုးသားရေးတာဝန်တရပ်အဖြစ်ခံယူပြီး အဖွဲ့ပုံစံပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေနဲ့ အထူးအလေးထားတိုက်ဖျက်နေတာလို့ စစ်ကော်မရှင်က ဒီနေ့ထုတ်ပြန်ချက်မှာ ထည့်ပြောပါတယ်။
ဒါဟာ အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထားလိမ်လည်နေတဲ့ အရှေ့တောင်အာရှက ကျားဖြန့်လုပ် ငန်းတွေကို ထိုင်းတော်ဝင်ရဲတပ်ဖွဲ့နဲ့ အမေရိကန်ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရို (FBI) တို့ ပူးပေါင်းပြီး နှိမ်နင်းနေကြောင်း ဓာတ်ပုံနဲ့တကွထုတ်ပြန်လာပြီး ရက်ပိုင်းမှာပဲ ထိုင်း - မြန်မာနယ်စပ်မှာ မြန်မာစစ်တပ်ရဲ့ကျားဖြန့်နှိမ်နင်းမှုတွေ ပြန်ရှိလာတာလည်းဖြစ်ပါတယ်။
ထိုင်းဘက်ခြမ်းကနေ မြန်မာအခြမ်းက ကျားဖြန့်လုပ်ကိုင်တယ် လို့ယူဆရတဲ့အဆောက်အဦတွေကို လှမ်းကြည့်နေတဲ့ဓာတ်ပုံတစ်ပုံပါ FBI က ထုတ်ပြန်ခဲ့တာပါ။
အခု တာချီလိတ်ဖြစ်စဉ်မှာတော့ ဟိုတယ်လိုင်စင်မရှိတဲ့ အပြည်ပြည်ဆိုင်ရာဟိုတယ်မှာ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) နဲ့ အွန်လိုင်းလောင်းကစားတွေလုပ်ကိုင်နေတာကို သတင်းရလို့ စစ်ဆေးပြီးတဲ့နောက် တရုတ်၊ မလေးရှား၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေကို ဖမ်းဆီးရမိတယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံသားတွေကို အများဆုံးဖမ်းမိခဲ့ပြီး အမျိုးသား ၂၈၉ ဦးနဲ့ အမျိုးသမီး ၈ ဦးပါဝင်ပါတယ်။ မလေးရှားနိုင်ငံကတော့ အမျိုးသား ၃၁ ဦးနဲ့ အမျိုးသမီး ၇ ဦးပါ။ ဗီယက်နမ်နိုင်ငံကတော့ အမျိုးသား ၄၆ ဦးနဲ့ အမျိုးသမီး ၁၁ ဦး၊ ဖိလစ်ပိုင်နိုင်ငံက အမျိုးသမီးတစ်ဦးတို့ ပါဝင်ပါတယ်။
ဒါအပြင် ကွန်ပျူတာ ၁၇၄ လုံး၊ CPU အလုံး ၇၀၊ Starlink ၉ လုံး၊ ဖုန်းမျိုးစုံ ၂၃၃ လုံးနဲ့ ဆက်စပ် ပစ္စည်းတွေကို သိမ်းဆည်းခဲ့ပါတယ်။
ကူဝိတ်နိုင်ငံမှာရှိတဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတစ်ခုကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အီရန်က ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ အမေရိကန်စစ်သား ခြောက်ဦး သေဆုံးခဲ့ကြောင်း အမေရိကန်က အတည်ပြုပါတယ်။
အမေရိကန် ဗဟိုကွပ်ကဲမှုဌာန (CENTCOM) က အဲဒီ ဖြစ်စဉ်အတွင်း စစ်သားသုံးယောက် သေဆုံးခဲ့ကြောင်း ကနဦးပြောကြားခဲ့ပေမဲ့ ပြီးခဲ့တဲ့ တနင်္လာနေ့ကတော့ သေဆုံးသူဦးရေ နှစ်ဆတိုးလာကြောင်း အမေရိကန် အရာရှိတွေက အတည်ပြုခဲ့ကြပါတယ်။
ဒဏ်ရာရရှိသူတစ်ယောက် သေဆုံးသွားပြီးနောက် အပျက်အစီးပုံထဲကနေ အမေရိကန် စစ်သား အလောင်းနှစ်လောင်း ထပ်မံတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အီရန်ရဲ့ ကနဦးလက်တုံ့ပြန်မှုအတွင်း ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တစ်စင်းဟာ ဝေဟင်ကာကွယ်ရေးစနစ်ကို ကျော်ဖြတ်ကာ ကူဝိတ်မှာရှိတဲ့ အမေရိကန် မြေအောက်ခိုလှုံရာ ဘန်ကာတခုကို ထိမှန်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆက်က အတည်ပြုခဲ့ပါတယ်။
