ခါးသီးတဲ့ နှစ်သင်း အားပြိုင်မယ့် မြောက်လန်ဒန် ဒါဘီ

ဓာတ်ပုံ ရင်းမြစ်, AFP
ဘောလုံးလောကမှာ ခါးသီးတဲ့ ပြိုင်ဖက်တွေ အမြဲရှိကြပါတယ်။ အင်္ဂလန်မှာ အအောင်မြင်ဆုံး နှစ်သင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်တို့ရဲ့ အကြား ပြိုင်ဆိုင်မှု ပြင်းထန်သလို မန်စီးတီး - မန်ချက်စတာယူနိုက်တက် တို့ကလည်း မြို့ခံ အသင်းပီပီ တစ်သင်းနဲ့ တစ်သင်း ပြိုင်ဆိုင်မှု ရှိကြပါတယ်။
လန်ဒန်မှာတော့ အာဆင်နယ်နဲ့ တော့တင်ဟမ် ဟော့စပါးတို့ ရဲ့ မြောက်လန်ဒန် ဒါဘီပွဲကတော့ ခါးသီးတဲ့ ပြိုင်ဖက်တွေပီပီ တစ်သင်းနဲ့ တစ်သင်း အနိုင်မခံ အရှုံးမပေး ကန်ကြတဲ့ပွဲပါ။ တောင်လန်ဒန်မှာ ရှိခဲ့တဲ့ အာဆင်နယ်ဟာ မြောက်ပိုင်းကို ပြောင်းလာခဲ့ပြီး ကတည်းက ဒီနှစ်အကြား အမုန်းတွေ စခဲ့သလို စပါးအသင်း ခေါင်းဆောင် ဆိုးလ်ကမ်းဘဲလ် ရဲ့ အပြောင်းအရွှေ့ ဖြစ်ပြီးကလည်း ဒီနှစ်သင်းရဲ့ အမုန်းတရားတွေကို ပိုပြီး ကြီးထွားစေခဲ့တာပါ။

ဓာတ်ပုံ ရင်းမြစ်, AFP
ထိပ်တိုက် ဆုံတွေ့မှု
အာဆင်နယ်နဲ့ စပါးတို့ဟာ ခါးသီးတဲ့ ပြိုင်ဖက်တွေ ဖြစ်ကြသလို ပရီးမီးယားလိဂ်မှာ ဆုံတွေ့တဲ့ပွဲတိုင်း အနိုင်ရဖို့ ကြိုးစားကြတာပါ။ စပါးဟာ အာဆင်နယ်ရဲ့ အမ်းမရိတ်နဲ့ ဟိုက်ဘရီ ကွင်းတွေမှာ ကန်ခဲ့ဖူးတဲ့ ပရီးမီးယားလိဂ် ၂၇ ပွဲမှာ ၂ပွဲသာ နိုင်ခဲ့တာပါ။ ၁၉၉၃နဲ့ ၂၀၁ဝ ခုနှစ်တွေမှာပါ။ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ ၂၀၁၀ နောက်ပိုင်း စပါးနဲ့ ရင်ဆိုင်တဲ့ မြောက်လန်ဒန် ဒါဘီပွဲတွေကို ရလဒ်ကောင်းခဲ့ပြီး ၅ပွဲနိုင်၊ ၃ပွဲသရေကျထားပါတယ်။ စပါးကတော့ မနှစ်က လိဂ်ဖလားပွဲမှာ နိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ အာဆင်နယ်ကို အမ်းမရိတ်ကွင်းမှာ ရုန်းကန်နေရဆဲပါ။
ဂိုးမြူးတဲ့ တိုက်စစ်မှူး
စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာ အာဆင်နယ်နဲ့ ရင်ဆိုင်တဲ့ မြောက်လန်ဒန် ဒါဘီပွဲတွေမှာ ဂိုးမြူးလေ့ရှိတဲ့ ကစားသမားဖြစ်ပြီး လိဂ်ပွဲ ၉ပွဲမှာ ၉ဂိုးသွင်းထားပါတယ်။ အာဆင်နယ်ဖက်မှာတော့ အဘာမီယန်းက စပါးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ၃ပွဲမှာ ၂ဂိုး သွင်းယူထား နိုင်ပါတယ်။
