မန်ယူမှာ ဆိုးလ်ရှား အနာဂတ် ဘယ်လိုရှိမလဲ

ATL

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, နောက်ဆုံး ၁၆ပွဲမှာ ၃ပွဲသာ အနိုင်ရအောင် စွမ်းဆောင် ထားတဲ့ ဆိုးလ်ရှား

မနှစ်က ရလဒ်တွေ ဆိုးနေလို့ နာမည်ပြ ဂျိုဇေ မော်ရင်ညိုကို ထုတ်ပြီး အသင်းရဲ့ ဂန္ထဝင် ကစားသမား ဆိုးလ်ရှားနဲ့ အစားထိုးခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ဟာ ရာသီအဖွင့် ၄ပွဲမှာ ၅ မှတ်သာ ရထားပါတယ်။ ယာယီနည်းပြ လက်ထက်တုန်းက ရလဒ်တွေကောင်းခဲ့ပြီးမှ ယူနိုက်တက် ပရိသတ်တွေရဲ့ ယုံကြည်မှုကို ရခဲ့တဲ့ ဆိုးလ်ရှားတစ်ယောက် အမြဲတမ်း နည်းပြဘဝမှာ အဆိုးရွားဆုံး အနေအထားနဲ့ ရင်ဆိုင်နေရတာပါ။

ဆိုးလ်ရှားဟာ ဒီနှစ်ရာသီ ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲ ၄ပွဲမှာ ချယ်လ်ဆီးကို ၄ဂိုးပြတ်နဲ့ နိုင်ခဲ့ပေမယ့် ဝုလ်ဖ်နဲ့ ဆောက်သမ်တန်ကို သရေကျပြီး အိမ်ကွင်းမှာ ပဲလေ့စ်ကို ရှုံးခဲ့တာပါ။ အထူးသဖြင့် ဆိုးလ်ရှားရဲ့ ယူနိုက်တက်ဟာ တစ်ယောက်လျော့ ဆောက်သမ်တန်ကို အနိုင်မယူနိုင်ခဲ့တာက ပရိသတ်တွေကို ပိုပြီး စိတ်ပျက်စေတာပါ။ ဆိုတော့ ဆိုးလ်ရှားတစ်ယောက် ဘာတွေမှားနေလဲ၊ ဘယ်ကြောင့် ရုန်းကန်နေရလဲ လေ့လာကြည့်တော့…….။

ရလဒ်တွေ ဆက်တိုက်ဆိုး

ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ ပီအက်စ်ဂျီကို အဝေးကွင်းမှာ ၃-၁ဂိုးနဲ့ နိုင်ပြီး ကတည်းက ဆိုးလ်ရှားရဲ့ ယူနိုက်တက်ဟာ ခြေစွမ်းပျောက်ဆုံးနေတာ အခုအချိန်အထိပါ။ ဆိုးလ်ရှားရဲ့ အသင်းဟာ နောက်ဆုံး ၁၆ပွဲမှာ ၃ပွဲသာ နိုင်ခဲ့ပြီး အဲ့ဒီ ၃ပွဲက လန်ဒန် အခြေစိုက် ကလပ်တွေဖြစ်တဲ့ ဝက်ဖို့ဒ်နဲ့ ဝက်စ်ဟမ်းကို ပြီးခဲ့တဲ့ ရာသီနဲ့ ချယ်လ်ဆီးကို ဒီနှစ် ရာသီအစမှာ နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ ၁၆ပွဲမှာ ဆောက်သမ်တန်၊ ဝုလ်ဖ်၊ ဟတ်ဒါဖီးလ်တောင်း၊ ချယ်လ်ဆီး တို့ကို သရေကျခဲ့ပြီး ၉ပွဲအထိ ရှုံးခဲ့တာ ဖြစ်ပါတယ်။ အဆိုးရွားဆုံးက အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ တန်းဆင်းပြီးသား ကာဒစ်စီးတီးကို ရှုံးခဲ့သလို ဒီနှစ်ရာသီမှာလည်း ပဲလေ့စ်ကို ပရီးမီးယားလိဂ် သမိုင်းတစ်လျောက် ပထမဆုံးအကြိမ် ရှုံးခဲ့တာ ဖြစ်ပါတယ်။

