ပရီးမီးယားလိဂ် ရာသီရဲ့ အစ ကွန်မြူနတီ ဒိုင်းလုပွဲ

ဓာတ်ပုံ ရင်းမြစ်, AFP
အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲကြီးကတော့ လာမယ့် သောကြာနေ့မှာ ရာသီဖွင့်ပွဲ ကစားမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ရာသီသစ် မတိုင်မီ ပရီးမီးယားလိဂ် ချန်ပီယံနဲ့ အက်ဖ်အေကပ် ချန်ပီယံတို့ လုရတဲ့ ကွန်မြူနတီ ဒိုင်းလုပွဲကို ဒီကနေ့ ညပိုင်း လန်ဒန်မြို့က နာမည်ကျော် ဝင်ဘလေကွင်းကြီးထဲ ကစားမှာ ဖြစ်ပါတယ်။ မန်စီးတီးက မနှစ်က ပြည်တွင်း ဖလားတွေ အားလုံးရခဲ့လို့ အမှတ်ပေး ဒုတိယရတဲ့ လီဗာပူးလ်က ကန်ခွင့်ရတာပါ။
ကွန်မြူနတီဒိုင်းလုပွဲမှာ မန်စီးတီးရော လီဗာပူးလ်တို့ အဓိက ကစားသမား အချို့ မပါဘဲ ကစားရမှာပါ။ နွေရာသီ နိုင်ငံတကာပွဲတွေ ကစားခဲ့ကြတဲ့ မန်စီးတီးက ဖာနန်ဒင်ညို၊ အီဒါဆင်တို့အပြင် လီဗာပူးလ်မှာ အာဖရိက ဖလားပွဲ သွားကစားခဲ့တဲ့ မာနေလည်း လွဲချော်မှာ ဖြစ်ပါတယ်။ လီဗာပူးလ်ရဲ့ အလီဆင်၊ ဖာမီနိုနဲ့ ဆာလတို့ကတော့ အသင်းနဲ့ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီး ပွဲချိန်ပြည့် ပါဝင်ကစားဖို့ မသေချာဘူးလို့ နည်းပြ ယာဂမ် ကလော့ပ် ကတော့ဆိုပါတယ်။
ပထမဆုံးအကြိမ်
မန်စီးတီးနဲ့ လီဗာပူးလ်တို့ဟာ ကွန်မြူနတီ ဒိုင်းလုပွဲမှာ ပထမဆုံး အကြိမ်ဆုံတွေ့မှာ ဖြစ်ပါတယ်။ ဝင်ဘလေကွင်းမှာတော့ ၂၀၁၆ လိဂ်ဖလား ဖိုင်နယ်မှာ တွေ့ခဲ့ဖူးပြီး အဲ့ဒီတုန်းကတော့ မန်စီးတီးက ပင်နယ်တီမှာ နိုင်ခဲ့တာပါ။ မန်စီးတီးဟာ လီဗာပူးလ်နဲ့ ဆုံတွေ့ခဲ့တဲ့ နောက်ဆုံး ၁၂ပွဲ မှာ ၂ပွဲသာ နိုင်ထားပြီး ၃ပွဲသရေ၊ ၇ ပွဲအထိ ရှုံးထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
လီဗာပူးလ်နဲ့ ကွန်မြူနတီဒိုင်း
လီဗာပူးလ်ကတော့ ကွန်မြူနတီဒိုင်းကို ၂၂ကြိမ် ကစားခွင့်ရတာဖြစ်ပြီး ( ၃၁ကြိမ်) ကစားခွင့်ထားတဲ့ မန်ချက်စတာယူနိုက်တက်ပြီးရင် ဒုတိယအများဆုံး အသင်းပါ။ လီဗာပူးလ်အတွက် ၂၀၀၆ခုနှစ်မှာ ချယ်လ်ဆီးကို ၂-၁ဂိုးနဲ့ နိုင်ပြီး နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်ကစားခွင့်ရတာပါ။ သမိုင်းတစ်လျောက် ကွန်မြူနတီဒိုင်းကို အာဆင်နယ်နဲ့အတူ ၁၅ကြိမ်နဲ့ ဒုတိယအများဆုံး ရထားပါတယ်။
မန်စီးတီး နဲ့ ကွန်မြူနတီဒိုင်း
မနှစ်က ချယ်လ်ဆီးကို ၂ဂိုးပြတ်နဲ့ နိုင်ပြီး ချန်ပီယံ ဖြစ်ခဲ့တဲ့ မန်စီးတီးဟာ ကွန်မြူနတီဒိုင်းကို ၁၂ကြိမ် ကစားခွင့်ရမှာပါ။ မန်စီးတီးဟာ ကွန်မြူနတီဒိုင်းမှာ ၅ကြိမ် ရခဲ့ဖူးပြီး ၆ကြိမ် ရှုံးထားပါတယ်။ နောက်ဆုံး ရှုံးခဲ့တာက အာဆင်နယ်ကို ၂၀၁၄ ခုနှစ်မှာ ၃ဂိုးပြတ်နဲ့ ရှုံးခဲ့တာပါ။ ဝင်ဘလေကွင်းမှာ ကန်ခဲ့တဲ့ နောက်ဆုံး ၇ပွဲမှာ ၆ပွဲနိုင်၊ ၁ပွဲသရေကျထားပြီး ရလဒ်ကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အသင်းပါ။
