အင်ဒိုနီးရှားမှာ ‌ဘောလုံးကွင်းထဲ လူအုပ်ပိမှု ၁၇၄ ဦးထက်မနည်းသေဆုံး

အများစုဟာ အသက်ရှုရပ်ပြီး သေဆုံးခဲ့တာလို့ ရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, အများစုဟာ အသက်ရှုရပ်ပြီး သေဆုံးခဲ့တာလို့ ရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံက ဘောလုံးကွင်းတစ်ကွင်းထဲမှာ ပွဲပြီးချိန် ကွင်းထဲ ချဥ်းနင်းဝင်ရောက်ခဲ့တဲ့ပရိသတ်တွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးသုံးပြီး လူစုခွဲခဲ့တာကြောင့် ကွင်းထဲက ထွက်ဖို့ကြိုးစားတဲ့ ပရိသတ်တွေကြား လူအုပ်ပိမှုဖြစ်လို့ လူပေါင်း ၁၇၄ ဦးထက်မနည်း သေဆုံးသူ မြင့်တက်လာပါတယ်။

အရှေ့ဂျာဗားကျွန်းက အရီးမားအက်ဖ်စီ ဘောလုံးအသင်းက ပါစီဘာယာ ဆူရာဘာယအသင်းကို ရှုံးခဲ့ပြီးနောက် အခုဖြစ်ရပ်ဖြစ်ခဲ့တာပါ။

သေဆုံးသူ ၁၃၀ နီးပါးရှိတယ်လို့ အာဏာပိုင်တွေက အစောပိုင်းမှာ ကြေညာခဲ့ပေမဲ့ နောက်ပိုင်းမှာ သေဆုံးသူအရေအတွက် ၁၇၄ ဦးအထိရှိလာသလို နောက်ထပ် လူ ၁၁ ဦးလည်း စိုးရိမ်ရတဲ့အခြေအနေမှာရှိနေတယ်လို့ သတင်းထုတ်ပြန်လတာာဖြစ်ပါတယ်။

အခင်းဖြစ်ချိန် ထွက်ပေါ်လာတဲ့ ရုပ်သံတွေမှာတော့ ပွဲအပြီး ခရာမှုတ်လိုက်ချိန်မှာ ပရိသတ်တွေက ကွင်းအတွင်းကို ပြေးဝင် သွားကြတာတွေ့ရပါတယ်။

ရဲက ဒီအခြေအနေကို ထိန်းဖို့ မျက်ရည်ယိုဗုံးသုံးတဲ့အခါမှာ ပရိသတ်ကြား လူအုပ်ပိမှုဖြစ်ပြီး အသက်ရှုကျပ်ကာ သေဆုံးမှုတွေ ဖြစ်ခဲ့တယ်လို့ အရှေ့ဂျာဗားကျွန်းရဲချုပ် နီကိုအဖင်တာက ပြောပါတယ်။

သေဆုံးခဲ့သူအများစုဟာ အသက်ရှုကျပ်ပြီး သေဆုံးခဲ့တာလို့ ရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, သေဆုံးခဲ့သူအများစုဟာ အသက်ရှုကျပ်ပြီး သေဆုံးခဲ့တာလို့ ရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။

ရဲက ဒီအခြေအနေကို ထိန်းဖို့ မျက်ရည်ယိုဗုံးသုံးတဲ့အခါမှာ ပရိသတ်ကြား လူအုပ်ပိမှုဖြစ်ပြီး အသက်ရှုကျပ်ကာ သေဆုံးမှုတွေ ဖြစ်ခဲ့တယ်လို့ အရှေ့ဂျာဗားကျွန်းရဲချုပ် နီကိုအဖင်တာက ပြောပါတယ်။

သေဆုံးခဲ့သူတွေထဲမှာ ရဲ ၂ ဦးလည်း ပါဝင်တယ်လို့ သူက ထပ်ပြောပါတယ်။

''၃၄ ဦးက အားကစားရုံထဲမှာ ဆုံးပါးပြီး ကျန်တဲ့သူတွေကတော့ ဆေးရုံမှာ ဆုံးပါးသွားကြသူတွေဖြစ်ပါတယ်''လို့ မစ္စတာ အဖင်တာ က ပြောပါတယ်။

