ဗာဒီ ခြေစွမ်းပြပြီး ဘရန်ဒန်ရော်ဂျာရဲ့ လက်စတာ ၈ပွဲဆက်နိုင်

atl

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ၈ပွဲ ဆက်တိုက် အနိုင်ရတဲ့ လက်စတာ

ဘရန်ဒန် ရော်ဂျာရဲ့ လက်စတာစီးတီးကတော့ ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၈ပွဲဆက် နိုင်ပွဲနဲ့အတူ အကောင်းဆုံး ခြေစွမ်းကို ပြသနေပါတယ်။ လက်စတာဟာ ရာသီအစပိုင်းမှာ ၂ပွဲဆက်တိုက် သရေကျခဲ့ပေမယ့် ဒီနှစ်ရာသီအတွင်း ရှုံးပွဲ ၂ပွဲသာ ရှိသေးတာပါ။ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်တို့ကို ရှုံးခဲ့တာဖြစ်ပြီးနောက် လက်စတာဟာ ခြေစွမ်းပြလာခဲ့ပြီး ဆက်တိုက် ၈ပွဲအထိ နိုင်ခဲ့တာပါ။

အထူးသဖြင့် နည်းပြ ဘရန်ဒန်ရော်ဂျာ ရောက်လာပြီးကတည်းက တိုက်စစ်မှူး ဂျေမီ ဗာဒီကလည်း ၂၆ပွဲမှာ ၂၅ဂိုးအထိ သွင်းနိုင်ခဲ့သလို ဗီလာနဲ့ပွဲမှာ ၂ဂိုးသွင်းနိုင်ခဲ့တာပါ။ သူ့အတွက် ဒီနှစ် ပရီးမီးယားလိဂ် နောက်ဆုံး ၈ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပြီး ဂိုးအများဆုံး သွင်းထားသူများစာရင်းမှာ ၁၆ဂိုးနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတာပါ။

atl

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ပရီးမီးယားလိဂ်မှာ ၁၆ဂိုး သွင်းထားတဲ့ ဗာဒီ

လက်စတာမှာ အရည်အချင်းရှိတဲ့ လူငယ်နဲ့ ဝါရင့်ကစားသမားတွေ အတွဲအဖက်မိနေပြီး တစ်ပွဲပြီးတစ်ပွဲ ခြေစွမ်း အကောင်းဆုံးကို ပြသနေတာပါ။ ဆောက်သမ်တန်ကို အဝေးကွင်းမှာ ၉ဂိုးပြတ် အနိုင်ရခဲ့တဲ့ အထိ ခြေစွမ်းပြခဲ့ဖူးပြီး စံချိန်သစ် တင်နိုင်ခဲ့တဲ့ လက်စတာအတွက် ဗီလာကို ၄-၁ဂိုးနဲ့ နိုင်ခဲ့အပြီး ဇယားထိပ်က လီဗာပူးလ်နဲ့ ၈မှတ်ကွာမှာ ဆက်ရှိနေပါတယ်။ လက်စတာဟာ ဒီဇင်ဘာလအတွင်းမှာပဲ နော့ဝစ်ချ်၊ မန်စီးတီး၊ လီဗာပူးလ်၊ ဝက်စ်ဟမ်းတို့နဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ဘရန်ဒန် ရော်ဂျာနဲ့ လက်စတာအတွက် လီဗာပူးလ်ကို စိန်ခေါ်နိုင်စွမ်းရှိမရှိ အစမ်းသတ် ခံရတော့မှာ ဖြစ်ပါတယ်။

atl

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, လက်စတာနဲ့ ၂၀၂၃ ခုနှစ်အတွက် သက်တမ်းတိုးထားတဲ့ ဘရန်ဒန် ရော်ဂျာ

လက်ရှိမှာ လက်စတာဟာ လီဗာပူးလ်နဲ့ ၈မှတ်အကွာ၊ လက်ရှိမှာ ချန်ပီယံ မန်စီးတီးကို ၆မှတ် ဖြတ်ထားပြီး အဆင့် ၅နေရာက ၁၄မှတ်အထိ ဖြတ်ထားသလို နည်းပြ ဘရန်ဒန် ရော်ဂျာကလည်း အသင်းနဲ့ ၂၀၂၃ခုနှစ်အတွက် စာချုပ်သစ် တိုးထားသူပါ။ လက်စတာ ပရိသတ်တွေကတော့ သူတို့ အသင်းသမိုင်းမှာ ပထမဆုံး ချန်ပီယံဖြစ်ခဲ့တဲ့ ရာသီလိုပဲ ဗာဒီရဲ့ ခြေစွမ်းပြမှု၊ တစ်သင်းလုံး အကောင်းဆုံး စွမ်းဆောင်ရည်ကြောင့် နောက်ထပ်တစ်ကြိမ် ချန်ပီယံ ပြန်ဖြစ်မလား ဆိုတာ မျှော်လင့်နေကြပြီ ဖြစ်ပါတယ်။

လက်စတာရဲ့ လာမယ့် ပရီးမီးယားလိဂ် ၅ပွဲ

နော့ဝစ် ( အိမ်)

မန်စီးတီး ( အဝေး)

လီဗာပူးလ် ( အိမ်)

ဝက်စ်ဟမ်း ( အဝေး)

နယူးကာဆယ် (အဝေး)