ကြီး ၃ကြီး ရဲ့ စိုးမိုးမှုကို မက်ဗီဒတ် အဆုံးသတ်နိုင်မလား

ATL

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, နာဒါးလ်ဟာ မက်ဗီဒတ်ကို ဒီနှစ်အတွင်း ကစားခဲ့တဲ့ ကနေဒါ အိုးပင်း ဖိုင်နယ်မှာ ၆-၃၊ ၆-၀ နဲ့ နိုင်ထား

တစ်နှစ်တာအတွက် နောက်ဆုံး ကျင်းပတဲ့ ယူအက်စ်အိုးပင်း ဂရန်စလန် တင်းနစ်ပြိုင်ပွဲကြီးကတော့ ဖိုင်နယ်အဆင့်ကို တက်ရောက်လာခဲ့ပြီး အမျိုးသမီးဖက်မှာ ချန်ပီယံအသစ် ထွက်ပေါ်လာခဲ့ပါတယ်။ လက်ရှိ ချန်ပီယံတွေဖြစ်တဲ့ နိုဗတ် ဂျိုကိုဗစ်နဲ့ နာအိုမီ အိုဆာကာတို့ကတော့ စောစောစီးစီး ထွက်ခဲ့ကြပြီး နာမည်ကြီးအချို့သာ ကျန်ခဲ့ကြတာပါ။

အမျိုးသား တစ်ဦးချင်းပြိုင်ပွဲမှာ လက်ရှိ ချန်ပီယံ ဂျိုကိုဗစ်ဟာ စတုတ္ထအဆင့်မှာ ချန်ပီယံဟောင်း စတန် ဝါဝရင်ကာကို မထင်မှတ်ဘဲ ရှုံးပြီး ထွက်ခဲ့ရတာပါ။ ဂျိုကိုဗစ်ဟာ ဒဏ်ရာဟောင်း ပြန်ရခဲ့ပြီးနောက် တတိယပွဲအပြီးမှာ ဆက်မယှဉ်ပြိုင်ဘဲ အရှုံးပေးခဲ့တာပါ။ ၅ကြိမ် ချန်ပီယံဟောင်း ရော်ဂျာ ဖက်ဒါရာကလည်း ကွာတားဖိုင်နယ်မှာ ဘူဂေးရီးယားက ဒီမီထရော့ဗ်ကို ၃-၂ပွဲနဲ့ ရှုံးခဲ့ပြီး ထွက်ခဲ့ရပါတယ်။ ဆီမီးဖိုင်နယ် အဆင့်ကိုတော့ ရုရှားက မက်ဗီဒတ်၊ ဘူဂေးရီးယားက ဒီမီထရော့ဗ်၊ အီတလီက ဘာရက်တီနီနဲ့ စပိန်က ရာဖာ နာဒါးလ်တို့ တက်ရောက်ခဲ့ကြတာပါ။

atl

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, လက်ရှိ ချန်ပီယံ ဂျိုကိုဗစ်ဟာ စတုတ္ထအဆင့်မှာ ချန်ပီယံဟောင်း စတန် ဝါဝရင်ကာကို မထင်မှတ်ဘဲ ရှုံးခဲ့

