El Clasico မှာ ထိပ်တိုက်တွေ့မယ့် ရီးယဲယ်မက်ဒရစ်နဲ့ ဘာစီလိုနာ

atl

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ပထမအကျော့ နူးကမ့်ကွင်းမှာတော့ ဂိုးမရှိသရေကျထားပြီး ဆန်တီယာဂို ဘာနေဘေးမှာတော့ ဘာစီလိုနာက ၄ပွဲ ဆက်တိုက် နိုင်ထားပါတယ်။

ရီးယဲယ်မက်ဒရစ်နဲ့ ဘာစီလိုနာ

ဇီဒန်း - ကီကေဆက်တီအန်

ကွင်း - ဆန်တီယာဂို ဘာနေဘေး ( မြန်မာစံတော်ချိန်- နံနက် ၂နာရီခွဲ )

ဒီကနေ့ မြန်မာစံတော်ချိန် နံနက် ၂နာရီခွဲမှာတော့ ၂၀၁၉-၂၀ စပိန်လာလီဂါရဲ့ နာမည်ကျော် အယ်ကလက်စီကို ပွဲကြီး ကန်ဖို့ရှိပါတယ်။ နှစ်သင်းစလုံးက ဒီနှစ်ရာသီ အတွင်း တည်ငြိမ်မှုပိုင်း အားနည်းနေပေမယ့် အမှတ်ပေး ချန်ပီယံဆု အတွက် အကြိမ် အနယ်ယှဉ်ပြိုင်ရမယ့်ပွဲမျိုးပါ။ နောက်ဆုံး ၂ပွဲဆက် အမှတ်လျော့ခဲ့တဲ့ ဇီဒန်းအတွက် ဖိအားတွေနဲ့ ကန်ရမှာဖြစ်သလို ကီကေ ဆက်တီအန်ရဲ့ အသင်းကလည်း အခုချိန်အထိ ဟန်ချက် မညီသေးတာကြောင့် ဒီနှစ်သင်းကြား ကြီးကြီးမားမား ကွာခြားချက်မရှိတာပါ။ ဆိုတော့ El Clasico ဆိုတဲ့ ဘောလုံး ပရိသတ်တွေ အများကြီး စောင့်ကြည့်ကြမယ့် ဒီပွဲ အကြောင်းကို အရင်ဆုံး လေ့လာကြည့်ရအောင်ပါ။

El CLASICO အကြောင်းသိကောင်းစရာများ

စပိန်နိုင်ငံရဲ့ အဓိက မြို့ ကြီးနှစ်မြို့ ဖြစ်တဲ့ မက်ဒရစ်နဲ့ ဘာစီလိုနာမြို့ က ရီးယဲယ်မက်ဒရစ်နဲ့ ဘာစီလိုနာဟာ စပိန်နိုင်ငံမှာ လူကြိုက်အများဆုံး ကလပ်တွေ ဖြစ်ပါတယ်။ စပိန်လူဦးရဲ့ ၃၂ ရာခိုင်နှုန်းက တော်ဝင်မျိုးနွယ်ပိုင်တဲ့ ရီးယဲယ်မက်ဒရစ်ကိုအားပေးပြီး ၂၅ ရာခိုင်နှုန်း က အလယ်လတ်နဲ့ အခြေခံ လူတန်းစားတွေ အားပေးတဲ့ ဘာစီလိုနာ ဖြစ်ပေမယ့် ဒီဖက်နှစ် ပြည်တွင်း အောင်မြင်မှုတွေကြောင့် ဘာစီလိုနာဟာ လက်ရှိမှာတော့ စပိန်ဘောလုံးလောကရဲ့ အကျော်ကြာဆုံး ကလပ်အဖြစ် ၄၄ ရာခိုင်နှုန်းအထိ တက်လာပြီး ရီးယဲယ်က ၃၇ ရာခိုင်နှုန်းသာ ရှိတော့ပါတယ်။

atl

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, El Clasico မှာ အဝေးကွင်း လာကန်ရတဲ့ အသင်းတွေက လက်မှတ်ခွဲတမ်းနည်းပြီး ဘာစီလိုနာပရိသတ်တွေက ၅ဝဝ သာရရှိ

