ဟောင်ကောင်က လေယာဉ်ကွင်းနဲ့ မြို့တွင်းအချက်အချာကျလမ်းကြောင်းတွေ နှောက်ယှက်ခံရ

ဟောင်ဟောင်မြို့အတွင်း အချက်အချာကျတဲ့ ပို့ဆောင်ဆက်သွယ်ရေးလမ်းကြောင်းတွေမှာ ဆန္ဒပြသူတွေက နေရာယူထားပြီး အထွေထွေသပိတ်စတင်ဖို့ လုပ်နေတာကြောင့် နိုင်ငံတကာ လေကြောင်းခရီးစဉ် နှစ်ရာကျော် ဖျက်သိမ်းလိုက်ရပါတယ်။

ဒါ့အပြင် မြို့တွင်းပြေးဆွဲတဲ့ရထားခရီးစဉ်တွေလည်း မနက်ခင်း လူသုံးများချိန်မှာ အစီအစဉ်အတိုင်း မပြေးဆွဲနိုင်တာတွေဖြစ်ခဲ့ပါတယ်။

ဆန္ဒပြသူတွေဟာ ရထားတွေသွားလာလို့မရအောင် ရထားတံခါးဝတွေမှာ ပိတ်ဆို့မတ်တပ်ရပ် တာတွေ၊ လှဲလျောင်းတာတွေလည်းပြုလုပ်ခဲ့လို့ ရထားစီးမယ့်သူတွေနဲ့ ဆန္ဒပြသူတွေကြား တွန်းထိုးတာတွေ ဖြစ်ခဲ့ပါတယ်။

လေယာဉ်ကွင်းက ခရီးသွားလာရေးကိုနှောက်ယှက်ဖို့ရှိနိုင်တယ်ဆိုပြီး အာဏာပိုင်က သတိပေး ထားတဲ့အတွက် တနင်္လာနေ့မနက်မှာ လေယာဉ်အစင်းနှစ်ရာကျော် ခရီးစဉ် ဖျက်လိုက်ရပါတယ်။ ခရီးစဉ်အများဆုံးဖျက်လိုက်ရတဲ့လေကြောင်းလိုင်းတွေကတော့ ပြည်တွင်းမှာပြေးဆွဲတဲ့ ကေသီပစိဖိတ် Cathay Pacific နဲ့ ဟောင်ကောင်လေကြောင်းလိုင်း တွေပဲဖြစ်ပါတယ်။

ခရီးသည်တွေအနေနဲ့လည်း ထွက်ခွာမယ့်လေယာဉ်အစီအစဉ်တွေကို သက်ဆိုင်ရာလေကြောင်း လိုင်းရဲ့ အင်တာနက်စာမျက်နှာတွေမှာတိုက်ရိုက်ကြည့်ရှုစစ်ဆေးရပြီး ခရီးစဉ်အပြောင်းအလဲနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ရယူကြရပါတယ်။

ခရီးသည်တွေအနေနဲ့ လေကြောင်းလိုင်း၊ ထိုင်ခုံနံပတ်နဲ့ လေယာဉ်ထွက်ခွာချိန်ကို အတည်ပြုချက် ရယူပြီးမှာ လေယာဉ်ကွင်းကိုသွားကြဖို့ လေယာဉ်ကွင်းအာဏာပိုင်တွေက သတိပေးထုတ်ပြန်ထား ပါတယ်။ ဆန္ဒပြသူတွေကြောင့် လေယာဉ်ကွင်းကိုသွားတဲ့ရထားတွေလည်း ထွက်ခွာချိန်ရွှေ့ဆိုင်း လိုက်ရတာတွေလည်းရှိပါတယ်။

တနင်္လာနေ့မှာ ဆန္ဒပြသူတွေက တမြို့လုံးမှာဆန္ဒပြပွဲပြုလုပ်သွားဖို့ပြင်ဆင်ထားပြီး ကဏ္ဍအသီးသီး ကလူ ၁၄၀၀၀ ကျော်ကလည်း ဆန္ဒပြပွဲမှာပါဝင်ဆန္ဒပြကြမယ်လို့ ဆန္ဒပြပွဲစီစဉ်သူတွေက ပြောပါ တယ်။

ဆန္ဒပြသူတွေရဲ့သီးခြားတောင်းဆိုမှုတစ်ခုအတွက်အကြောင်းပြပြီး ကြီးထွားကျယ်ပြန့်လာတဲ့ နှောက်ယှက်မှုဟာ ဟောင်ကောင်ရဲ့ တရားဥပဒေစိုးမိုးရေးကို အကြီးအကျယ်ထိခိုက်ပျက်စီးစေပြီး ဟောင်ကောင်မြို့ ကို ကြီးမားတဲ့အန္တရာယ်ထဲကို တွန်းပို့နေတယ်လို့ ဟောင်ကောင်ခေါင်းဆောင် ကယ်ရီလမ်းက တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

တဖြည်းဖြည်းပိုဆိုးလာတဲ့ ဟောင်ကောင်က ဆန္ဒပြမှုဟာ ပြစ်မှုကျူးလွန်တဲ့တရားခံတွေကို တရုတ်ပြည်မကြီးဆီ လွှဲပြောင်းပေးမယ့် အငြင်းပွားဖွယ် ဥပဒေမူကြမ်းကနေ အခြေခံပါတယ်။

တရားခံလွှဲပြောင်းရေး ဥပဒေသာ အတည်ဖြစ်ခဲ့ရင် တရုတ်ပြည်မကြီးရဲ့ တရားစီရင်ရေး စနစ် လက်အောက် ရောက်စေမှာ ဖြစ်ပြီး ဟောင်ကောင်ရဲ့ လွတ်လပ်တဲ့တရားရေးမဏ္ဍိုင်စနစ်ကိုလည်း ထိခိုက်ဖို့ ဦးတည် စေတယ်လို့ ဥပဒေကြမ်းကို ဆန့်ကျင်ကြသူတွေက ထောက်ပြကြပါတယ်။