တရုတ်ရောက် ဟောင်ကောင်မင်းသား ဓားထိုးခံရ

ဟောင်ကောင်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ဟောင်ကောင်မင်းသား တရုတ်ပြည်မှာ ဓါးထိုးခံရ

တရုတ်နိုင်ငံမှာ ကျင်းပတဲ့ ကုန်ပစ္စည်း အရောင်းမြှင့်တင်ပွဲ တခုမှာ တက်ရောက် မိန့်ခွန်း ပြောကြားစဉ် ဟောင်ကောင် မင်းသားလည်းဖြစ် ရုပ်ရှင် ထုတ်လုပ်သူလည်း ဖြစ်တဲ့ ဆိုင်မွန်ရမ်း ဓားနဲ့ ထိုးခံခဲ့ရပါတယ်။

ရုပ်ရှင် ထူးချွန်ဆုပေးပွဲပေါင်းများစွာ တက်ရောက်ခဲ့ဖူးတဲ့ ဆိုင်မွန်ရမ်း ဟာ ၂၀၁၉ခုနှစ် ဇူလိုင်လ(၂၀)ရက်နေ့ မနက်ပိုင်းက တရုတ်နိုင်ငံ ဂွန်ဒေါင်းပြည်နယ်မှာ ရှိတဲ့ New Beijing Easy home စတိုးဆိုင်ဖွင့်ပွဲ အခမ်းအနားတက်ရောက် စကားပြောကြားစဉ် အမျိုးသား တယောက်က ဓားနဲ့ ထိုးလိုက်တဲ့ အတွက် ဒဏ်ရာရသွားခဲ့ပါတယ်။

နာမည်ကျော် ဟောင်ကောင်ရုပ်ရှင် သရုပ်ဆောင်နှင့် ရုပ်ရှင်ထုတ်လုပ်သူ အသက်(၆၄)နှစ်အရွယ် ဆိုင်မွန်ရမ်း စကားပြောရာ စင်မြင့်ကို လူတယောက် ချဉ်းကပ်လာပြီး ဓားနဲ့ ပစ်ထိုးမှု ဖြစ်ခဲ့ပြီးနောက် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တဲ့ ဗီဒီယို ကို တရုတ် လူမှုကွန်ယက် စာမျက်နှာ ဝေဘိုမှာ တွေ့မြင်ရပါတယ်။

ဟောင်ကောင် မင်းသား ဆိုင်မွန်ရမ်း ရဲ့ အစာအိမ်မှာ ဓားဒဏ်ရာရသွားသလို လက်မောင်းလည်း ထိသွားပေမယ့် သတိမေ့မျောသွားတာမျိုး မရှိပါဘူးလို့ သူ့မန်နေဂျာ Lester Mo Gee-man က တောင်ချိုင်းနားမောနင်းပို့စ် သတင်းစာကို ပြောကြားခဲ့ ပါတယ်။

ဟောင်ကောင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, Lara Croft: Tomb Raider - The Cradle of Life ဇတ်ကားမှာ ဆိုင်မွန်ရမ်းဟာ အန်ဂျလီနာ ဂျိုလီနဲ့ သရုပ်ဆောင်ခဲ့

လက်ရှိမှာ အသက်အန္တရာယ် မစိုးရိမ်ရပေမယ့် သူ့ဒဏ်ရာကို ခွဲစိတ် ကုသဖို့ သင့်မသင့် ဆိုတာ ဆရာဝန်တွေ စဉ်းစားနေတယ်လို့လည်း ဆိုပါတယ်။

သူ့ ဗိုက်ကို ဓားနဲ့ ဆက်တိုက်ထိုးခဲ့တဲ့ အမျိုးသားကို အနီးနားက လုံခြုံရေးအစောင့်တွေက အခင်းဖြစ်ပွားရာ နေရာမှာတင် ဝိုင်းဝန်းဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

ဆေးရုံမှာ ကုသမှုခံယူနေသည့် ဆိုင်မွန်ရမ်းရဲ့ အခြေအနေဟာ အသက်အန္တရာယ်ဆိုးရိမ်ဖွယ်မရှိကြောင်း သူ့မန်နေဂျာက သတင်းထုတ်ပြန်ထားပါတယ်။

အွန်လိုင်းပေါ်မှာတွေ့ရတဲ့ နောက်ဗီဒီယို တခုမှာတော့ မစ္စတာရမ်းဟာ တိုက်ခိုက်ခံရပြီးနောက် သူ့ဝမ်းဗိုက်ပေါ်က ဒဏ်ရာကို လက်နဲ့ပိတ်ကာ သူ့ကို ဆေးရုံပို့ပေးဖို့ ပြောဆိုနေတာ တွေ့ရပါတယ်။

ဆိုင်မွန်ရမ်း ဟာ သရုပ်ဆောင် မော်ဒယ် အဖြစ် စတင်ခဲ့ပြီး နောက်ပိုင်းမှာ တရုတ်စကားပြော ရုပ်ရှင် ဇာတ်ကားတော်တော်များများမှာ ဝင်ရောက် သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Lara Croft: Tomb Raider - The Cradle of Life ဟောလီးဝုဒ် ရုပ်ရှင် ဇာတ်ကားမှာတော့ သူက မှောင်ခို ရာဇာ အဖြစ် သရုပ်ဆောင် ထားပါတယ်။