လက်မှတ်ခွဲတမ်း

စပိန်လာလီဂါမှာက ပရီးမီးယားလိဂ်နဲ့ အခြားလိဂ်တွေလို မဟုတ်ဘဲ အဝေးကွင်း ပရိသတ်တွေအတွက် လက်မှတ်ခွဲတမ်း တိတိကျကျ သတ်မှတ်ထားခြင်းမရှိတာပါ။ ပရီးမီးယားလိဂ်မှာက အဝေးကွင်း လာကြည့်မယ့် ပရိသတ်တွကို ကွင်းဆံ့ဝင်မှုရဲ့ ၁၀ရာခိုင်နှုန်းကနေ ၁၅ရာခိုင်နှုန်းအထိ ပေးရလေ့ရှိပေမယ့် စပိန်မှာတော့ အရမ်းကို နည်းနေတာပါ။ El Clasico လိုပွဲကြီးမျိုးမှာဆိုရင် ရီးယဲယ်ဟာ ဘာစီလိုနာကို အိမ်ကွင်း ဆန်တီယာဂို ဘာနေဘေးမှာ လက်မှတ်ခွဲတမ်း ၅၀၀ ပတ်ဝန်းကျင်သာ ပေးပါတယ်။ ပရိသတ် ၈သောင်းကျော် ဆံ့တဲ့ ဒီလို ကွင်းကြီးမှာ ၅၀၀ ဆိုတဲ့ လက်မှတ်ခွဲတမ်းက အရမ်းကို နည်းတာပါ။ ဒီလိုပဲ နူးကမ့်ကွင်းမှာဆိုရင်လည်း ရီးယဲယ် ပရိသတ်တွေက ၁သိန်းနီးဆံ့တဲ့ ကွင်းထဲမှာ လက်မှတ် ခွဲတမ်းက ၈၀၀ နီးပါးသာ ရရှိတာပါ။ ဒါတောင် အဝေးကွင်း ပရိသတ်တွေက ကွင်းရဲ့ အပေါ်ဆုံး ထောင့်မှာသာ နေရာပေးခံရတာလည်းဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာဆိုရင် ဥပမာ အာဆင်နယ်ရဲ့ ကွင်းက ပရိသတ် ၆သောင်းဆံ့တဲ့ အမ်းမရိတ်ကွင်းမှာ အဝေးကွင်း ပရိသတ်တွေကို အနည်းဆုံး လက်မှတ် ၆၀၀၀ ကနေ ၉၀၀၀ အထိပေးပါတယ်။ ဒါပေမယ့် စပိန်မှာက ဒီလို တိကျတဲ့ စည်းမျဉ်း မထုတ်ထားတာကြောင့် အဝေးကွင်း ပရိသတ်တွေအတွက် လက်မှတ်ရဖို့ ခက်ခဲတဲ့ အနေအထားပါ။

အချမ်းသာဆုံးနှစ်သင်း

ရီးယဲယ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ဟာ ၂၀၁၉ ခုနှစ် မေလမှာ ထုတ်ပြန်တဲ့ Forbes ရဲ့ အချမ်းသာဆုံး ဘောလုံးကလပ်တွေဖြစ်ပါတယ်။ ကမ္ဘာ့မှာလည်း အချမ်းသာဆုံး ကလပ်တွေထဲ ထိပ်ဆုံး ၄နေရာအတွင်း ဝင်တာပါ။ ရီးယဲယ်ရဲ့ တန်ဖိုးက အမေရိကန် ဒေါ်လာ ၄.၂ဘီလျံအထိရှိပြီး ဘာစီလိုနာက ၄ဘီလျံကျော်ရှိပြီး သူ့တို့ နှစ်သင်းရဲ့ အထက်မှာတော့ အမေရိကန်က NFL က Dallas Cowboys ( ၅ဘီလျံ )နဲ့ MBL က New York Yankees ( ၄.၆ ဘီလျံ ) အသင်းတွေပဲဖြစ်ပါတယ်။

atl

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဆိုရှယ်မီဒီယာမှာ လူကြိုက် အများဆုံး ကလပ်တွေလည်းဖြစ်

ဆိုရှယ်မီဒီယာ

ချန်ပီယံလိဂ်မှာ အောင်မြင်မှုတွေ အများကြီးရထားပြီး ဒီဖက်ခေတ်ရဲ့ ဥရောပ ဘောလုံးလောကမှာ အောင်မြင်နေတဲ့ ရီးယဲယ်နဲ့ လာလီဂါနဲ့ ပြည်တွင်းမှာ အောင်မြင်မှုတွေ ဆက်တိုက်ရနေတဲ့ ဒီနှစ်သင်းက ဆိုရှယ် မီဒီယာမှာလည်း လူကြိုက် အများဆုံး ကလပ်တွေပဲဖြစ်ပါတယ်။ နှစ်သင်းစလုံးရဲ့ အရှိန်အဝါ၊ နှစ်သင်းစလုံးရဲ့ အစဉ်လာနဲ့ အရင် မက်ဆီ၊ ရော်နယ်လ်ဒို တို့ ပြိုင်ဆိုင်ခဲ့တဲ့ မှတ်တမ်းတွေကြောင့် ဘောလုံးပရိသတ် အများစုရဲ့ အားပေးခြင်းကို ခံနေရတဲ့ အသင်းတွေလည်းဖြစ်ပါတယ်။ ဆိုတော့ ဆိုရှယ်မီဒီယာတွေမှာ ဒီကလပ် တွေကို ဘယ်လို အားပေးနေကြလဲ ကြည့်ကြည့်တော့