ဒဏ်ရာရစာရင်း
အာဆင်နယ်မှာတော့ ကာလရှည် အနားယူနေရတဲ့ ဘယ်လာရင်၊ တယ်နီတို့ မပါဝင်သလို ဟိုးဒင်းလည်း ပြန်ကောင်းလာပေမယ့် ဒီပွဲမှာ သုံးဖို့ မသေချာတဲ့ အနေအထားပါ။ အိုဇေးလ် ပြန်ကစားဖို့ အခွင့်အရေးရှိတယ်လို့ အူနိုင်း အမ်မရီကတော့ ဆိုထားပါတယ်။ စပါးဖက်မှာတော့ ဒဏ်ရာပြဿနာတွေ ရင်ဆိုင်နေရတာပါ။ နောက်ခံလူ ကိုလ်ဝေါ်လ်ကာ ပီတာနဲ့ ကွင်းလယ်လူ အန်ဒွန်ဘီလီတို့ လွဲချော်မှာ ဖြစ်သလို အော်ရီရယ် လည်း မသေချာဘဲ ဖြစ်နေပါတယ်။ နည်းပြ ပိုချက်တီနိုနဲ့ အဆင်မပြေဖြစ်နေတဲ့ အဲရစ်ဆင်၊ ဗာတွန်ဂမ်တို့ ပွဲထွက် ကစားမယ်၊ မကစားဘူး ဆိုတာလည်း မသေချာဘဲ ဖြစ်နေပါတယ်။ ကွင်းလယ်လူ ဒယ်လီ အာလီ ကတော့ အချိန်ပိုင်း ပြန်ပါလာဖို့ ရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဘယ်သူနိုင်မလဲ
ဒီဖက်နှစ်တွေ စပါးဟာ အာဆင်နယ်ထက် ပိုတည်ငြိမ်အောင် ကစားနိုင်ခဲ့သလို လိဂ် ရပ်တည်မှုမှာလည်း ပိုပြီး ကောင်းနေတာပါတယ်။ ဒီနှစ်ရာသီမှာတော့ စပါးဖက်က အဓိက ကစားသမားတွေရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် အချိန်၊ ဝါရင့်ကစားသမားတွေနဲ့ နည်းပြအကြား အဆင်မပြေမှုတွေက အာဆင်နယ်အတွက် အခွင့်ရှိနေပါတယ်။ အမ်းမရိတ်မှာ အာဆင်နယ်ဟာ စပါးနဲ့ ရင်ဆိုင်တိုင်း ရလဒ်ကောင်းလေ့ရှိတဲ့ အသင်းဖြစ်သလို တိုက်စစ်ပိုင်းက အဘာမီယန်၊ ပက်ပေ၊ လာကာဇက်တို့ အတွဲက စပါးခံစစ်ကို ဒုက္ခပေးနိုင်ပါတယ်။ အိမ်ရှင်အသင်း သာပေမယ့် ဒါဘီပွဲဖြစ်လို့ အကြိတ်အနယ်ရှိမယ့် ပွဲပါ။
အမ်းမရိတ်မှာ ကန်တဲ့ လိဂ် ၈ပွဲ မှတ်တမ်း
၂၀၁၈-၁၉) အာဆင်နယ် ၄-၂ စပါး
၂၀၁၇-၁၈) အာဆင်နယ် ၂-၀ စပါး
၂၀၁၆-၁၇) အာဆင်နယ် ၁-၁ စပါး
၂၀၁၅-၁၆) အာဆင်နယ် ၁-၁ စပါး
၂၀၁၄-၁၅) အာဆင်နယ် ၁-၁ စပါး
၂၀၁၃-၁၄) အာဆင်နယ် ၁-၀ စပါး
၂၀၁၂-၁၃) အာဆင်နယ် ၅-၂ စပါး
၂၀၁၁-၁၂) အာဆင်နယ် ၅-၂ စပါး