ဒီအမေရိကန် တပ်ဖွဲ့ဝင် ၆ ယောက် သေဆုံးမှုအကြောင်း ဒီလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။
စက်သုံးဆီခြိုးခြုံချွေတာဖို့အတွက် အိမ်စီးကားတွေကို စုံရက်တွေမှာ စုံနံပါတ်အက္ခရာ၊ မရက်တွေမှာ မနံပါတ်နဲ့ကားတွေပဲ ထွက်ရမယ်ဆိုတဲ့ စစ်ကော်မရှင်ရဲ့ သတ်မှတ်ချက်အပေါ် ယာဉ်ပိုင်ရှင်တွေ ဝေဖန်နေကြပါတယ်။
လာမယ့် မတ် ၇ ရက်ကစပြီး ပုဂ္ဂလိကယာဉ်တွေ၊ လုပ်ငန်းသုံးယာဉ်တွေနဲ့ သယ်ယူပို့ဆောင်ရေး ယာဉ်တွေလိုက်နာမောင်းနှင်ရမယ့် စည်းကမ်းသတ်မှတ်ချက်ဆိုပြီး မနေ့ညက ထုတ်ပြန်လာတာပါ။
“စုံနံပါတ် စုံရက်မှာ ဆီတန်းဆီဆိုတာမျိုးလုပ်တယ်ဆိုရင် ပိုကောင်းမှာပေါ့။ အဲဒါဆို ဆီဆိုင်မှာ လူနည်းမှာပဲလေ။ အခုက အလုပ်လည်းထိခိုက်မယ်။ ကျန်းမာရေးလူမှုရေးကိစ္စတွေလည်း ချက်ချင်းထွက်မရဆို လူမှုစီးပွားအဆင်မပြေဘူးလေ။ ခရီးသွားတာမျိုးတွေလည်း ခက်ခဲတယ်” လို့ ရန်ကုန်မြို့နေ အိမ်စီးကားပိုင်ရှင်တစ်ဦးကပြောပါတယ်။
2A၊ 4A (စုံနံပါတ်) တွေ စုံရက်၊ 1A၊ 3A (မနံပါတ်) တွေ မရက်ဆိုတဲ့သတ်မှတ်ချက်ဟာ အိမ်စီးကားမောင်းတဲ့သူတွေအပေါ် သတ်မှတ်တာဖြစ်ပါတယ်။ စက်သုံးဆီ မသုံးရတဲ့ လျှပ်စစ် (EV) ကား၊ ဆိုင်ကယ်တွေ နေ့စဉ်မောင်းနှင်နိုင်ပါတယ်။
ဒါပေမဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်တွေ၊ အငှားယာဉ် (Taxi) တွေ၊ စက်သုံးဆီသယ်ယူပို့ဆောင်တဲ့ယာဉ်တွေ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်တွေ၊ ကုန်စည်ပို့ဆောင်ရေးယာဉ်တွေ၊ လူနာတင်ယာဉ်၊ နိဗ္ဗာန်ယာဉ်တွေနဲ့ စည်ပင်အမှိုက်သိမ်းယာဉ် တွေတော့ နေ့စဉ်သုံးနိုင်ပါတယ်။
“စက်သုံးဆီဈေးတော့ အရမ်းကြီးမတက်ဘူး။ ဒီနေ့မနက်ဆီထည့်လာတာ အနည်းဆုံး မီတာ ၃၀၀- ၄၀၀ လောက်တန်းစီရတယ်။ နာရီဝက်နဲ့ တစ်နာရီကြားလောက်တော့ အချိန်ပေးရတယ်” လို့ နောက်ထပ်ရန်ကုန်မြို့နေ အိမ်စီးကားပိုင်ရှင်တစ်ဦးက ပြောပါတယ်။
စစ်ကော်မရှင်ကတော့ စက်သုံးဆီလုပ်ငန်းရှင်တွေရော ပြည်သူတွေပါ စက်သုံးဆီတွေ ဝယ်ယူစုဆောင်းတာ၊ ဈေးနှုန်းမြှင့်ရောင်းတာတွေလုံးဝမလုပ်ဖို့ဆိုပြီး မနေ့ကထုတ်ပြန်ချက်မှာ ထည့်ပြောထားပါတယ်။
ဒီစည်းကမ်းသတ်မှတ်ချက်တွေဟာ နောက်ထပ်တစုံတရာမထုတ်ပြန်ခင်အချိန်အထိ အတည်ဖြစ်ပြီး ဖောက်ဖျက်ရင် တည်ဆဲဥပဒေတွေနဲ့ အရေးယူမယ်လို့ ဖော်ပြပါတယ်။
ဒါပေမဲ့ ဘယ်လိုဥပဒေနဲ့အရေးယူမှာလဲ၊ ဘယ်လိုအပြစ်ပေးမှာလဲဆိုတာကိုတော့ တိတိကျကျ ထည့်ပြောတာမရှိပါဘူး။
အမေရိကန်-အစ္စရေးတို့ပူးပေါင်းပြီး အီရန်အပေါ် တိုက်ခိုက်မှုပြီးတဲ့နောက် အရှေ့အလယ်ပိုင်းဒေသမှာဖြစ်လာတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ဟော်မုစ် ရေလက်ကြားကနေ ဆီတင်သွင်းတဲ့သင်္ဘောတွေ သွားလာရေးပိတ်ဆို့မှုတွေရှိနေတာဖြစ်ပါတယ်။
