ပီအက်စ်ဂျီက ထွက်ရင် နေမာ ဘယ်ကို သွားမလဲ

atl

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဘာစီလိုနာမှာ အ၀င်အထွက် ဖြစ်လာနိုင်တဲ့ နေမာနဲ့ ကော်တင်ညို

လွန်ခဲ့တဲ့ နှစ်နှစ်ကျော် ၂၀၁၇ခုနှစ်က ဘောလုံးလောကို လှုပ်ခတ်ခဲ့တဲ့ ထိပ်တန်း အပြောင်းအရွှေ့တစ်ခုဖြစ်ခဲ့ပြီး ဘာစီလိုနာရဲ့ စူပါစတား နေမာ တစ်ယောက် ကတ်တလန် ကလပ်ကို စွန့်ခွာပြီး ပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ နေမာနဲ့ ဘာစီလိုနာတို့ ချုပ်ထားတဲ့ လျော်ကြေးစာချုပ်ကြေးကို ပေးပြီး ပီအက်စ်ဂျီက ခေါ်ယူခဲ့တာပါ။ အဲ့ဒီတုန်းက စံချိန်တင် ယူရို ၂၂၂သန်း ပေးခဲ့ရတဲ့ နေမာတစ်ယောက် ပီအက်စ်ဂျီမှာ သူလိုချင်တဲ့ အောင်မြင်မှုမျိုး မရခဲ့သလို ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီး အိမ်ပြန်ချင်တယ်လို့ မီဒီယာတွေမှာ ဖော်ပြနေပါတယ်။

နေမာကို လာလီဂါရဲ့ ထိပ်တန်းကလပ် ရီးယဲယ်မက်ဒရစ်နဲ့ ဘာစီလိုနာက စိတ်ဝင်စားနေကြပြီး အရခေါ်ယူဖို့ စီစဉ်နေကြတာပါ။ သတင်းတွေအရ နေမာဟာ ဇီဒန်းရဲ့ ရီးယဲယ်ထက် ဘာစီလိုနာအသင်းကိုသာ ပြန်လည် ပြောင်းရွှေ့လိုနေကြောင်း ဖော်ပြထားပါတယ်။ နွေရာသီမှာ ယူရိုသန်း ၃၀ဝကျော် သုံးထားတဲ့ ရီးယဲယ်ဟာ ဇီဒန်းရဲ့ အသင်းသစ်အတွက် နေမာကို ခေါ်ယူအားဖြည့်ချင်နေပြီး ငွေသား ယူရို ၁၃၀သန်းအပြင် တောင်ပံကစားသမား ဂါရတ်ဘေးလ် ( သို့မဟုတ်) ကွင်းလယ်လူ ဟားမက်စ် ရိုဒရီဂွက်ဇ်တို့ တစ်ဦးဦးကို အလိုက်ပေးပြီး ကမ်းလှမ်းခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဘာစီလိုနာကလည်း ယူရိုသန်း ၁၀ဝအပြင် ကော်တင်ညို ( သို့မဟုတ်) ဒမ်ဘီလီတို့ အလိုက်ပေးပြီး ရီးယဲယ်နဲ့အပြိုင် ကမ်းလှမ်းခဲ့ပါတယ်။

atl

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ၂၀၁၇မှာ ယူရို ၂၂၂သန်းနဲ့ ရောက်လာခဲ့တဲ့ နေမာဟာ ၅၈ပွဲမှာ ၅၁ဂိုး သွင်းယူခဲ့

၂၀၁၇ခုနှစ်မှာ ယူရို ၂၂၂သန်းအထိ ပေးခဲ့ရတဲ့ နေမာအတွက် ပီအက်စ်ဂျီကတော့ ယူရိုသန်း ၃၀ဝအထိ အလိုရှိနေတယ်လို့ ဈေးသတ်မှတ်လိုက်ပြီး စပိန်ထိပ်သီး နှစ်သင်းကို အကြောင်းပြန်လိုက်ပါတယ်။ ပီအက်စ်ဂျီ အသင်းပိုင်ရှင်ကတော့ အသင်းရဲ့ နာမည်ကျော် ကစားသမားတွေရဲ့ ကွင်းပြင်ပ နေထိုင်မှုတွေကို သတိပေးခဲ့သလို နေမာကို ရောင်းချပြီး အမ်ဘတ်ပေနဲ့ အသင်းကို တည်ဆောက်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ နေမာဟာ ပီအက်စ်ဂျီမှာ ကစားခွင့်ရတိုင်း ခြေစွမ်းပြလေ့ရှိတဲ့ ကစားသမားဖြစ်ပေမယ့် ဒဏ်ရာတွေက သူ့ရဲ့ ကစားသမားဘဝကို ထိုးနှက်နေသလို သူ့ရဲ့ အပြုအမှုတွေကြောင့် ပြိုင်ဖက် အသင်းရဲ့ ပစ်မှတ်ထားခြင်းကို ခံနေရသူပါ။

