လက်ရှိချန်ပီယံ ဂျိုကိုဗစ်ကို မြက်ခင်းကွင်းမှာ ဘယ်သူ ရပ်တန့်မလဲ

ဓာတ်ပုံ ရင်းမြစ်, AFP
၀င်ဘယ်ဒန် အိုးပင်း ဂရန်စလန် တင်းနစ်ပြိုင်ပွဲတွေကတော့ စတုတ္ထအဆင့်ကို ရောက်နေပါပြီ။ အမျိုးသား တစ်ဦးချင်းပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေးပန်းစားနေကြတဲ့ ထိပ်တန်း တင်းနစ်သမားတွေ အခြေအနေ ကောင်းနေကြတာပါ။ ဆီဒင် ၁ ရတဲ့ လက်ရှိ ချန်ပီယံ နိုဗတ် ဂျိုကိုဗစ်က သူ့ရဲ့ ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ အကောင်းဆုံး လက်စွမ်းပြနေပြီး စတုတ္ထအဆင့်ကို တက်ရောက်ထားသလို ဗိုလ်လုပွဲကို တက်မယ့် လမ်းကြောင်းတစ်လျောက်လည်း နာမည်ကြီးတွေကို ကျော်ဖြတ်ရဖို့ မရှိဘဲ လွယ်ကူတဲ့ ပွဲစဉ်တွေနဲ့ ရင်ဆိုင်ရမှာပါ။
ပြင်သစ် အိုးပင်းချန်ပီယံ နာဒါးလ်ကတော့ ဒုတိယအဆင့်မှာ သြစတြေးလျက နစ်ကာဂျီယော့စ်၊ တတိယအဆင့်မှာ ပြင်သစ်က ဆွန်ဂါတို့ကို အနိုင်ယူပြီး ဒီဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။ နာမည်ကြီး ဖက်ဒါရာကလည်း အခက်အခဲမရှိဘဲ လက်စွမ်းပြနေလို့ ဆီမီးဖိုင်နယ်အဆင့်မှာ နာဒါးလ်နဲ့ ဆုံတွေ့ဖို့များနေပါတယ်။
အမျိုးသမီး တစ်ဦးချင်းဖက်ကတော့ မထင်မှတ်တဲ့ ရလဒ်တွေ ဆက်တိုက် တွေ့ခဲ့ရပြီး ဆီဒင် ၂ ရတဲ့ နာအိုမီ အိုဆာကာ၊ လက်ရှိချန်ပီယံ ခါဘာတို့အပါအဝင် နာမည်ကြီး အများစု အိမ်ပြန်စောခဲ့ပါတယ်။ ပြင်သစ် အိုးပင်းချန်ပီယံ သြစတြေးလျသူ အက်ရှ် ဘာတေ ကတော့ သူမရဲ့ လက်စွမ်းကို ပြသနေပြီး စတုတ္ထအဆင့်ကို တက်ရောက် နေပါတယ်။ ချန်ပီယံဟောင်း ဆရီနာဝီလျံလည်း နိုင်ပွဲဆက်နေသလို ဆယ်ကျော်သက် အမေရိကန် တင်းနစ်မယ် ကိုကို ဂေါ့ဖ်ကလည်း ဗီနပ်စ်ဝီလျံ အပါအဝင် ထိပ်တန်း တင်းနစ်မယ်တွေကို ကျော်ဖြတ်ပြီး ပရိသတ်တွေကို အံ့အားသင့်အောင် စွမ်းဆောင်ပြနေတာပါ။

ဓာတ်ပုံ ရင်းမြစ်, AFP
စတုတ္ထအဆင့်မှာ ဘယ်သူတွေ တွေ့မလဲ
ဒီဆင့်မှာတော့ ထိပ်တန်း တင်းနစ်ကစားသမားတွေအတွက် ခက်ခဲမယ့် ပွဲစဉ်တွေကို ရင်ဆိုင်ရဖို့ မရှိဘဲ လွယ်ကူနေတာ တွေ့ရပါတယ်။ ချန်ပီယံ ဂျိုကိုဗစ်က ပြင်သစ်က ဟူဂို ဟမ်ဘတ်ခ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး နာဒါးလ်ကတော့ ပေါ်တူဂီက ဆိုဆာနဲ့ ရင်ဆိုင်ရမှာပါ။ ဖက်ဒါရာကလည်း အီတလီက ဘာရက်တီနီကို ရင်ဆိုင်ရမှာဖြစ်လို့ ထိပ်ဆုံး ၃ဉီးစလုံး ကွာတားဖိုင်နယ်ကို တက်ရောက်ဖို့ အခွင့်အရေးများနေပါတယ်။
