ဝုလ်ဖ်ကွင်းမှာ မန်ချက်စတာယူနိုက်တက် နိုင်ပွဲ ဆက်နိုင်မလား

ဓာတ်ပုံ ရင်းမြစ်, AFP
ဝုလ်ဖ် - မန်ချက်စတာယူနိုက်တက်
အချိန် - နံနက် ၁နာရီခွဲ
အိုးထရက်ဖို့ဒ်မှာ ချယ်လ်ဆီးကို ဂိုးပြတ်သွင်းခဲ့တဲ့ ဆိုးလ်ရှားရဲ့ ယူနိုက်တက် ဟာ ဒီကနေ့မှာ ပရီးမီးယားလိဂ် ပွဲကျန်အဖြစ် ဝုလ်ဖ်ကို အဝေးကွင်းမှာ သွားကစားရ မှာပါ။ ပြိုင်ဖက် အသင်းတွေ နိုင်ပွဲရနေချိန် ယူနိုက်တက်အနေနဲ့ အမှတ် မကွာဖို့ အနိုင်လိုအပ်သလို ဂိုးပြတ် နိုင်ပွဲကလည်း ကစားသမားတွေကို စိတ်ဓာတ် တက်ကြွ နေပါတယ်။ ဝုဖ်လ်ကတော့ မနှစ်က အသင်းကြီးတွေကို အကောင်းဆုံး ဒုက္ခပေး နိုင်တဲ့အသင်းဖြစ်သလို ကစားပုံ ကောင်းပြီး ဂိုးသွင်းစွမ်းရည်မြင့်တဲ့ အသင်းပါ။
ထိပ်တိုက် ဆုံတွေ့မှု
ပရီးမီးယားလိဂ်ကို တန်းတက်လာပြီးကတည်းက ဝုလ်ဖ်ဟာ အားလုံး မထင်မှတ်လောက်အောင် ခြေစွမ်းပြတဲ့ အသင်းဖြစ်ပြီး မနှစ်ကလည်း ထိပ်သီး အသင်းကြီးတွေအတွက် ကစားရ ခက်တဲ့အသင်းပါ။ ဝုလ်ဖ်အသင်းဟာ ယူနိုက်တက်နဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၃ပွဲမှာ ၂ပွဲနိုင်ထားပြီး ၁ပွဲသရေထားပါတယ်။ ယူနိုက်တက်ဟာ ဝုလ်ဖ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ပွဲမှာ ၂ပွဲနိုင်ထားပြီး ၃ပွဲအထိ ရှုံးထားတာပါ။ နောက်ဆုံး နိုင်ခဲ့တာက ၂၀၁၂ခုနှစ်မှာပါ။ အဝေးကွင်းမှာ ခြေစွမ်းပြခဲ့တဲ့ ယူနိုက်တက်က ၅ဂိုးပြတ် အထိသွင်းခဲ့ပြီး နိုင်ပွဲရခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
လက်ရှိ ခြေစွမ်း
ဝုလ်ဖ်ဟာ နောက်ဆုံး ကစားခဲ့တဲ့ အိမ်ကွင်း ၈ပွဲစလုံး အနိုင်ရထားတဲ့ အသင်းဖြစ်သလို ယူရိုပါလိဂ်မှာလည်း ပုံစံကောင်း ရနေတဲ့ အသင်းပါ။ မနှစ်က ထိပ်သီး ၆သင်းနဲ့ ကစားခဲ့တဲ့ ၁၂ပွဲမှာ ၁၆မှတ်အထိ ရယူနိုင်ခဲ့ပြီး မန်စီးတီး၊ လီဗာပူးလ်ပြီးရင် တတိယ ရလဒ်အကောင်းဆုံးပါ။ ယူနိုက်တက်ကတော့ ပရီးမီးယားလိဂ်မှာ နောက်ဆုံး အဝေးကွင်း ၄ပွဲဆက်တိုက် နိုင်ပွဲပျောက်နေသလို အဝေးကွင်း ၉ပွဲမှာလည်း ၂ပွဲပဲ နိုင်ထားပါတယ်။
ဒဏ်ရာရ ကစားသမားများ
