ဂျပန် အိုးပင်း တင်းနစ်ပြိုင်ပွဲမှာ နိုဗတ် ဂျိုကိုဗစ် ဗိုလ်စွဲ

ဓာတ်ပုံ ရင်းမြစ်, AFP
ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ တိုကျို အိုးပင်း တင်းနစ်ပြိုင်ပွဲမှာ လက်ရှိ နံပါတ် တစ် တင်းနစ်သမား နိုဗတ် ဂျိုကိုဗစ် ချန်ပီယံဖြစ်ခဲ့ပါတယ်။ ၃၁နှစ် အရွယ်ရှိတဲ့ ဂျိုကိုဗစ်ဟာ ပြီးခဲ့တဲ့ ယူအက်စ်အိုးပင်း ပြိုင်ပွဲမှာ ဒဏ်ရာရပြီးနောက်ပိုင်း ပထမဆုံး ပြိုင်ပွဲမှာ ဗိုလ်စွဲ နိုင်ခဲ့တာပါ။
ATP Master Series ပြိုင်ပွဲတွေကိုသာ အဓိက ပြိုင်လေ့ရှိတဲ့ ဂျိုကိုဗစ်ဟာ ရမှတ် ၅၀၀ ချီးမြှင့်တဲ့ ဒီလို ပြိုင်ပွဲမျိုးကို ပုံမှန်အားဖြင့် ဝင်ပြိုင်လေ့ မရှိပေမယ့် ဒဏ်ရာက ပြန်လာတာ ဖြစ်လို့ အခုလို ယှဉ်ပြိုင်တာလည်း ဖြစ်ပါတယ်။ ဂျိုကိုဗစ်ဟာ ဆီမီးဖိုင်နယ်မှာ ဘယ်ဂျီယံက ဆီဒင် ၃ရတဲ့ ဒေးဗစ် ဂေါ့ဖင်ကို ၆-၃၊ ၆-၄နဲ့ နှစ်ပွဲပြတ် အသာရခဲ့သလို၊ ဖိုင်နယ်မှာ လက်ရည် စစ်ပွဲက တက်လာတဲ့ သြစတြေးလျက ဂျွန်မီလ်မန်နဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဂျိုကိုဗစ်ဟာ ဖိုင်နယ်မှာ မီလ်မန်ကို မိနစ် ၇ဝ သာ ရိုက်ခဲ့ရပြီး ၆-၃၊ ၆-၂ နဲ့ နိုင်ခဲ့သလို ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဒီပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တာပါ။ ဆုကြေးငွေ အမေရိကန် ဒေါ်လာ ၄သိန်းနီးပါး ရခဲ့တဲ့ ဂျိုကိုဗစ်ဟာ သူ့ရဲ့ တင်းနစ် သက်တမ်းတစ်လျောက် ၇၆ကြိမ်မြောက် ချန်ပီယံဖြစ်ခဲ့တာဖြစ်ပြီး ကမ္ဘာ့ နံပါတ် ၂ ရာဖာ နာဒါးလ်နဲ့ ရမှတ်ကွာဟမှုကို တိုးမြှင့်နိုင်ခဲ့ပါတယ်။ ဂျိုကိုဗစ်အတွက် ၂၀၁၉ခုနှစ်အတွင်း ၄ကြိမ် မြောက် ချန်ပီယံဖြစ်ခဲ့သလို ရာဖာ နာဒါးလ်နဲ့ အများဆုံး ရထားသူအဖြစ် ပူးတွဲ ရပ်တည်နေတာပါ။

ဓာတ်ပုံ ရင်းမြစ်, AFP
ဂျိုကိုဗစ်ဟာ မနက်ဖြန်မှာ ကျင်းပမယ့် ရှန်ဟိုင်း မာစတာ ပြိုင်ပွဲမှာ သူ့ရဲ့ ချန်ပီယံဘွဲ့ ကို ကာကွယ်ရမှာဖြစ်ပေမယ့် အဓိပြိုင်ဖက် နာဒါးလ်ကတော့ ဒဏ်ရာကြောင့် ဝင်ရောက် ယှဉ်ပြိုင်နိုင်ခြင်းမရှိဘဲ နှုတ်ထွက်ထားပါတယ်။ ဂျိုကိုဗစ်နဲ့အတူ နာမည်ကြီး ရော်ဂျာ ဖက်ဒါရာလည်း ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပြီး အခြား ထိပ်တန်းတင်းနစ် သမားတွေလည်း ပါဝင်ကြမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ATP တင်းနစ် ချန်ပီယံ အများဆုံးရရှိများ
၁) ဖက်ရာဒါ ( ဆွစ်ဇာလန်) - ၁၀၂ကြိမ်
၂) နာဒါးလ် ( စပိန်) - ၈၄ကြိမ်
၃) ဂျိုကိုဗစ် ( ဆားဘီးယား) - ၇၆ကြိမ်
၄) ဆမ်းပရပ်စ် ( အမေရိကန်) - ၆၄ကြိမ်
၅) အဂ္ဂါဆီ ( အမေရိကန် ) - ၆ဝကြိမ်
၆) မာရေး ( ဗြိတိန် ) - ၄၅ကြိမ်
ATP ကမ္ဘာ့အဆင့် သတ်မှတ်ချက်
၁) ဂျိုကိုဗစ် ( ဆားဘီးယား) - ၁၃၆၅မှတ်
၂) နာဒါးလ် ( စပိန် ) - ၉၂၂၅မှတ်
၃) ဖက်ဒါရာ ( ဆွစ်ဇာလန် ) - ၇၁၃ဝမှတ်