Facebook Fans

ရီးယဲယ် - ၁၁၁သန်း

ဘာစီလိုနာ - ၁၀၃သန်း

Twitter Followers

ရီးယဲယ် - ၃၃.၈သန်း

ဘာစီလိုနာ - ၃၂.၁သန်း

Instagram

ရီးယဲယ် - ၈၄.၇သန်း

ဘာစီလိုနာ - ၈၃.၉သန်း

Youtube Subscribe

ရီးယဲယ် - ၅.၅၂သန်း

ဘာစီလိုနာ - ၉.၀၆သန်း

Google Search ( နိုင်ငံ )

ရီးယဲယ် - ၂၉နိုင်ငံ

ဘာစီလိုနာ - ၃၇နိုင်ငံ

( နောက်ဆုံး ၁၂လ အတွင်း ရှာဖွေမှု )

atl

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, မက်ဆီက El Clasico မှာ ၂၆ဂိုးအထိ သွင်းထားပြီး အများဆုံး သွင်းထားသူပါ။

မက်ဆီ နဲ့ ရော်နယ်လ်ဒို

El Clasico ပွဲတွေမှာတော့ မက်ဆီ - ရော်နယ်လ်ဒိုတို့နှစ်ဦး အကြောင်းကို မဖြစ်မနေ ထည့်ပြောရမှာပါ။ နှစ်ဦးစလုံးက ဒီပွဲမှာ မတူညီတဲ့ စံချိန်တွေကို တင်ထားသူတွေဖြစ်ပြီး နောက်ထပ် ချိုးဖို့လည်း ခက်ခဲတဲ့ မှတ်တမ်းကောင်းတွေပါ။ မက်ဆီက El CLasico မှာ သွင်းဂိုး ၂၆ဂိုးအထိ သွင်းထားပြီး ဂိုးအများဆုံး သွင်းထားသူပါ။ ရော်နယ်လ်ဒိုကတော့ ၁၈ ဂိုးသွင်းထားပြီး ရီးယဲယ်ရဲ့ ဂန္ထဝင်ကစားသမားကြီး ဒီတီဖာနိုနဲ့ စံချိန်တူညီနေပါတယ်။ မက်ဆီဟာ ရီးယဲယ်နဲ့ ဆုံတွေတဲ့ ပွဲတွေမှာ ဟက်ထရစ် ၂ ကြိမ်ရဖူးပြီး ဖန်းတီးမှု အများဆုံး လုပ်ထားသူပါ။ ရော်နယ်လ်ဒိုကတော့ El Clasico ပွဲတွေမှာ ၆ ပွဲဆက်တိုက်မှာ ဂိုးသွင်းယူနိုင်တဲ့ တစ်ဦးတည်းသေားကစားသမားပါ။

ထိပ်တိုက်ဆုံတွေ့မှု

ရီးယဲယ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့က သမိုင်းတစ်လျောက်မှာတော့ ပွဲပေါင်း ၂၄၃ ကစားထားကြပြီး ဘာစီလိုနာက ၉၆ပွဲနိုင်၊ ရီးယဲယ်က ၉၅ပွဲ နိုင်ထားကာ ၅၂ပွဲ သရေကျထားပါတယ်။ ဒီဖက်နှစ် နောက်ပိုင်း ရလဒ်တွေမှာ ဘာစီလိုနာဟာ ရီးယဲယ်ကို အသာစီးနဲ့ အနိုင်ရခဲ့တာကြောင့် ထိပ်တိုက် ဆုံတွေ့မှုမှာ ဘာစီလိုနာဖက်က အသာရခဲ့တာဖြစ်ပါတယ်။ လာလီဂါ ၁၇၉ပွဲ ကစားပြီးချိန်မှာတော့ ဘာစီလိုနာနဲ့ ရီးယဲယ်တို့ ၇၂ကြိမ်စီ နိုင်ထားကြပြီး ၃၅ပွဲ သရေကျထားပါတယ်။ ရီးယဲယ်က ၁၉၄၃ ခုနှစ် စပိန်ဘုရင့်ဖလားမှာ ဘာစီလိုနာကို ၁၁ဂိုး-၁ဂိုး နဲ့ အကြီးမားဆုံးနိုင်ခဲ့ပြီး ဘာစီလိုနာက ၁၉၅၀ခုနှစ် လာလီဂါမှာ ၇ဂိုး-၂ဂိုးနဲ့ နိုင်ထားပါတယ်။

atl

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ရော်နယ်လ်ဒိုက El Clasico ၆ပွဲဆက် ဂိုးသွင်းနိုင်တဲ့ ကစားသမားဖြစ်ပါတယ်။