ပီအက်စ်ဂျီကို စရောက်တုန်းက အသင်းဖော် ကာဗာနီနဲ့ ပြဿနာဖြစ်ခဲ့ပြီး ပင်နယ်တီလုကန်ခဲ့တဲ့ အခြေအနေအထိ ဖြစ်ခဲ့သလို ညီမဖြစ်သူ မွေးနေ့ရောက်ခါနီးတိုင်း ဒဏ်ရာ အမြဲရလေ့ရှိတဲ့ နေမာကို အသင်းပိုင်ရှင်က စိတ်ပျက်လျက်ရှိနေတာပါ။ နေမာကြောင့် ဝင်ငွေတွေများစွာ တိုးခဲ့ပေမယ့် ပီအက်စ်ဂျီဟာ ဘာစီလိုနာက ကမ်းလှမ်းတဲ့ ကော်တင်ညိုနဲ့ ယူရို ငွေသန်း ၁၀ဝကို လက်ခံဖွယ် ရှိနေတယ်လို့ ပြင်သစ် သတင်းစာတစ်စောင်က ဖော်ပြထားပါတယ်။

တစ်ချိန်တည်းမှာပဲ နေမာကလည်း ဘာစီလိုနာမှာ အိမ်ပြန်ရှာနေပြီး မက်ဆီနဲ့လည်း အဆက်အသွယ်ရှိကြောင်း၊ မက်ဆီရဲ့ နေအိမ်အထိကို သွားရောက် လည်ပတ်ခဲ့ပြီး ဘာစီလိုနာ ကစားသမားတွေကို သူပြန်လာမှာ ဖြစ်ကြောင်း ပြောခဲ့တာပါ။ တစ်ဖက်မှာ ဘာစီလိုနာက နေမာမတိုင်မှ အက်သလက်တီကို တိုက်စစ်မှူး ဂရီးဇ်မန်းကို ယူရိုသန်း ၁၂၀နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရထားပြီးချိန်မှာ မက်ဆီအပါအဝင် စီနီယာ ကစားသမားတွေက နေမာကိုသာ ခေါ်ပေးဖို့ တောင်းဆိုလာကြတာပါ။ နောက်ဆုံးရတဲ့ သတင်းတွေအရ ဘာစီလိုနာဟာ နေမာနဲ့ ဂရီးဇ်မန်းတို့ နှစ်ဉီစလုံးကို ခေါ်ယူဖို့ ကြိုးစားနေပြီး ချန်ပီယံလိဂ်ဖလားကို အရယူဖို့ ပစ်မှတ်ထားနေပါတယ်။

atl

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဘာစီလိုနာဟာ ဂရီးဇ်မန်းနဲ့ နေမာတို့ နှစ်ဉီးစလုံးကို ခေါ်ယူဖို့ ပြင်ဆင်နေ