ဝုလ်ဖ်မှာတော့ ယူရိုပါလိဂ်ပွဲတုန်းက ကစားသမား ၉ယောက်လောက် အနာပေးခဲ့ပြီး အဓိက တိုက်စစ်အတွဲဖြစ်တဲ့ ရာအူးလ် ဟီမီးနက်စ်နဲ့ ဂျိုတာကို ပြန်လည် အသုံးပြုမှာ သေချာပါတယ်။ ဒဏ်ရာရ ကစားသမား မရှိတာက နူနို ဆန်တိုအတွက် ကံကောင်းတဲ့ အချက်ပါ။ ယူနိုက်တက်မှာတော့ နောက်ခံလူ အဲရစ် ဘာယီနဲ့ ဖူဆိုမန်ဆက်တို့ လွဲချော်မှာဖြစ်ပြီး ကျန်ကစားသမားတွေကတော့ ဒဏ်ရာ ကင်းစင် နေပါတယ်။ အသင်းက ထွက်ခွာဖွယ် ရှိနေတဲ့ အလက်ဆစ် ဆန်းချက်ဇ်ကတော့ ကြံ့ခိုင်မှု ရာနှုန်းပြည့် နီးပါး ပြန်ရောက်တော့မယ်လို့ ဆိုးလ်ရှားကတော့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဘယ်အသင်း အနိုင်ရမလဲ
နောက်ဆုံး တွေ့ခဲ့တဲ့ ၃ပွဲမှာ ဝုလ်ဖ်က ၂ပွဲနိုင်၊ ၁ပွဲသရေကျထားပေမယ့် ဆိုးလ်ရှားရဲ့ အသင်းမှာ ခံစစ်ပိုင်း အပြောင်းအလဲ လုပ်ထားပါတယ်။ အထူးသဖြင့် ဟယ်ရီ မက်ဂွိုင်းယားနဲ့ ဝွမ် ဘစ်ဆာကာတို့ ပါဝင်လာတဲ့ ယူနိုက်တက် ခံစစ်က ချယ်လ်ဆီးနဲ့ ပွဲမှာ တွေ့ခဲ့ပြီး ဖြစ်သလို ဝုလ်ဖ် အနေနဲ့ ခက်ခက်ခဲခဲ ဂိုးသွင်းရမှာပါ။ တစ်ခုပဲ ရှိတာက ယူနိုက်တက်တို့ ချယ်လ်ဆီးနဲ့ပွဲတုန်းကလိုမျိုး တန်ပြန်တိုက်စစ် ကစားဖို့ မလွယ်သလို အိမ်ရှင်အသင်းရဲ့ လျင်မြန်တဲ့ တိုက်စစ်ပိုင်းကိုတော့ သေချာထိန်းဖို့ လိုအပ်ပါတယ်။ ကွင်းလယ်မှာ ပေါ့ပ်ဘာရဲ့ ဦးဆောင်မှုက ယူနိုက်တက်အတွက် အရေးပါသလို တိုက်စစ်က ရပ်ရှ်ဖို့ဒ်၊ မာရှယ်လ်တို့ရဲ့ ဂိုးသွင်းအားလည်း ယူနိုက်တက်အတွက် အဆုံးအဖြတ် ဖြစ်နိုင်ပါတယ်။ ခြေစွမ်းအရတော့ ယူနိုက်တက် သာပေမယ့် ဝုလ်ဖ်ရဲ့ အိမ်ကွင်းဖြစ်လို့ အကြိတ်အနယ် ဖြစ်မှာ သေချာပါတယ်။
နောက်ဆုံး ၅ကြိမ် ထိပ်တိုက်ဆုံတွေ့မှု
ဝုလ်ဖ် ၂-၁ မန်ယူ ( ၂၀၁၈-၁၉) ပရီးမီးယားလိဂ်
ဝုလ်ဖ် ၂-၁ မန်ယူ ( ၂၀၁၈-၁၉) အက်ဖ်အေကပ်
မန်ယူ ၁-၁ ဝုလ်ဖ် ( ၂၀၁၈-၁၉) ပရီးမီးယားလိဂ်
ဝုလ်ဖ် ၀-၅ မန်ယူ ( ၂၀၁၁-၁၂) ပရီးမီးယားလိဂ်
မန်ယူ ၄-၁ ဝုလ်ဖ် ( ၂၀၁၁-၁၂) ပရီးမီးယားလိဂ်
ထိပ်သီး အသင်းကြီး ၆သင်းနဲ့ မှတ်တမ်း
ဝုလ်ဖ် - ၁၆မှတ်
ဝုလ်ဖ် ၁-၁ မန်စီးတီး
မန်စီးတီး ၃-၀ ဝုလ်ဖ်
မန်ယူ ၁-၁ ဝုလ်ဖ်
ဝုလ်ဖ် ၂-၁ မန်ယူ
ဝုလ်ဖ် ၂-၃ စပါး
စပါး ၁-၃ ဝုလ်ဖ်
အာဆင်နယ် ၁-၁ ဝုလ်ဖ်
ဝုလ်ဖ် ၃-၁ အာဆင်နယ်
ဝုလ်ဖ် ၂-၁ ချယ်လ်ဆီး
ချယ်လ်ဆီး ၁-၁ ဝုလ်ဖ်
ဝုလ်ဖ် ၀-၂ လီဗာပူးလ်
လီဗာပူးလ် ၂-၀ ဝုလ်ဖ်

ဓာတ်ပုံ ရင်းမြစ်, AFP
မန်ယူ - ၇ မှတ်
မန်ယူ ၀-၃ စပါး
စပါး ၀-၁ မန်ယူ
ချယ်လ်ဆီး ၂-၂ မန်ယူ
မန်ယူ ၁-၁ ချယ်လ်ဆီး
မန်စီးတီး ၃-၁ မန်ယူ
မန်ယူ ၀-၂ မန်စီးတီး
မန်ယူ ၂-၂ အာဆင်နယ်
အာဆင်နယ် ၂-၀ မန်ယူ
လီဗာပူးလ် ၁-၁ မန်ယူ
မန်ယူ ၀-၀ လီဗာပူးလ်








