စံချိန်တင် လစာနဲ့ ၆နှစ် သက်တမ်းတိုးမယ့် ဒဟေးရား

atl

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, တစ်ပတ် ပေါင် ၃သိန်း ၇သောင်းခွဲနဲ့ ၆နှစ် သက်တမ်းတိုးမယ့် ဒဟေးရား

မန်ချက်စတာယူနိုက်တက်ဟာ အသင်းရဲ့ အဓိက ဂိုးသမား ဒါးဗစ် ဒဟေးရားကို ၆နှစ် သက်တမ်းရှိမယ့် သက်တမ်းတိုး စာချုပ်တစ်ရပ်ကို သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ်။ အသက် ၂၈နှစ် အရွယ်ရှိတဲ့ ဒဟေးရားဟာ ၂၀၁၁ခုနှစ်မှာ အက်သလက်တီကိုမက်ဒရစ် အသင်းကနေ ပေါင် ၁၉သန်းနဲ့ ရောက်လာခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဂိုးသမား တစ်ဦးအဖြစ် လက်စွမ်းပြခဲ့သူပါ။ အဲ့ဒီတုန်းက နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ကိုယ်တိုင် ကြိုက်နှစ်သက်ပြီး ဂိုးသမား တစ်ယောက်ရဲ့ ဗြိတိန် စံချိန်နဲ့ ခေါ်ယူခဲ့တာပါ။

ပြီးခဲ့တဲ့ ရာသီကတည်းက သက်တမ်းကုန်တော့မယ့် သူ့ကို ယူနိုက်တက်က စာချုပ်ပါ အချက်အလက်အရ တစ်နှစ် သက်တမ်းတိုးပြီး အသင်းမှာ ဆက်ရှိစေခဲ့သူပါ။ ဒဟေးရားဟာ ယူနိုက်တက်နဲ့ ရာသီအကြို ခြေစမ်းပွဲတွေအပြီးမှာ တရားဝင် လက်မှတ်ထိုး သက်တမ်းတိုးမှာ ဖြစ်ပြီး တစ်ပတ် ပေါင် ၃သိန်းခွဲကနေ ၃သိန်း ၇သောင်းခွဲအထိ ရရှိမှာ ဖြစ်ပါတယ်။

atl

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ၂၀၁၁ခုနှစ်မှာ အက်သလက်တီကိုမက်ဒရစ် ကနေ ပြောင်းလာတဲ့ ဒဟေးရားဟာ ပွဲပေါင်း ၃၀၀ကျော် ကစားပေးထားသူဖြစ်

ရီးယဲယ် အပါအဝင် ထိပ်တန်း ကလပ်တွေက စိတ်ဝင်စားမှု ခံနေရတဲ့ ဒဟေးရားဟာ ၆နှစ် သက်တမ်းတိုး စာချုပ်အရ စုစုပေါင်း ဝင်ငွေ ပေါင် ၁၁၇သန်းအထိ ရရှိမှာဖြစ်ပြီး ကမ္ဘာ့လုပ်ခ လစာ အများဆုံးရမယ့် ဂိုးသမားအဖြစ် မှတ်တမ်း ဝင်လာမှာ ဖြစ်ပါတယ်။ ဒဟေးရားဟာ အရင်က တစ်ပတ်လုပ်ခ ပေါင် ၂သိန်း ၄သောင်း ရရှိနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီကုန်ခါနီးက ပီအက်စ်ဂျီကို ပြောင်းဖို့ သဘောတူညီခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့သူပါ။

မနှစ်က ရာသီအတွင်း ပုံမှန် လက်စွမ်းပြပျောက်ပြီး အမှားများစွာ ပြုလုပ်ခဲ့တဲ့ ဒဟေးရားဟာ ယူနိုက်တက်အသင်းမှာ ပြိုင်ပွဲအရပ်ရပ် ပွဲပေါင်း ၃၆၂ပွဲ ကစားပေးထားပြီး ၁၂၈ပွဲ ပေးဂိုးမရှိ ရယူထား သူဖြစ်ပါတယ်။ ရာသီသစ်နဲ့အတူ အကောင်းဆုံး လက်စွမ်းတွေ ပြန်လည် ပြသသွားမယ်လို့ ဒဟေးရားကတော့ ရာသီအကြို ခြေစမ်းပွဲတွေမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပြီး အိုးထရက်ဖို့ဒ်က ထွက်ခွာမယ့် သတင်းတွေကို အဆုံးသတ်ခဲ့ပါတယ်။

atl

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ပြိုင်ပွဲအရပ်ရပ် ပွဲပေါင်း ၃၆၂ပွဲ ကစားပေးထားပြီး ၁၂၈ပွဲ ပေးဂိုးမရှိ ရယူထား

ဒဟေးရားရဲ့ ပရီးမီးယားလိဂ် Clean Sheet မှတ်တမ်း

၂၀၁၁-၁၂ ) - ၁၇ပွဲ

၂၀၁၂-၁၃) - ၁၅ပွဲ

၂၀၁၃-၁၄) - ၁၂ပွဲ

၂၀၁၄-၁၅) - ၁၁ပွဲ

၂၀၁၅-၁၆) - ၁၇ပွဲ

၂၀၁၆-၁၇) - ၁၅ပွဲ

၂၀၁၇-၁၈) - ၁၉ပွဲ

၂၀၁၈-၁၉) - ၇ပွဲ

ယူနိုက်တက်နဲ့ မှတ်တမ်း

ပွဲပေါင်း - ၃၆၂ပွဲ

ကာကွယ်မှု - ၈၉၇ကြိမ်

Clean Sheet - ၁၂၈ပွဲ

အောင်မြင်မှု

ပရီးမီးယားလိဂ် - ၁ကြိမ်

လိဂ်ဖလား - ၁ကြိမ်

အက်ဖ်အေဖလား - ၁ကြိမ်

ယူရိုပါလိဂ် - ၁ကြိမ်

ပရီးမီးလိဂ် အကောင်းဆုံး ဂိုးသမား - ၅ကြိမ်

ယူနိုက်တက် တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမား - ၄ကြိမ်

Golden Glove - ၁ကြိမ်