ဆိုးလ်ရှား ဘာတွေမှားလဲ

ယာယီနည်းပြ ဘဝမှာ အကောင်းဆုံး ရလဒ်တွေ စွမ်းဆောင်ခဲ့ပေမယ့် ဆိုးလ်ရှားရဲ့ အဓိက ပြဿနာက အသင်းရဲ့ ကစားသမားတွေအပေါ် သြဇာကြီးမားမှု မရှိသလို နည်းပြ အတွေ့အကြုံပိုင်းလည်း အားနည်းတာကို တွေ့နိုင်ပါတယ်။ ဒီနှစ်ရာသီအစပိုင်း ကစားခဲ့တဲ့ ၄ပွဲကို ကြည့်ရင် ချယ်လ်ဆီးနဲ့ပွဲမှာ ဂိုးပြတ်နိုင်ခဲ့ပေမယ့် ပထမပိုင်းမှာ ချယ်လ်ဆီးဖက်က အခွင့်အရေးတွေ အသုံးမချနိုင်တာ နောက်ပိုင်းမှာ တန်ပြန်တိုက်စစ်တွေကနေ ဂိုးတွေသွင်းနိုင်ခဲ့တာပါ။ ဝုလ်ဖ်၊ လက်စတာတို့နဲ့ပွဲမှာ ဦးဆောင်ဂိုးတွေ သွင်းထားပြီး ခြေစွမ်းလည်း ပြနိုင်ခဲ့ပေမယ့် အဲ့ဒီဂိုးတွေကို မထိန်းနိုင်ဘဲ ရမှတ်တွေ လျော့ခဲ့တာ၊ ပဲလေ့စ်ကို အသင်းမျိုးကို စိတ်ကြိုက် မကစားနိုင်ဘဲ ရှုံးခဲ့တာတွေကြောင့် ယူနိုက်တက် ပရိသတ်တွေဟာ သူ့အပေါ်ကို မေးခွန်းထုတ်နေကြပြီ ဖြစ်ပါတယ်။

atl

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အသင်းရဲ့ အဓိက ကစားသမား ဖြစ်ပေမယ့် ခြေစွမ်း မတည်ငြိမ်တဲ့ ပေါ့ပ်ဘာ

လူအင်အား မတောင့်တင်း

ထိပ်တန်း နည်းပြတစ်ဦး မဟုတ်လို့ မော်ရင်ညို၊ လူးဝစ် ဗန်ဟားလ် လက်ထက် တုန်းကလို လိုချင်တဲ့ ကစားသမားတွေကို ခေါ်ယူပေးဖို့ တောင်းဆိုမှု အပိုင်းမှာ ဘုတ်အဖွဲ့ကို မကျော်နိုင်တာတွေ့ရပါတယ်။ လိုချင်တဲ့ ခံစစ်ပိုင်းအတွက် မက်ဂွိုင်းယားနဲ့ ဝမ်ဘစ်ဆာကာကို ခေါ်ယူပေမယ့် လာကာကူ ထွက်သွားတဲ့ တိုက်စစ်ကို ပြန်မဖြည့်တဲ့ အပြင် ဆန်းချက်ဇ် ကိုပါ အငှားချလိုက်တာက နားမလည်နိုင်စရာ ဖြစ်ခဲ့တာပါ။ လက်ရှိ အသင်းမှာ တိုက်စစ်ပိုင်းအတွက် အားကိုးရမယ့် ကစားသမား သိပ်မရှိသလို အရန် အင်အားကလည်း အရမ်းကို အားနည်းနေတာပါ။

ကစားသမားတွေရဲ့ ခြေစွမ်းမတည်ငြိမ်မှု

မန်ချက်စတာယူနိုက်တက်ရဲ့ အဓိက ပြဿနာက အသင်းရဲ့ စီနီယာ ကစားသမားတွေရဲ့ ခြေစွမ်းပိုင်းပါ။ မနှစ်ကလည်း လူကာကူ၊ လင့်ဂတ်၊ ရပ်ရှ်ဖို့ဒ်၊ မာရှယ်လ်၊ ပေါ့ပ်ဘာတို့ရဲ့ ခြေစွမ်းပိုင်း မတည်ငြိမ်သလို ဒီနှစ်မှာလည်း ချယ်လ်ဆီးနဲ့ ပွဲကလွဲရင် ကစားသမားတွေ အားလုံး ပုံမှန် ခြေစွမ်းအောက် ရောက်နေတာပါ။ ပေါ့ပ်ဘာဟာ လက်ရှိ ဆိုးလ်ရှားရဲ့ ကစားကွက်မှာ ခံစစ်ပိုင်းကို အရမ်းအားပြု ကစားနေပုံရပြီး ဂိုးရဖို့ ဖန်တီးပေးမယ့်သူ မရှိဘဲ ဖြစ်နေပါတယ်။ နံပါတ် ၁ဝနေရာမှာ ကစားတဲ့ လင့်ဂတ်ကလည်း ၂၀၁၉ခုနှစ်အတွင်း ယူနိုက်တက်မှာ ပွဲတိုင်းကစားခွင့်ရတဲ့ သူဖြစ်ပေမယ့် ဖန်တီးမှု၊ ဂိုးသွင်းမှု တစ်ကြိမ်မှ မလုပ်ပေးနိုင်တာပါ။ ဒါ့အပြင် မာရှယ်လ်၊ ရပ်ရှ်ဖို့ဒ်တို့ရဲ့ တိုက်စစ်ပိုင်းလည်း အားကိုးလို့ မရဘဲ အသစ် ခေါ်ထားတဲ့ လူငယ် ကစားသမား ဒါနီ ဂျိမ်းစ်ရဲ့ သွင်းဂိုတွေနဲ့ ယူနိုက်တက် ရှေ့ဆက်နေရတာ ဖြစ်ပါတယ်။

