ဝိဂါကလေးငယ်တွေကို မိသားစုတွေနဲ့ ခွဲထုတ်ဖို့ တရုတ်လုပ်နေတယ် ဆိုတဲ့ အထောက်အထား ဘီဘီစီက ရ

ဝိဂါကလေးငယ်တွေကို မိသားစုတွေနဲ့ ခွဲထုတ်ဖို့ တရုတ်လုပ်ဆောင်တာ တွေ့ရ
တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်ကျန်းပြည်နယ်မှာ မွတ်ဆလင် ကလေးငယ်တွေကို သူတို့ရဲ့ မိသားစုတွေနဲ့ ခွဲဖို့ အာဏာပိုင်တွေက အကွက်ချ လုပ်နေတယ် ဆိုတဲ့ အထောက်အထားတွေကို ဘီဘီစီက ထုတ်ဖော် တွေ့ရှိခဲ့ပါတယ်။
ဝိဂါ ကလေးငယ် ထောင်ပေါင်းများစွာကို သူတို့ရဲ့ ဆွေမျိုး၊ ဘာသာစကား၊ ကိုးကွယ်ရာ ဘာသာ တွေနဲ့ ဝေးဝေး ခွဲထုတ်ထားပြီး အစိုးရပိုင် ဘော်ဒါကျောင်းကြီးတွေမှာ ထားထားတာကို အစိုးရ စာရွက်စာတမ်းတွေမှာ တွေ့ရပါတယ်။
ကလေးအတော်များများဟာ မူကြိုကျောင်းသားအရွယ်လေးတွေ ဖြစ်ပါတယ်။
ဝိဂါနဲ့ တခြား အရွယ်ရောက်ပြီးသား လူနည်းစု မွတ်ဆလင် လူ သိန်းပေါင်းများစွာကို တရုတ်အစိုးရက ထိန်းသိမ်းရေး စခန်းတွေမှာ ထားရှိထားပါတယ်။ ဒီစခန်းတွေဟာ အစွန်းရောက်ဝါဒကို တိုက်ဖျက်ဖို့ ရည်ရွယ်တဲ့ သင်တန်းစခန်းတွေ ဖြစ်တယ်လို့ တရုတ်အစိုးရက ပြောပါတယ်။
ဒါပေမဲ့ ထိန်းသိမ်းခံထားရသူ အတော်များများဟာ သူတို့ ကိုးကွယ်ရာ ဘာသာအကြောင်း ထုတ်ဖော်ပြောတဲ့အတွက်၊ ဒါမှမဟုတ် တူရကီလို နိုင်ငံခြား တိုင်းပြည်မျိုးတွေနဲ့ ဆက်သွယ်တဲ့ အတွက် ထိန်းသိမ်းတာ ဖြစ်တယ်လို့ အထောက်အထားတွေအရ သိရပါတယ်။