ပတ်ဂွါဒီယိုလာ နဲ့ ယာဂမ်ကလော့ပ်
ထိပ်တန်း နည်းပြ နှစ်ဦးအတွက် ပထမဆုံး ဆုဖလားကို ရနိုင်မယ့် အခွင့်အရေး ဖြစ်သလို် ရာသီသစ်ကို အောင်ပွဲနဲ့ စဖို့ပြင်ဆင်နေကြတာပါ။ မနှစ်က အကြိတ်နယ် ပြိုင်ခဲ့ကြတဲ့ ဒီနှစ်သင်းရဲ့ပွဲမှာ လူစုံဖို့ မသေချာပေမယ့် ပရိသတ်တွေ ကြိုက်ကြမယ့် ပွဲကောင်း တစ်ပွဲ ဖြစ်လာမှာ သေချာပါတယ်။
ကွန်မြူနတီ ဒိုင်းချန်ပီယံများ
၁) မန်ချက်စတာယူနိုက်တက် - ၂၁ကြိမ်
၂) အာဆင်နယ် - ၁၅ကြိမ်
၃) လီဗာပူးလ် - ၁၅ကြိမ်
၄) အဲဗာတန် - ၉ကြိမ်
၅) စပါး - ရကြိမ်
၆) မန်စီးတီး - ၅ကြိမ်
၇) ချယ်လ်ဆီး - ၄ကြိမ်

ဓာတ်ပုံ ရင်းမြစ်, AFP
ဥရောပ စူပါဖလားပွဲများ
အင်္ဂလန်မှာ ကွန်မြူနတီ ဒိုင်းလုပွဲ ကစားဖို့ ရှိပေမယ့် ပြင်သစ်၊ ဂျာမနီတို့ကတော့ သူတို့ရဲ့ ရာသီအဖွင့် စူပါဖလားပွဲတွေ ကစားခဲ့ကြပြီး ဖြစ်ပါတယ်။ စနေနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ဂျာမန် စူပါဖလားပွဲမှာတော့ ဒေ့ါမန်နဲ့ ဘိုင်ယန်တို့ ကစားခဲ့ကြပြီး ဒေါ့မန်က ၂ဂိုးပြတ်နဲ့ နိုင်ပါတယ်။ ဒေါ့မန်ရဲ့ အိမ်ကွင်းမှာ ကစားခဲ့တဲ့ အဲ့ဒီပွဲမှာ အကြိတ်အနယ် ရှိခဲ့ကြပြီး အိမ်ရှင်အသင်းက ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ နိုင်ခဲ့တာပါ။ ဒေါ့မန်အတွက် အင်္ဂလန် လူငယ်ကစားသမား ဂျေဒင် ဆန်ချို ခြေစွမ်းပြခဲ့ပြီး တစ်ဂိုးသွင်း၊ တစ်ဂိုး ဖန်တီးပေးနိုင်ခဲ့တာပါ။ ဒါဟာ ဒေါ့မန်အတွက် စူပါဖလားကို ၆ကြိမ်မြောက် ရခဲ့တာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
တရုတ်ပြည်မှာ ကစားတဲ့ ပြင်သစ် စူပါဖလားပွဲမှာတော့ ပီအက်စ်ဂျီက ရန်းစ်ကို နောက်ကလိုက် ကစားပြီး နိုင်ပါတယ်။ ပြီးခဲ့တဲ့ ပြင်သစ် ဖလားပွဲတုန်းက မထင်မှတ်ဘဲ ချန်ပီယံ ဖြစ်ခဲ့တဲ့ ရန်းစ်က ဦးဆောင်ဂိုးနဲ့ အသာရခဲ့တာပါ။ ဒါပေမယ့် ဒုတိယပိုင်းမှာ သွင်းခဲ့တဲ့ အမ်ဘတ်ပေနဲ့ ဒီမာရီယာတို့ရဲ့ သွင်းဂိုးတွေနဲ့ ပီအက်စ်ဂျီ ၂-၁ဂိုးနဲ့ နိုင်ပြီး ချန်ပီယံ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
အီတလီမှာတော့ ဂျူဗင်တပ်စ်နဲ့ လာဇီယိုတို့ စူပါဖလားပွဲကို ဆော်ဒီအာရေဗျမှာ ကစားဖို့ ရှိသလို စပိန် စူပါဖလားကတော့ ပထမဆုံးအကြိမ်အဖြစ် ၄သင်းပြိုင်မှာပါ။ မနှစ်က ကိုပါ ဖိုင်နယ်တက်ခဲ့တဲ့ ဗလန်စီယာ၊ ဘာစီလိုနာနဲ့အတူ လိဂ်ပြိုင်ပွဲက ဒုတိယ၊ တတိယရတဲ့ မက်ဒရစ် နှစ်သင်းလည်း ပါ၀င်ခွင့်ရပြီး ဆီမီးကနေ စတင် ကစားကြမှာ ဖြစ်ပါတယ်။