ဒဏ်ရာရ ပြဿနာ

နှစ်သင်းစလုံးမှာ အဓိက ကစားသမားတွေ မစုံမလင်နဲ့ ကစားရမယ့် အနေအထားနဲ့ ရင်ဆိုင်နေရပါတယ်။ ဘာစီလိုနာကတော့ အားထားရတဲ့ ဆွာရက်ဇ်နဲ့ ဒမ်ဘီလီတို့ ကာလရှည် အနားယူနေရလို့ တိုက်စစ်ပိုင်း အားနည်းနေပေမယ့် ခံစစ်က ယော်ဒီ အယ်လ်ဘာ ပြန်ကစားနိုင်မှာပါ။ ရီးယဲယ်မှာတော့ ဟာဇက် လွဲချော်မျာဖြစ်သလို ရိုဒရီဂိုကလည်း ပွဲပယ်ခံထားရလို့ ဗန်းနီးရှပ်စ်၊ ဘေးလ်တို့နဲ့ ပွဲထွက်လာဖွယ်ရှိနေပါတယ်။

ဘယ်သူနိုင်မလဲ

လာလီဂါ ရာသီပိတ်ဖို့ လက်ကျန် ၁၃ပွဲသာလိုတော့တဲ့ အချိန် ဘာစီလိုနာက ၅၅မှတ်၊ ရီးယဲယ် ၅၃မှတ် အနေအထားကြောင့် ဒီပွဲကလည်း ဘယ်သူ အသာရမလဲ ခန့်မှန်းရခက်တဲ့ပွဲမျိုးပါ။ အစဉ်လာအရ ဘာစီလိုနာဟာ ရီးယဲယ်ရဲ့ ဆန်တီယာဂို ဘာနေဘေးမှာ နောက်ဆုံး ၄ပွဲစလုံးကို နိုင်ထားတာပါ။ ၂၀၁၅-၁၆မှာ ၄ဂိုးပြတ်၊ ၂၀၁၆-၁၇မှာ ၃-၂ဂိုး၊ ၂၀၁၇-၁၈မှာ ၃ဂိုးပြတ်နဲ့ ၂၀၁၈-၁၉မှာ ၁ဂိုး-ဂိုးမရှိနဲ့ အနိုင်ရထားတာကြောင့် ဇီဒန်းနဲ့ ရီးယဲယ်အသင်းက ဘယ်လို့ တုန့်ပြန်မလဲ စောင့်ကြည့်ရမှာပါ။ လက်ရှိမှာတော့ နှစ်သင်းစလုံးက အားရစရာ မရှိပေမယ့် ရီးယဲယ်ထက် ဘာစီလိုနာကတော့ အနည်းငယ် ပိုတည်ငြိမ်နေပါတယ်။ နိုင်ပေါင်း ၁၈၀ကျော်ကနေ တိုက်ရိုက်ကြည့်မှာဖြစ်ပြီး ရုပ်သံ ပရိသတ် သန်း ၈၀၀ ကျော်လောက် အထိရှိလာမယ့် El Clasico ပွဲမှာ ဇီဒန်းနဲ့ ကီကေ ဆက်တီယန်တို့ အားပြိုင်ပွဲက ဘယ်လို ရလဒ် ထွက်မလဲ အားလုံးက စိတ်ဝင်စားနေပြီ ဖြစ်ပါတယ်။

atl

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဇီဒန်းနဲ့ ကီကေဆက်တီအန်တို့ El Clasico ပွဲမှာ ပထမဆုံးတွေ့မှာဖြစ်ပါတယ်။

ဖြစ်နိုင်ဖွယ်လူစာရင်း

"ရီးယဲယ်မက်ဒရစ် ( ၄-၃-၃)"

ဂိုး - သီဘို့ကော့တွိုင်

နောက်တန်း - ကာဗယ်ဟာ၊ ဗရန်း၊ ရာမို့စ်၊ မန်ဒီ

အလယ်တန်း - ဗယ်လ်ဗာဒေး၊ ကတ်စမဲရိုး၊ တိုနီခရုစ်

ရှေ့တန်း - ဘန်ဇီမာ၊ ဗန်းနီးရှပ်စ်၊ အစ္စကို

"ဘာစီလိုနာ ( ၄-၄-၂)"

ဂိုး - တာစတေဂန်၊

နောက်တန်း - ဆာဂျီယိုရော်ဘတ်တို၊ ပီကေး၊ အူတီတီ၊ အယ်လ်ဘာ

အလယ်တန်း - ရာကီတစ်၊ ဘူးစကွက်၊ ဒီယောင်၊ ဗီဒါးလ်

ရှေ့တန်း - မက်ဆီ၊ ဂရီးဇ်မန်း