မော်ရစ်သျှ အင်တာနေရှင်နယ် စီးရီးမှာ ချန်ပီယံ ဖြစ်တဲ့ သက်ထားသူဇာ

ဓာတ်ပုံ ရင်းမြစ်, THET HTAR Thuzar - FB
မြန်မာ့ဂုဏ်ဆောင် ကြက်တောင် အားကစားမယ် သက်ထားသူဇာအတွက် နောက်ထပ် အောင်ပွဲတစ်ခု ရလာခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၂၀ တိုကျိုအိုလံပစ် ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖို့ ပစ်မှတ်ထားနေတဲ့ သက်ထားသူဇာဟာ မောရစ်သျှ နိုင်ငံမှာ ကျင်းပတဲ့ International Series မှာ ချန်ပီယံ ဖြစ်ခဲ့တာပါ။ ပြီးခဲ့တဲ့ ၉လအတွင်း ချန်ပီယံဆုဖလား ၃ကြိမ်အထိ ရထားတဲ့ သက်ထားသူဇာအတွက် နောက်ထပ် အောင်ပွဲကို ခက်ခက်ခဲခဲ ရယူခဲ့ရတာပါ။
ဇွန်လ ၁၃ရက်နေ့ကနေ ၁၆ရက်နေ့အထိ ကျင်းပတဲ့ အဲ့ဒီပြိုင်ပွဲမှာ သက်ထားသူဇာဟာ ဆီဒင် ၇ သာသတ်မှတ်ခံရပြီး ပထမအဆင့်ကနေ စတင်ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ရှုံးထွက် ၃၂ယောက် အဆင့်မှာ သက်ထားသူဇာဟာ အိမ်ရှင် ကြက်တောင်မယ် လိုနာဘော့ကို ၂၁-၃၊ ၂၁-၁၀မှတ်၊ ၂ပွဲပြတ်နဲ့ နိုင်ပါတယ်။ ၁၆ယောက် အဆင့်မှာ မလေးရှားက ရာဒါ့ချ်ခရစ်ရှာနန်ကို ၂၁-၁၉၊ ၂၁-၁၂မှတ်၊ ကွာတားဖိုင်နယ်မှာ မောရစ်သျှကပဲ ကိတ်ဖ် ကူနီကို ၂၁-၁၉၊ ၂၁-၁၆မှတ်နဲ့ ၂ပွဲပြတ်စီ ကစားပြီး ဆီမီးဖိုင်နယ် တက်ခဲ့ပါတယ်။
ဆီမီးဖိုင်နယ်မှာတော့ ဆီဒင် ၃ရတဲ့ နာမည်ကြီး အိန္ဒိယသူ ချူကာကို ၂-၁ပွဲနဲ့ နိုင်ခဲ့ပါတယ်။ ပထမပွဲမှာ ချူကာက ၂၁-၁၃မှတ်နဲ့ အနိုင်ရပြီး ပွဲကို ဦးဆောင်ခဲ့တာပါ။ သက်ထားသူဇာဟာ ဒုတိယပွဲမှာ ၂၁-၁၉မှတ်နဲ့ အကြိတ်အနယ် ရိုက်ခဲ့ရသလို နောက်ဆုံးပွဲမှာ ၂၁-၁၆မှတ်နဲ့ အသာရခဲ့လို့ ၂-၁ပွဲနဲ့ နိုင်ပြီး ဖိုင်နယ်ကို တက်နိုင်ခဲ့ပါတယ်။ အဲ့ဒီပွဲဟာ သက်ထားသူဇာအတွက် အချိန် ၁နာရီကျော်အထိ ရိုက်ခဲ့ရတာ ဖြစ်ပြီး အစောပိုင်း အဆင့်တွေမှာ ပြိုင်ဖက် ၃ဦးကို အနိုင်ယူခဲ့ရတဲ့ အချိန်ထက် ၁၃မိနစ်သာ လျော့ခဲ့တာပါ။

ဓာတ်ပုံ ရင်းမြစ်, AFP
မနေ့က ကျင်းပတဲ့ ဖိုင်နယ်မှာတော့ တစ်ဖက် ဆီမီးပွဲမှာ အနိုင်ရခဲ့တဲ့ ဖင်လန်က အီရီ မစ်ကီလာနဲ့ ဆုံတွေ့ပြီး မြန်မာ့ဂုဏ်ဆောင် သက်ထားသူဇာတစ်ယောက် ၂၁-၁၀၊ ၂၁-၁၉မှတ်နဲ့ အောင်ပွဲရယူနိုင်ခဲ့ပါတယ်။ ပြိုင်ပွဲတစ်လျောက် ပြိုင်ဖက်ပေါင်း ၅ဦးကို အကောင်းဆုံး လက်စွမ်းနဲ့ ရိုက်နိုင်ခဲ့တဲ့ သက်ထားသူဇာအတွက်တော့ International Series ပြိုင်ပွဲ ၄ခုကို ၉လအတွင်း ဗိုလ်စွဲနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, THET HTAR Thuzar - FB
သက်ထားသူဇာ ရရှိခဲ့တဲ့ နိုင်ငံတာက အောင်မြင်မှုများ
၁) အီဂျစ် အင်တာနေရှင်နယ် စီးရီး - ၂၀၁၈
၂) ယူဂန်ဒါ အင်တာနေရှင်နယ် စီးရီး - ၂၀၁၉
၃) ကင်ညာ အင်တာနေရှင်နယ် စီးရီး - ၂၀၁၉
၄) မော်ရစ်သျှ အင်တာနေရှင်နယ် စီးရီး - ၂၀၁၉








