အသင်းကြီးတွေ အခက်တွေ့ဖွယ် မရှိတဲ့ လိဂ်ဖလား တတိယအဆင့်ပွဲ

ဓာတ်ပုံ ရင်းမြစ်, AFP
လိဂ်ဖလားပြိုင်ပွဲရဲ့ တတိယအဆင့် ပွဲစဉ်တွေကို ဒီတစ်ပတ် ကြားရက်တွေမှာ ကန်မှာ ဖြစ်ပါတယ်။ မနှစ်က ချန်ပီယံကတော့ ပတ်ဂွါဒီယိုလာရဲ့ မန်ချက်စတာစီးတီးဖြစ်ပြီး ဖိုင်နယ်မှာ ချယ်လ်ဆီးကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ နိုင်ခဲ့တာပါ။ ဒီနှစ်မှာလည်း မန်စီးတီးကပဲ လိဂ်ဖလားကို ပြန်ကာကွယ်နိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေသလို ခြေစွမ်းပိုင်းလည်း အကောင်းဆုံး ပုံစံမှာ ရှိနေတာပါ။
လိဂ်ဖလားပြိုင်ပွဲကို ၁၉၆ဝခုနှစ်ကတည်းက စတင်ကျင်းပခဲ့တာဖြစ်ပြီး လီဗာပူးလ်အသင်းက အအောင်မြင်ဆုံးအသင်းအဖြစ် မှတ်တမ်းတင်ထားပါတယ်။ ၂၀၁၂ခုနှစ်မှာ နောက်ဆုံးရခဲ့တဲ့ လီဗာပူးလ်ဟာ ဒီပြိုင်ပွဲမှာ ၈ကြိမ်အထိ ရဖူးပြီး ၄ကြိမ် ဒုတိယရထားပါတယ်။ မန်စီးတီးကတော့ နောက်ဆုံး ၆နှစ်အတွင်း ၄ကြိမ် ဗိုလ်စွဲထားတဲ့ အသင်းဖြစ်သလို နောက်ဆုံး ၂နှစ်ဆက်လည်း ချန်ပီယံဖြစ်ထားတာပါ။
ဂျိုဇေ မော်ရင်ညိုနဲ့ လိဂ်ဖလား နောက်ဆုံးရခဲ့တဲ့ မန်ချက်စတာယူ နိုက်တက်တို့ ကတော့ ဒီပြိုင်ပွဲမှာ ၅ကြိမ်ရထားသလို အက်စတန်ဗီလာ၊ ချယ်လ်ဆီးတို့လည်း ၅ကြိမ်စီ ချန်ပီယံဖြစ်ထားကြပါတယ်။ အသင်းကြီးတွေထဲမှာ စပါးက ၄ကြိမ်၊ အာဆင်နယ်က ၂ကြိမ်ရထားပါတယ်။ လိဂ်ဖလား ပြိုင်ပွဲသမိုင်းတစ်လျောက် ချန်ပီယံဖြစ်ဖူးတဲ့ အသင်းက ၂၃သင်းအထိရှိပြီး ၁၂သင်းက ၁ကြိမ်ထက် ပိုပြီး ရခဲ့ဖူးကြတာပါ။
ယူရိုပါလိဂ် ဝင်ခွင့်
ပြည်တွင်း ဖလားပြိုင်ပွဲတစ်ခုဖြစ်တဲ့ လိဂ်ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ရင် ယူရိုပါလိဂ် ပြိုင်ပွဲကို ဝင်ရောက်ခွင့်ပေးတာက အသင်းငယ်တွေအတွက် ဒီလိုပြိုင်ပွဲမျိုးကို ပိုပြီး အာရုံစိုက်စေတာ ဖြစ်ပါတယ်။ အသင်းကြီးတွေကတော့ တစ်ရာသီအတွင်း ဆုဖလား တစ်ခုအတွက် ကစားရမှာဖြစ်လို့ လိဂ်ဖလားမှာ အမြဲလိုလို အသင်းကြီးတွေရဲ့ ထိပ်တိုက် ပွဲတွေ တွေ့ရလေ့ရှိပါတယ်။ ဒီနှစ် လိဂ်ဖလားပြိုင်ပွဲမှာတော့ ပရီးမီးယားလိဂ် အသင်းတွေ ထိပ်တိုက် တွေ့တဲ့ပွဲစဉ် နည်းပါးပြီး အသင်းငယ်တွေနဲ့ ပွဲတွေကိုသာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
၂၀၁၉ ပြိုင်ပွဲ
ချန်ပီယံ မန်စီးတီးက အဝေးကွင်းမှာ ပရက်စ်တန်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ချယ်လ်ဆီးကတော့ အသင်းငယ် ဂရမ်စဘီတောင်းကို အိမ်ကွင်းမှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။ အာဆင်နယ်ကတော့ နော့တင်ဟမ်ဖောရက်စ်ကို အမ်းမရိတ်မှာ ကစားရမှာဖြစ်ပြီး စပါးက ကိုလ်ချက်စတာ၊ လီဗာပူးလ်က MK Dons တို့နဲ့ အဝေးကွင်း ကစားရမှာဖြစ်ပါတယ်။ ဖိအားတွေ ဖြစ်နေတဲ့ ဆိုးလ်ရှားရဲ့ မန်ချက်စတာယူနိုက်တက်ကတော့ ရော့ခ်ဒယ် နဲ့ ဆုံတွေ့မှာဖြစ်ပြီး အဲ့ဒီပွဲစဉ်တွေကို လာမယ့် ကြားရက်မှာ ကစားမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
တတိယအဆင့် ပွဲစဉ်များ
အာဆင်နယ် - နော့တင်ဟမ်ဖောရက်စ်
ကိုလ်ချက်စတာ - စပါး
ပို့စ်မောက် - ဆောက်သမ်တန်
ခလောလေတောင်း - စတုတ်စီးတီး
ပရက်စ်တန် - မန်စီးတီး
ရှက်ဖီးလ်ဝင်းစ်ဒေး - အဲဗာတန်
ဝက်ဖို့ဒ် - ဆွမ်ဆီး
ဘရိုက်တန် - အက်စတန်ဗီလာ
ချယ်လ်ဆီး - ဂရမ်စဘီတောင်း
ဘာတန် - ဘွန်းမောက်
MK Dons - လီဗာပူးလ်
အောက်စ်ဖို့ဒ်ယူနိုက်တက် - ဝက်စ်ဟမ်း
ရှက်ဖီးလ်ယူနိုက်တက် - ဆောက်သမ်တန်
ဝုလ်ဖ် - ရက်ဒင်း
မန်ချက်စတာယူနိုက်တက် - ရော့ခ်ဒယ်
အအောင်မြင်ဆုံးအသင်းများ
၁) လီဗာပူးလ် - ၈ကြိမ်
၂) မန်စီးတီး - ၆ကြိမ်
၃) မန်ယူ - ၅ကြိမ်
၄) အက်စတန်ဗီလာ - ၅ကြိမ်
၅) ချယ်လ်ဆီး - ၅ကြိမ်
၆) စပါး - ၄ကြိမ်
၇) နော့တင်ဟမ်ဖောရက်စ် - ၄ကြိမ်