''ထွက်ပေါက်တစ်ခုတည်းကို သူတို့ သွားစုမိကြတယ်။ အဲဒီမှာ လူတွေကြပ်ပြီး အသက်ရှုခက်တာ၊ အောက်စီဂျင်ပြတ်တာတွေ ဖြစ်ကုန်တာ''လို့လည်း သူက ပြောပါတယ်။

အင်ဒိုနီးရှားဘောလုံးအသင်းကတော့ ဒီဖြစ်ရပ်ကို စုံစမ်းမှုစတင်နေပြီဖြစ်ပြီး အင်ဒိုနီးရှားဘောလုံးလောကအတွက် အမည်းစက်ထင်စေတဲ့ဖြစ်ရပ်လို့ ပြောထားပါတယ်။

အင်ဒိုနီးရှားထိပ်တန်းကလပ်တွေကစားတဲ့ BRI လီဂါ လိဂ်ပြိုင်ပွဲကိုလည်း သတင်းတစ်ပတ် ဆိုင်းငံ့လိုက်ပြီဖြစ်ပါတယ်။

သမ္မတ ဂျိုကိုဝီဒိုဒိုကလည်း အခုဖြစ်စဥ်ကို စုံစမ်းစစ်ဆေးမှုမပြီးမချင်း အင်ဒိုနီးရှားထိပ်တန်းဘောလုံးလိဂ်ပြိုင်ပွဲကို နားထားဖို့ အမိန့်ထုတ်ထားပါတယ်။

ကွင်းထဲက မတည်ငြိမ်မှုတွေကြောင့် စတဲ့ ဒီဖြစ်ရပ်ကြောင့် ကွင်းအပြင်က ကားအချို့လည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကွင်းထဲက မတည်ငြိမ်မှုတွေကြောင့် စတဲ့ ဒီဖြစ်ရပ်ကြောင့် ကွင်းအပြင်က ကားအချို့လည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

ဘောလုံးပွဲတွေအတွင်း အဓိကရုဏ်းဖြစ်တဲ့ ဖြစ်စဥ်ဟာ အင်ဒိုနီးရှားမှာတော့ အသစ်အဆန်းမဟုတ်သလို အခုယှဥ်ပြိုင်ကြတဲ့ နှစ်သင်းဟာလည်း ကာလရှည်ပြိုင်ဘက်တွေဖြစ်ကြပါတယ်။

နှစ်ဖက်အသင်းပရိသတ်တွေကြား ခိုက်ရန်ဖြစ်ကြမှာကို စိုးရိမ်တာကြောင့် ပါစီဘာယာ ဆူရာဘာယအသင်းပရိသတ်တွေဆိုရင် ဘောလုံးပွဲကြည့်ဖို့ လက်မှတ်တောင် ဝယ်ခွင့်မပေးထားပါဘူး။

ဒါပေမဲ့ အင်ဒိုနီးရှားလုံခြုံရေးဝန်ကြီးကတော့ အားကစားရုံထဲက ပွဲကြည့်ပရိသတ်ပမာဏဟာ လူ ၄၂၀၀၀ အထိရှိနေတယ်လို့ ပြောပါတယ်။ ဒါဟာ အားကစားရုံဝင်ဆံ့တဲ့ ပွဲကြည့်ပရိသတ်ပမာဏထက် ‌လူပေါင်း ၄၀၀၀ နီးပါး များနေတာဖြစ်ပါတယ်။

အခုဖြစ်ရပ်ကတော့ အားကစားရုံတွေအတွင်းမှာဖြစ်တဲ့လူအဆမတန်သေဆုံးမှုဖြစ်ရပ်တွေထဲ နောက်ဆုံးဖြစ်ရပ်ဖြစ်လာပါတယ်။

၁၉၆၄ ခုနှစ်တုန်းကလည်း လီမာမြို့မှာပြုလုပ်တဲ့ ပီရူးနဲ့ အာဂျင်တီးနားဘောလုံးအသင်းတို့ရဲ့ အိုလံပစ်ခြေစစ်ပွဲမှာ လူအုပ်ပိမှုဖြစ်လို့ လူပေါင်း ၃၂၀ သေဆုံးပြီး နောက်ထပ် ၁၀၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။