စစ်တပ်က ပေးတဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးတဲ့ မတ် ၂ ရက် တောင်သူလယ်သမားနေ့ဟာ အရင်နှစ်အဆက်ဆက်က လွတ်ငြိမ်းခွင့်ပေးလေ့ရှိတဲ့ရက်မျိုး မဟုတ်တာကို တွေ့ရပါတယ်။
ပုံမှန်ဆိုရင် မြန်မာနှစ်ဆန်းတစ်ရက်နေ့နဲ့ လွတ်လပ်ရေးနေ့တွေမှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွေ အများဆုံးပေးတာ ဖြစ်ပါတယ်။
အခု ၂၀၂၆ ခုနှစ် မတ်မှာတော့ ပြစ်ဒဏ်လွတ်ငြိမ်း ပုံမှန်ပေးလေ့မရှိတဲ့ တောင်သူလယ်သမားနေ့မှာ နိုင်ငံရေးအကျဉ်းသား ၂ သောင်းဝန်းကျင်နဲ့ အထွေထွေအကျဉ်းသား ၂၈၀၀ ကျော်၊ နိုင်ငံခြားသား ၁၀ ယောက်တို့ကို လွှတ်ပေးတာ ဖြစ်ပါတယ်။
ဒါပေမဲ့ လွတ်ငြိမ်းခွင့်ပေးတယ်လို့ စာထုတ်တဲ့ လူ ၂ သောင်းကျော်မှာ နိုင်ငံတကာက စစ်တပ်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်လို လူပုဂ္ဂိုလ်တွေ မပါဝင်ခဲ့ပါဘူး။
ဒါကြောင့် အရပ်သားအုပ်စိုးမှုလမ်းကြောင်း ပြန်ဖော်ဖို့ကြိုးစားနေတယ်လို့ဆိုတဲ့စစ်တပ်ဟာ မြန်မာ့နိုင်ငံရေးမှာ အခရာကျတဲ့ ဖမ်းဆီးခံအရပ်သားတွေကို နိုင်ငံရေးအကျိုးအမြတ်အရ ရည်ရွယ်ချက်ရှိရှိ အကျဉ်းချထားဆဲဆိုတဲ့အမြင်တွေလည်း ရှိနေပါတယ်။
အပြည့်အစုံကို ဒီလင့်ခ်ကိုနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။
ကျောင်းသားဗီဇာ/သင်ကြားရေးဗီဇာ (Study Visa) နဲ့လာပြီး နိုင်ငံရေးခိုလှုံသူတွေများလာတာကြောင့် မြန်မာ၊ အာဖဂန်နစ္စတန်၊ ဆူဒန်နဲ့ ကင်မရွန်းစတဲ့ ၄ နိုင်ငံကို ဗီဇာပေးတာရပ်ဆိုင်းကြောင်း ယူကေအစိုးရက ထုတ်ပြန်လာပါတယ်။
၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း ကျောင်းသားဗီဇာနဲ့ ယူကေကို တရားဝင်ရောက်လာခဲ့ပြီးမှ နိုင်ငံရေးခိုလှုံခွင့်လျှောက်သူ သုံးဆကျော်များလာပါတယ်။
နိုင်ငံရေးခိုလှုံခွင့်လျှောက်သူ အရေအတွက်ရဲ့ ၁၃ ရာခိုင်နှုန်းဟာ ကျောင်းသားဗီဇာနဲ့ရောက်လာသူတွေလို့ ဆိုပါတယ်။ အဲဒီထဲ မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားတာက ၁၆ ဆ မြင့်လာပါတယ်။
ယူကေကို ဒီဗီဇာနဲ့ရောက်လာတဲ့ အာဖဂန်နိုင်ငံသား ၉၅ ရာခိုင်နှုန်းက ခိုလှုံခွင့်တောင်းသလို ကင်မရွန်းနဲ့ ဆူဒန်ကနေ ၃၃၀ ရာခိုင်နှုန်းကျော်အထိ တိုးလာတာပါ။
“ကျွန်မတို့အကူအညီပေးတာကိုအလွဲသုံးစားလုပ်ဖို့ ကြိုးစားနေတဲ့နိုင်ငံသားတွေကို ဗီဇာပေးမယ့် အစား မပေးဖို့ဆိုပြီး အရင်ကမလုပ်ခဲ့ဖူးတဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်လိုက်တာဖြစ်ပါတယ်” လို့ ယူကေရဲ့ ပြည်ထဲရေးဝန်ကြီး Shabana Mahmood က ပြောပါတယ်။
ဒါပေမဲ့ ယူကေအစိုးရကပေးတဲ့ ချီဗနင်းပညာတော်သင်ဆုမှာ မြန်မာတွေဆက်လက်ပါဝင်ခွင့်နဲ့ ပတ်သက်လို့တော့ တိတိကျကျမသိရသေးပါဘူး။
ဒါအပြင် အာဖဂန်နိုင်ငံရဲ့ ကျွမ်းကျင်လုပ်သားဗီဇာကိုလည်း ရပ်ဆိုင်းလိုက်ပါတယ်။
မင်္ဂလာပါ။ မတ် ၄ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။