ခံစစ်ပိုင်းလည်း မငြိမ်သေး

ဟယ်ရီမက်ဂွိုင်းယားကို နောက်ခံလူတွေထဲ ကမ္ဘာ့စံချိန်တင်ကြေးနဲ့ ခေါ်ထားသလို ဝမ်ဘစ်ဆာကာ ကိုလည်း အားဖြည့်ထားတဲ့ ယူနိုက်တက်ဟာ သူတို့နှစ်ဦးအတွက် ပေါင် ၁၃ဝသန်းအထိ သုံးခဲ့ရတာပါ။ မက်ဂွိုင်းယားဟာ လင့်ဒလော့ပ်နဲ့ တွဲကစားရနေပေမယ့် နှစ်ဦးစလုံး သိပ်ပြီး နားလည်မှု မရှိသလို ချယ်လ်ဆီးနဲ့ပွဲကလွဲရင် နောက်ဆုံး ၃ပွဲစလုံး ဂိုးပေးထားရပါတယ်။ အခြားနောက်ခံလူတွေထဲမှာ စမောလင်း၊ ဒါမီယံတို့ကလည်း အသင်းပြောင်းသွားပြီ ဖြစ်သလို အဲရစ်ဘာယီ၊ လု့ဇ်ရှောလ်တို့ ဒဏ်ရာတွေရနေတာက ယူနိုက်တက် ခံစစ်ကို ပိုပြီး အားနည်းစေတာပါ။

ဆိုးလ်ရှားရဲ့ နည်းဗျူဟာ

ဆိုးလ်ရှားဟာ အတွေ့အကြုံနုတဲ့ နည်းပြဖြစ်လို့ ပွဲတိုင်းနီးပါးမှာ ၄-၂-၃-၁ ပုံစံ ကစားကွက်ကိုသာ အမြဲသုံးလေ့ရှိပြီး ဗျူဟာ အပြောင်းအလဲလုပ်ဖို့ အရမ်းစဉ်းစားလေ့ရှိသူပါ။ အသင်းငယ်တွေနဲ့ ပွဲတွေမှာတောင် ခံစစ်အားပြုမယ့် ကွင်းလယ် ကစားသမားတွေကို သုံးနေသလို ပွဲအလိုက် သုံးသင့်တဲ့ ကစားသမားပိုင်း ရွေးချယ်ရမှာလည်း အားနည်းနေတာပါ။ ပွဲအတွင်း အသင်း ခြေစွမ်း ပျောက်နေချိန် အပြောင်းအလဲလုပ်ရမယ့် အချိန်တွေမှာလည်း Plan B, Plan C တို့ မရှိတာက ဆိုးလ်ရှားရဲ့ ယူနိုက်တက် ရုန်းကန်နေရတဲ့ အဓိက အချက် ဖြစ်ပါတယ်။

ဘယ်လို အဆုံးသတ်မလဲ

မန်ချက်စတာယူနိုက်တက် ပရိသတ်တွေကတော့ ရလဒ်ပိုင်းရော ခြေစွမ်းပိုင်းက အားရစရာ မရှိတဲ့ သူတို့ အသင်းကို စိတ်ပျက်နေသလို အသင်းတာဝန်ရှိသူတွေလည်း ဆိုးလ်ရှားကို စောင့်ကြည့်နေပြီလို့ သတင်းတွေက ဖော်ပြနေပါတယ်။ နောက်ဆုံး ၁၉ပွဲဆက်တိုက် ၁ပွဲပဲ Clean Sheet ရခဲ့ပြီး ၁၈ပွဲ ဂိုးပေးခဲ့ရသလို နောက်ဆုံး ၁၆ပွဲမှာ ၃ပွဲပဲ နိုင်ထားတဲ့သူရဲ့ အနေအထားကြောင့် ဆိုးလ်ရှားအနေနဲ့ ဒီအခြေအနေကို ပြောင်းလဲဖို့ လိုပါတယ်။ တကယ်လို့ ဒီလို မလုပ်နိုင်ခဲ့ရင်တော့ ဇန်နဝါရီ အပြောင်းအရွှေ့ မရောက်ခင်မှာ အသင်းနဲ့ လမ်းခွဲသွားရနိုင်ပါတယ်။ နိုင်ငံတကာပွဲတွေကြောင့် ပရီးမီးယားလိဂ် ပွဲတွေ ရပ်နားတော့မှာ ဖြစ်ပေမယ့် ပြန်ကစားရမယ့် အချိန်မှာ လက်စတာ၊ ဝက်စ်ဟမ်း၊ အာဆင်နယ်၊ နယူးကာဆယ်နဲ့ လီဗာပူးလ်တို့လို အသင်းတွေနဲ့ ဆက်တိုက် တွေ့ရမှာဖြစ်လို့ ဒီပွဲတွေက ဆိုးလ်ရှာရဲ့ အနာဂတ်ကို အဆုံးအဖြတ် ပေးသွားနိုင်ဖွယ်ရှိနေပါတယ်။