ဆီမီးဖိုင်နယ်မှာ မက်ဗီဒတ်က ဒီမီထရော့ဗ်ကို လွယ်လွယ်ကူကူပဲ ၃ပွဲပြတ် နိုင်ခဲ့သလို ၃ကြိမ် ချန်ပီယံဟောင်း နာဒါးလ်ကလည်း ဘာရက်တီနီကို ၃ပွဲပြတ်နဲ့ နိုင်ပြီး ဖိုင်နယ်တက်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ နောက်ဆုံး ရခဲ့တဲ့ နာဒါးလ်အတွက် ဂရန်စလန် ချန်ပီယံ ၁၉ကြိမ်မြောက် ရဖို့ နီးစပ်လာတာပါ။ နာဒါးလ်ဟာ ဂရန်စလန်ပြိုင်ပွဲကြီးတွေရဲ့ ဖိုင်နယ်အဆင့်ကို ၂၆ကြိမ်အထိ တက်ရောက်ခဲ့ဖူးပြီး ၈ကြိမ် ရှုံးဖူးပါတယ်။ ယူအက်စ်အိုးပင်းမှာတော့ ၃ပွဲနိုင်ထားပြီး ၂၀၁၁ခုနှစ်မှာ ဂျိုကိုဗစ်ကို တစ်ကြိမ်သာ ရှုံးထားပါတယ်။ မက်ဗီဒတ် ကတော့ ဂရန်စလန် ပြိုင်ပွဲကြီးတွေမှာ ပထမဆုံးအကြိမ် ဖိုင်နယ်ကို တက်လာခဲ့တာဖြစ်ပြီး မာရပ်ဆာဖင် နောက်ပိုင်း ရုရှားရဲ့ ပထမဆုံး ဂရန်စလန် ချန်ပီယံဖြစ်ဖို့ ပစ်မှတ်ထားနေသူပါ။

နာဒါးလ် - မက်ဗီဒတ်

နာဒါးလ်နဲ့ မက်ဗီဒတ်ဟာ ဒီနှစ်အတွင်း ကစားခဲ့တဲ့ ကနေဒါ အိုးပင်း ဖိုင်နယ်မှာ တစ်ကြိမ်သာ ဆုံတွေ့ဖူးပြီး နာဒါးလ်က ၆-၃၊ ၆-၀ နဲ့ လွယ်လွယ်ကူကူနိုင်ခဲ့ပါတယ်။ ဒီဖက်နှစ်တွေမှာ လက်စွမ်းတက်နေတဲ့ မက်ဗီဒတ်အတွက် ဂရန်စလန်လို ပြိုင်ပွဲကြီးရဲ့ ဖိုင်နယ်မှာ နာဒါးလ်ကို အနိုင်ရဖို့ ခက်ခဲလိမ့်မယ်လို့ မီဒီယာတွေက သုံးသပ်နေတာပါ။ ၂၀၁၄ခုနှစ် ကမှ ပရော်ဖက်ရှင် တင်းနစ်သမား ဘဝ စတင်ခဲ့တဲ့ မက်ဗီဒတ်အတွက် ယူအက်စ်အိုးပင်းပြိုင်ပွဲကို ၄ကြိမ်မြောက် ယှဉ်ပြိုင်ခဲ့အပြီးမှာ ဖိုင်နယ်ကို တက်ရောက် နိုင်ခဲ့တာပါ။ ဒီနှစ်အတွင်းမှာ ကျင်းပတဲ့ တင်းနစ်ပြိုင်ပွဲတွေမှာလည်း ဖိုင်နယ်ကို ၇ ကြိမ်အထိ တက်ရောက်ခဲ့ပြီး ၂ကြိမ် ဗိုလ်စွဲထားပါတယ်။

နာဒါးလ်ကတော့ ယူအက်စ်အိုးပင်း ပြိုင်ပွဲမှာ ၃ကြိမ် ချန်ပီယံဖြစ်ထားသလို ဂရန်စလန် ချန်ပီယံဆု အများဆုံး ရထားတဲ့ ဖက်ဒါရာရဲ့ စံချိန်ကိုမီဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။ ၃၃နှစ် အရွယ်ရှိပြီး အကောင်းဆုံး လက်စွမ်းကို ပိုင်ဆိုင်ထားတဲ့ နာဒါးလ်ကို ၂၃နှစ်အရွယ် လူငယ် တင်းနစ်သမား မက်ဗီဒတ်ကို ဘယ်လိုရင်ဆိုင်မလဲ မကြာခင်တွေ့ရမှာပါ။

atl

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ၁၉နှစ် အရွယ် ကနေဒါသူ ဘီယန်ကာ အန်ဒရီစ်ကူက နာမည်ကြီး ဆရီနာ ဝီလျံကို ၂ပွဲပြတ်နဲ့ နိုင်ပြီး ချန်ပီယံ ဖြစ်ခဲ့