ဟောင်ကောင် ဆန္ဒပြမှု အုပ်ချုပ်ရေးမှူးနဲ့ ဆွေးနွေးဖို့ ကျောင်းသားတွေ ပယ်ချ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဟောင်ကောင်မှာ တရုတ်ပြည်မကြီးဆီ တရားခံ လွှဲပြောင်းရေး ဥပဒေကြမ်းအပေါ် ကန့်ကွက် ဆန္ဒပြမှုတွေနဲ့ ပတ်သက်လို့ တွေ့ဆုံ ဆွေးနွေးဖို့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကယ်ရီ လမ်းရဲ့ ကမ်းလှမ်းချက်ကို ကျောင်းသားတွေက ပယ်ချလိုက်ပါတယ်။
ဆန္ဒပြသူတွေကို တရားစွဲဆို အရေးယူတာမျိုး မလုပ်ပါဘူးလို့ မစ္စ လမ်းက ကတိမပေးမချင်း တွေ့ဆုံဆွေးနွေးမှာ မဟုတ်ဘူးလို့ ကျောင်းသားတွေက ပြောပါတယ်။
ဒါ့အပြင် တွေ့ဆုံဆွေးနွေးမှုကို လူထုရှေ့မှာ လုပ်ဖို့ ကျောင်းသားတွေက တောင်းဆိုထားပါတယ်။ မစ္စ လမ်းကတော့ သီးသန့် ဆွေးနွေးဖို့ အကြံပြုထားပါတယ်။
ဟောင်ကောင်မှာ တရုတ်ကို တရားခံ လွှဲပြောင်းပေးရေး ဥပဒေကြမ်းအပေါ် ကန့်ကွက်ဆန္ဒပြမှုတွေ ဖြစ်ပွားနေတာ သီတင်းပတ် အတော်ကြာနေပြီ ဖြစ်ပြီး ဆန္ဒပြမှု တချို့က အကြမ်းဖက် ဆူပူမှု အဖြစ် အသွင်ပြောင်းသွားခဲ့ပါတယ်။
သောကြာနေ့တုန်းက တရားစွဲခံထားရတဲ့ ဆန္ဒပြသူ တစ်ဦး တရားရုံးမှာ ပထမဆုံးအကြိမ် ကြားနာ စစ်ဆေးခံခဲ့ပါတယ်။

ဟောလိဝုဒ်ရုပ်ရှင်ထုတ်လုပ်သူ မလေးရှားအစိုးရငွေ အလွဲသုံးမှုနဲ့ တရားစွဲခံရ

ဓာတ်ပုံ ရင်းမြစ်, Reuters
မလေးရှားနိုင်ငံမှာ ဝန်ကြီးချုပ်ဟောင်း တစ်ဦးရဲ့ ဇနီးဘက်က ပါလာတဲ့ သားဖြစ်သူ ဟောလိဝုဒ် ရုပ်ရှင်ထုတ်လုပ်သူ ရီဇာ အဇဇ် ဆိုသူကို 1MDB အစိုးရ ရံပုံငွေနဲ့ ဆက်နွယ်နေတဲ့ ငွေကြေးခဝါချမှုနဲ့ မလေးရှား တရားရုံးက တရားစွဲဆိုလိုက်ပါတယ်။
မစ္စတာ အဇဇ် ရဲ့ Red Granite Pictures ရုပ်ရှင် ကုမ္ပဏီဟာ အော်စကာဆု စကာတင် စာရင်းဝင် "The Wolf of Wall Street" ရုပ်ရှင်ကို စီစဉ် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
မစ္စတာ အဇဇ်ကို ဒေါ်လာ သန်း ၂၅၀ နီးပါး အလွဲသုံးစား လုပ်ခဲ့မှုနဲ့ တရားစွဲဆိုခဲ့တာပါ။
သူကတော့ အပြစ်မရှိကြောင်း ခုခံ လျှောက်လဲခဲ့ပါတယ်။
မစ္စတာ အဇဇ်ရဲ့ ပထွေးဖြစ်သူ ဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇက် ကိုယ်တိုင်လည်း သူ့ဇနီးနဲ့အတူ အဂတိ လိုက်စားမှုနဲ့ တရားစွဲခံထားရပါတယ်။ သူတို့နှစ်ဦးစလုံးက သူတို့မဟုတ်တာ ဘာမှ မလုပ်ခဲ့ဘူးလို့ ငြင်းဆိုထားပါတယ်။
မစ္စတာ အဇဇ်ရဲ့ Red Granite Pictures ကုမ္ပဏီ ဟာ အဲဒီ ရုပ်ရှင် ရိုက်ဖို့အတွက် အစိုးရ ရန်ပုံငွေထဲက ငွေတွေကို အလွဲသုံးစား ယူသုံးခဲ့တယ်လို့ အမေရိကန် အစိုးရရှေ့နေတွေက စွပ်စွဲထားပါတယ်။