atl

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, မက်ဂွိုင်းယားနဲ့ လင့်ဒလော့တို့ ခံစစ်ကလည်း နားမည်မှုကောင်း မရှိသေး

ဆိုးလ်ရှားလက်ထက် နောက်ဆုံး ၁၆ပွဲ ရလဒ်

၁) အာဆင်နယ် ၂-၀ မန်ယူ ( ပရီးမီးယားလိဂ်)

၂)ဝုလ်ဖ် ၂-၁ မန်ယူ ( အက်ဖ်အေကပ်)

၃) မန်ယူ ၂-၁ ဝက်ဖို့ဒ် ( ပရီးမီးယားလိဂ်)

၄) ဝုလ်ဖ် ၂-၁ မန်ယူ ( ပရီးမီးယားလိဂ်)

၅) မန်ယူ ၀-၁ ဘာစီလိုနာ ( ချန်ပီယံလိဂ်)

၆) မန်ယူ ၂-၁ ဝက်စ်ဟမ်း ( ပရီးမီးယားလိဂ်)

၇) အဲဗာတန် ၄-၀ မန်ယူ ( ပရီးမီးယားလိဂ်)

၈) ဘာစီလိုနာ ၃-၀ မန်ယူ (ချန်ပီယံလိဂ်)

၉) မန်ယူ ၀-၂ မန်စီးတီး ( ပရီးမီးယားလိဂ်)

၁၀) မန်ယူ ၁-၁ ချယ်လ်ဆီး ( ပရီးမီးယားလိဂ်)

၁၁) ဟတ်ဒါဖီးလ် ၁-၁ မန်ယူ ( ပရီးမီးယားလိဂ်)

၁၂) မန်ယူ ၀-၂ ကာဒစ် ( ပရီးမီးယားလိဂ်)

၁၃) မန်ယူ ၄-၀ ချယ်လ်ဆီး ( ပရီးမီးယားလိဂ်)

၁၄) ဝုလ်ဖ် ၁-၁ မန်ယူ ( ပရီးမီးယားလိဂ်)

၁၅) မန်ယူ ၁-၂ ပဲလေ့စ် ( ပရီးမီးယားလိဂ်)

၁၆) ဆောက်သမ်တန် ၁-၁ မန်ယူ ( ပရီးမီးယားလိဂ်)

နောက်ဆုံး ၁၆ပွဲ မှတ်တမ်း

နိုင်ပွဲ - ၃ပွဲ

သရေပွဲ - ၄ပွဲ

ရှုံးပွဲ - ၉ပွဲ

သွင်းဂိုး - ၁၄ဂိုး

ပေးဂိုး - ၂၆ဂိုး

ယူနိုက်တက်ရဲ့ လာမယ့် ပွဲစဉ် ၁၀ ပွဲ

၁) မန်ယူ - လက်စတာစီးတီး ( ပရီးမီးယားလိဂ်)

၂) မန်ယူ - အက်စ်တန်နာ ( ယူရိုပါလိဂ်)

၃) ဝက်စ်ဟမ်း - မန်ယူ ( ပရီးမီးယားလိဂ်)

၄) မန်ယူ - ရော့ဒေးလ် ( လိဂ်ဖလား )

၅) မန်ယူ - အာဆင်နယ် ( ပရီးမီးယားလိဂ်)

၆) အယ်လ်ခမာ - မန်ယူ ( ယူရိုပါလိဂ်)

၈) နယူးကာဆယ် - မန်ယူ ( ပရီးမီးယားလိဂ်)

၉) မန်ယူ - လီဗာပူးလ် ( ပရီးမီးယားလိဂ်)

၁၀) ပါတီဇန် - မန်ယူ ( ယူရိုပါလိဂ်)