ပထမဆုံး ချန်ပီယံ

အမျိုးသမီးဖက်မှာတော့ အသက် ၁၉နှစ် အရွယ်သာရှိသေးတဲ့ ကနေဒါသူ ဘီယန်ကာ အန်ဒရီစ်ကူက နာမည်ကြီး ဆရီနာ ဝီလျံကို ၂ပွဲပြတ်နဲ့ နိုင်ပြီး ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ကနေဒါ တင်းနစ် သမိုင်း တစ်လျောက် ပထမဆုံး ဂရန်စလန် ချန်ပီယံအဖြစ် မှတ်တမ်း ဝင်ခဲ့တာပါ။ ဘီယန်ကာ အန်ဒရီစ်ကူဟာ ဆရီနာဝီလျံကို ၆-၃၊ ၇-၅ နဲ့ ၂ပွဲပြတ် နိုင်ပြီး ချန်ပီယံဖြစ်ခဲ့သလို ၂၀၀၆ခုနှစ်နောက်ပိုင်း ဆယ်ကျော်သက်တစ်ဦး အနေနဲ့ ပထမဆုံး ဂရန်စလန် ချန်ပီယံဖြစ်လာတာ ဖြစ်ပါတယ်။ ဆရီနာဝီလျံ အတွက်တော့ ဂရန်စလန် အများဆုံးရမယ့် စံချိန်ကိုမီဖို့ ၁ပွဲသာ လိုတော့ပေမယ့် နောက်ဆုံး ဖိုင်နယ်တက်ခဲ့တဲ့ ၄ပွဲစလုံးကို ရှုံးခဲ့တာလည်း ဖြစ်ပါတယ်။

နောက်ဆုံး ၁ဝနှစ် အမျိုးသား တစ်ဦးချင်း ချန်ပီယံများ

၂၀၁၀) နာဒါးလ် ( စပိန်)

၂၀၁၁) ဂျိုကိုဗစ် ( ဆားဘီးယား)

၂၀၁၂) မာရေးလ် ( ဗြိတိန်)

၂၀၁၃) နာဒါးလ် ( စပိန်)

၂၀၁၄) ချီလစ် ( ခရိုအေးရှား)

၂၀၁၅) ဂျိုကိုဗစ် ( ဆားဘီးယား)

၂၀၁၆) ဝါဝရင်ကာ ( ဆွစ်ဇာလန်)

၂၀၁၇) နာဒါးလ် ( စပိန်)

၂၀၁၈) ဂျိုကိုဗစ် ( ဆားဘီးယား)

၂၀၁၉) ……………?

နောက်ဆုံး ၁ဝနှစ် အမျိုးသမီး တစ်ဦးချင်း ချန်ပီယံများ

၂၀၁၀) ကလိုက်စတားစ် ( ဘယ်ဂျီယံ)

၂၀၁၁) စတိုဆာ ( သြစတြေးလျ)

၂၀၁၂) ဆရီနာဝီလျံ ( အမေရိကန်)

၂၀၁၃) ဆရီနာဝီလျံ ( အမေရိကန်)

၂၀၁၄) ဆရီနာဝီလျံ ( အမေရိကန်)

၂၀၁၅) ပန်နက်တာ ( အီတလီ)

၂၀၁၆) ခါဘာ ( ဂျာမနီ)

၂၀၁၇) စတီဗင် ( အမေရိကန်)

၂၀၁၈) အိုဆာကာ ( ဂျပန်)

၂၀၁၉) ဘီယန်ကာ အန်ဒရီစ်ကူ ( ကနေဒါ )

atl

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ၂၀၁၇မှာ ချန်ပီယံ ဖြစ်ခဲ့တဲ့ ရာဖာ နာဒါးလ်ဟာ ၁၉ကြိမ်မြောက် ဂရန်စလန်ဆုကို ပစ်မှတ်ထားနေ

ဂရန်စလန် အများဆုံး ရထားသူများ

၁) ဖက်ဒါရာ ( ဆွစ်ဇာလန်) - ၂ဝကြိမ်

၂) နာဒါးလ် ( စပိန်) - ၁၈ကြိမ်

၃) ဂျိုကိုဗစ် ( ဆားဘီးယား) - ၁၆ကြိမ်