ကမ္ဘာ့အသက်ကြီးဆုံး ဘောလုံးသမား နောက်ထပ် တစ်နှစ် ဆက်ကစားမယ်

atl

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အသက် ၅၂နှစ် ရှိပြီးဖြစ်ပြီး ဘောလုံး ကစားဆဲဖြစ်တဲ့ ကာဇူယိုရှီ

ဘောလုံးလောကအတွင်း အသက်ကြီးဆုံး ကစားသမားအဖြစ် မှတ်တမ်းတင်ထားတဲ့ ဂျပန် ဘောလုံး သမားကြီး ကာဇူယိုရှီကို ဘောလုံးသမားအဖြစ် နောက်ထပ် တွေ့ရဦးမှာ ဖြစ်ပါတယ်။ အသက် ၅၂နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဂျပန် ဘောလုံးသမားကြီးကို သူ့ရဲ့ ကလပ်က သက်တမ်းတိုးခဲ့တာပါ။ ဒါကြောင့် ကာဇူယိုရှီဟာ သူ့အတွက် ဘောလုံးရာသီ ၃၅ ရာသီမြောက်ကို ဖြတ်သန်းဖို့ ရှိလာတာဖြစ်ပါတယ်။

atl

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အသင်းနဲ့ နောက်ထပ် တစ်နှစ် သက်တမ်းတိုးထားတဲ့ ကာဇူယိုရှီ

ကမ္ဘာ့ အသက်အကြီးဆုံး ကစားသမားဖြစ်တဲ့ ဂျပန် ကစားသမား ကာဇူယိုရှီဟာ ဂျေလိဂ် ၂ ကလပ် ယိုကိုဟားမားနဲ့ နောက်ထပ် တစ်နှစ် သက်တမ်းတိုး စာချုပ်ကို ထပ်မံ ချုပ်ဆိုခဲ့တာပါ။ ဘောလုံး အားကစားနည်းကို အရမ်းချစ်မြတ်နိုးလွန်းလို့ အခုချိန်အထိ ကစားနေတဲ့ ကာဇူယိုရှီဟာ သူ့ရဲ့ ကစားသမား ဘ၀ကို ၁၉၈၆ခုနှစ်က ဘရာဇီးကလပ် ဆန်းတို့စ်မှာ စတင်ခဲ့တာပါ။ ဘရာဇီးလ်ကပဲ ဆန်းတို့စ်အပြင် ပါးမီးယက်စ်နဲ့ အခြားကလပ်တွေမှာ ကစားဖူးတဲ့ ကာဇူယိုရှီဟာ စီးရီးအေက ဂျီနိုအာ၊ ခရိုအေးရှား ထိပ်တန်းကလပ် ဒီနမို ဇာဂရက်အသင်းတွေမှာလည်း ကစားခဲ့ဖူးသူဖြစ်ပြီး ၂၀၀၀ခုနှစ်နောက်ပိုင်းမှာတော့ အမိမြေ ဂျပန်မှာ ပြန်အခြေကျ ကစားခဲ့သူဖြစ်ပါတယ်။

ATL

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဘောလုံးရာသီ ၃၅ ရာသီမြောက်ကို ကစားမှာဖြစ်တဲ့ ကာဇူယိုရှီ

လက်ရှိ ကလပ် ယိုကိုဟားမားအသင်းမှာတော့ ၂၀၀၅ခုနှစ် ကတည်းက စတင်ကစားနေသူဖြစ်ပြီး ပရော်ဖက်ရှင် ဘောလုံး ရာသီပေါင်း ၃၅ ရာသီကို ဖြတ်သန်းနေသူဖြစ်ပါတယ်။ ဂျပန် လက်ရွေးစင်အသင်းအတွက် ၁၉၉ဝခုနှစ်ကနေ ၂ဝဝဝ ခုနှစ်အတွင်း ပွဲပေါင်း ၈၉ပွဲအထိ ကစားပေးခဲ့သူဖြစ်ပြီး ၅၅ဂိုးသွင်းနိုင်ခဲ့တာပါ။ ကာဇူယိုရှီဟာ ၁၉၉၃ခုနှစ်က ဂျပန် ကစားသမားတွေထဲ အာရှ အကောင်းဆုံး ဘောလုံးသမားဆုကို ပထမဆုံးရတဲ့ တိုက်စစ်မှူး တစ်ဦးဖြစ်ပြီး သူ့ရဲ့ ကစားသမား သက်တမ်းတစ်လျောက်မှာလည်း သွင်းဂိုးပေါင်း ၂၀၀ကျော် သွင်းနိုင်ခဲ့သူပါ။

လက်ရှိ ကလပ် ဖြစ်တဲ့ ဂျပန် ဒုတိယတန်းက ယိုကိုဟားမားကတော့ သူ့ရဲ့ ကြိုးစားမှုအတွက် နောက်ထပ် တစ်နှစ် သက်တမ်းတိုး စာချုပ်ကို ကမ်းလှမ်းခဲ့ပြီးနောက် ကာဇူယိုရှီဟာ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာတော့ အသက် ၅၃နှစ် အထိရှိလာတော့မှာဖြစ်ပါတယ်။