အမျိုးသမီး ဖက်မှာတော့ အက်ရှ်ဘာတေက အမေရိက အလီဆင်နဲ့ ဆုံတွေ့မှာဖြစ်ပြီး ဆရီနာဝီလျံက စပိန်က ဝါရင့် တင်းနစ်မယ် နာဗာရိုနဲ့ ဆုံတွေ့မှာ ဖြစ်ပါတယ်။ အိမ်ရှင် တင်းနစ်မယ် ယိုဟာနာ ကွန်တာက ချန်ပီယံဟောင်း ခီဗီတိုဗာနဲ့ ဆုံတွေ့မှာဖြစ်ပြီး ဆယ်ကျော်သက် အမေရိကန် တင်းနစ်မယ် ကိုကိုဂေါ့ဖ်က ရိုမေးနီးယားက ဆီမီနာ ဟာ့လပ်နဲ့ ဆုံတွေ့မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
မာရေးနဲ့ ဆရီနာ
ချန်ပီယံဟောင်း အန်ဒီမာရေးကတော့ ဒဏ်ရာ ပြဿနာကြောင့် ကြံ့ခိုင်မှု မပြည့်ဝလို့ အမျိုးသမား နှစ်ယောက်တွဲနဲ့ အမျိုးသား၊ အမျိုးသမီး နှစ်ယောက်တွဲ ပွဲတွေကိုသာ ဝင်ရောက် ယှဉ်နေတာပါ။ မာရေးဟာ အမျိုးသား နှစ်ယောက်တွဲပွဲမှာ ပြင်သစ်က ဟာဘတ်နဲ့ တွဲကစားခဲ့ပေမယ့် ဒုတိယအဆင့်မှာတင် ထွက်ခဲ့ရပါတယ်။ အမျိုးသမား၊ အမျိုးသမီး နှစ်ယောက်တွဲမှာတော့ မာရေးဟာ ဂရန်စလန်များ ချန်ပီယံ ဆရီနာ ဝီလျံနဲ့ တွဲကစားခဲ့ပါတယ်။ သူတို့နှစ်ယောက် အတွဲကို အိမ်ရှင် ပရိသတ်တွေအပြင် တင်းနစ် ပရိသတ်တွေအားလုံး တစ်ခဲနက် အားပေးခဲ့ကြတာပါ။ မာရေးနဲ့ ဆရီနာတို့ဟာ နှစ်ယောက်တွဲ ပထမအဆင့်မှာ ဂျာမနီ- ချီလီအတွဲကို ၂ပွဲပြတ်နဲ့ နိုင်ပြီး ဒုတိယအဆင့်ကို တက်ရောက်ထားကြပါတယ်။
ဘယ်သူတွေ အခြေအနေကောင်းနိုင်လဲ
ကစားပြီးခဲ့တဲ့ ပွဲတွေအရ အမျိုးသား တစ်ဦးချင်းမှာ ဂျိုကိုဗစ်က ဗိုလ်လုပွဲအဆင့်ကို လွယ်လွယ်ကူကူ တက်ရောက်နိုင်ဖို့ အခွင့်အရေးများနေပြီး နာဒါလ်းလ်နဲ့ ဖက်ဒါရာတို့ကတော့ တစ်ဖက် ဆီမီးဖိုင်နယ် အဆင့်မှာ ဆုံတွေ့ကြမှာ ဖြစ်ပါတယ်။ လက်ရှိချန်ပီယံ ဂျိုကိုဗစ်ကို မြက်ခင်းကွင်းမှာ ဘယ်သူ ရပ်တန့်မလဲ အားလုံးက စိတ်၀င်စားနေကြတာပါ။ အမျိုးသမီး ဖက်မှာလည်း ဆရီနာ ဝီလျံနဲ့ ပြင်သစ် အိုးပင်းချန်ပီယံ အက်ရှ်ဘာတေတို့ ကွာတားအဆင့်မှာ စောစောစီးစီး ဆုံတွေ့ဖွယ်ရှိနေသလို အမေရိကန် ဆယ်ကျော်သက် တင်းနစ်မယ်လေးရဲ့ လက်စွမ်းကိုလည်း အာလုံးက စောင့်ကြည့်နေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
နောက်ဆုံး ဖိုင်နယ် ၅ကြိမ် ဆုံတွေ့မှု
အမျိုးသား တစ်ဦးချင်း
၂၀၁၄ - ဂျိုကိုဗစ် (ချန်ပီယံ) ၊ ဖက်ဒါရာ (ဒုတိယ)
၂၀၁၅ - ဂျိုကိုဗစ် (ချန်ပီယံ) ၊ ဖက်ဒါရာ (ဒုတိယ)
၂၀၁၆ - မာရေး (ချန်ပီယံ) ၊ ရော်နစ် (ဒုတိယ)
၂၀၁၇ - ဖက်ဒါရာ (ချန်ပီယံ)၊ မာရင်ချစ်လစ် (ဒုတိယ)
၂၀၁၈ - ဂျိုကိုဗစ် (ချန်ပီယံ) ၊ အန်ဒါဆင် (ဒုတိယ)
အမျိုးသမီး တစ်ဦးချင်း
၂၀၁၄ - ခီဗီတိုဗာ (ချန်ပီယံ) ၊ ဘူးချတ် (ဒုတိယ)
၂၀၁၅ - ဆရီနာဝီလျံ (ချန်ပီယံ) ၊ မူဂူရူဇာ (ဒုတိယ)
၂၀၁၆ - ဆရီနာဝီလျံ (ချန်ပီယံ) ၊ ခါဘာ (ဒုတိယ)
၂၀၁၇ - မူဂူရိုဇာ (ချန်ပီယံ)၊ ဗီးနပ်စ်ဝီလျံ (ဒုတိယ)
၂၀၁၈ - ခါဘာ (ချန်ပီယံ) ၊ ဆရီနာဝီလျံ (ဒုတိယ)