၂၀၁၅ခုနှစ်မှာ MSN တိုက်စစ်အတွဲနဲ့အတူ ချန်ပီယံလိဂ် ရပြီးနောက်ပိုင်း အဲ့ဒီ ပြိုင်ပွဲကနေ ၄နှစ်ဆက် ဗိုလ်မစွဲနိုင်ခဲ့တဲ့ ဘာစီလိုနာဟာ သူတို့ရဲ့ အဓိက ပစ်မှတ် ကစားသမား တစ်ဦးဖြစ်တဲ့ အားယက်စ်နောက်ခံလူ ဒီလစ်ကို လက်လျော့ခဲ့ပြီး ဂရီးဇ်မန်း၊ နေမာ နှစ်ဦးစလုံးကို ခေါ်ဖို့ ကြိုးစားလာတာဖြစ်ပါတယ်။ ဒီလစ်ကလည်း ဂျူဗင်တပ်စ်ကို ရွေးချယ်လိုက်လို့ ဘာစီလိုနာဟာ နေမာရဲ့ အပြောင်းအရွှေ့ကို နွေရာသီ ရာသီအကြို မတိုင်မီ အဆုံးသတ်နိုင်ဖို့ မျှော်လင့်နေတာပါ။ ဘာစီလိုနာမှာ အတွဲညီခဲ့ပြီး ပီအက်စ်ဂျီမှာ နေမာနဲ့ အတွဲဆုံးဖြစ်တဲ့ ဒန်နီ အဲဗတ်စ်ကလည်း ပြင်သစ် ချန်ပီယံကနေ ထွက်ခွာပြီလို့ မနေ့က ကြေငြာခဲ့ပြီးနောက် နေမာလည်း ပီအက်စ်ဂျီကနေ သေချာပေါက် ထွက်တော့မယ်ဆိုတဲ့ ထင်မြင်ချက်တွေ ဖြစ်လာပါတယ်။ ဘာစီလိုနာကတော့ နေမာကို လက်ရှိ ပီအက်စ်ဂျီမှာ ရနေတဲ့ လစာ ယူရို ၃၆သန်းထက် လျော့ပြီး ယူရို ၂၂သန်းသာ ပေးမှာဖြစ်ပေမယ့် အိမ်ပြန်ချင်နေတဲ့ နေမာ တစ်ယောက် ကတ်တလန် ကလပ်ရဲ့ တောင်းဆိုမှုတွေကို လက်ခံဖို့ အသင့်ဖြစ်နေပါတယ်။

နာမည်ကြီး ကစားသမားတွေကို သူတို့ကသာ ဈေးကြီးပေးပြီး ခေါ်ယူလေ့ရှိတဲ့ ပီအက်စ်ဂျီလို အသင်းဆီကနေ နေမာကို ဘာစီလိုနာ ဘယ်လို ခေါ်ယူမလဲ အားလုံးက စိတ်ဝင်စားနေကြသလို ပီရက်စ်ရဲ့ ရီးယဲယ်ကလည်း အလျော့ပေးမှာ မဟုတ်တာ သေချာပါတယ်။ အပြောင်းအရွှေ့လောကမှာ ထပ်ပြီး လှုပ်ခတ်လာတဲ့ နေမာဟာ သူချစ်ခဲ့တဲ့ နူးကမ့်ကိုပဲ ပြန်မလား၊ မက်ဒရစ်ကို သွားမလား အားလုံးက စိတ်ဝင်စားနေကြပါတယ်။

နေမာရဲ့စွမ်းဆောင်ရည်

ပီအက်စ်ဂျီ

၂၀၁၇-၁၈) - ၃၀ပွဲ၊ ၂၈ဂိုး

၂၀၁၈-၁၉) - ၂၈ပွဲ၊ ၂၃ဂိုး

ဘာစီလိုနာ

၂၀၁၃-၁၄) - ၄၁ပွဲ၊ ၁၅ဂိုး

၂၀၁၄-၁၅) - ၅၁ပွဲ၊ ၃၉ဂိုး

၂၀၁၅-၁၆) - ၄၉ပွဲ၊ ၃၁ဂိုး

၂၀၁၆-၁၇) - ၄၅ပွဲ၊ ၂၀ဂိုး

အောင်မြင်မှု

ပီအက်စ်ဂျီ - ပြင်သစ်လိဂ် ၂ကြိမ်၊ ရှုံးထွက်ဖလား ၁ကြိမ်၊ လိဂ်ဖလား ၁ကြိမ်

ဘာစီလိုနာ - ချန်ပီယံလိဂ် ၁ကြိမ်၊ လာလီဂါ ၂ကြိမ်၊ ဘုရင့်ဖလား ၃ကြိမ်၊ စူပါဖလား - ၁ကြိမ်၊ စပိန်စူပါဖလား - ၁ကြိမ်၊ ကမ္ဘာ့ကလပ် - ၁ကြိမ်

ရီးယဲယ်ရဲ့ ကမ်းလှမ်းမှု

ငွေသား ယူရို ၁၃၀ သန်း + ဂါရတ်ဘေးလ် (သို့) ဟားမက်စ်ရိုဒရီဂွက်ဇ်

ဘာစီလိုနာရဲ့ ကမ်းလှမ်းမှု

ငွေသား ယူရို ၁၀ဝ သန်း + ကော်တင်ညို (သို့) ဒမ်ဘီလီ