မန်ယူကနေ ထွက်ခွာပြီး စိန်ခေါ်မှု အသစ်ကို ရင်ဆိုင်ချင်နေတဲ့ ပေါ့ပ်ဘာ

ဓာတ်ပုံ ရင်းမြစ်, AFP
မန်ချက်စတာယူနိုက်တက်ရဲ့ ပြင်သစ် ကွင်းလယ်လူ ပေါ့ပ်ဘာဟာ ဒီနှစ် နွေရာသီမှာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ စဉ်းစားနေပြီ ဖြစ်ကြောင်း သိရပါတယ်။ ပေါ့ပ်ဘာဟာ ၂၀၁၆ခုနှစ်က ဂျူဗင်တပ်စ်ကနေ အင်္ဂလန်ကို တစ်ကျော့ ပြန်ရောက်လာ တာဖြစ်ပြီး အဲ့ဒီတုန်းက ကလပ်စံချိန်တင်ကြေး ပေါင် ၈၉သန်းအထိ ပေးခဲ့ရသူပါ။ ယူနိုက်တက်နဲ့ ယူရိုပါလိဂ်၊ လိဂ်ဖလားတွေကို ၂၀၁၆ခုနှစ်မှာ ရခဲ့ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်မှာ အောင်မြင်မှုနဲ့ ဝေးကွာနေသူ ဖြစ်ပါတယ်။
မနှစ်ကတုန်းက ပြင်သစ်နဲ့အတူ ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့တဲ့ ပေါ့ပ်ဘာဟာ ပြီးခဲ့တဲ့ ရာသီမှာ ခြေစွမ်းတည်ငြိမ်မှုမရှိသလို နည်းပြဟောင်း ဂျိုဇေ မော်ရင်ညိုနဲ့ အဆင်မပြေဖြစ်ပြီး အသင်းကနေ ချန်လှပ်ထားခံရတဲ့ အထိဖြစ်ခဲ့ပါတယ်။ ဆိုးလ်ရှား လက်ထက်မှာ ပုံစံကောင်း ပြန်ရပေမယ့် ခြေစွမ်းတည်ငြိမ်မှု မရှိတာက ပေါ့ပ်ဘာအပေါ် ဖိအားတွေဖြစ်စေခဲ့ပြီး ရာသီပိတ်မှာ ပရိသတ်တွေနဲ့ စကားများတဲ့ အထိ ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ပေါ့ပ်ဘာကို အသင်းဟောင်း ဂျူဗင်တပ်စ်အပြင် ရီးယဲယ်မက်ဒရစ်တို့က ခေါ်ယူဖို့ အကြိမ်ကြိမ် ကြိုးစားနေပြီး သူကိုယ်တိုင်က အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ စဉ်းစာနေတာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်း အီတလီက လာတဲ့ သတင်းတွေအရ ပေါ့ပ်ဘာဟာ ဂျူဗင်တပ်စ်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရခဲ့ပြီး အပြောင်းအရွှေ့အတွက် နှစ်ဖက်အသင်းအကြား ဆွေးနွေးဖို့သာ လိုအပ်နေတယ်လို့ ဖော်ပြထားပါတယ်။ တစ်ချိန်တည်းမှာပဲ ရီးယဲယ်မက်ဒရစ်ကလည်း ပေါ့ပ်ဘာကို စိတ်ဝင်စားနေသလို အရှိန်ဟုန်မြင့် ကြိုးပမ်းနေပါတယ်။ ပေါ့ပ်ဘာဟာ ရီးယဲယ်မှာ ကစားဖို့ အိပ်မက်ရှိခဲ့ကြောင်း၊ အထူးသဖြင့် ပြင်သစ် စီနီယာဟောင်း ဇီဒန်းလက်အောက်မှာ ကစားလိုကြောင်း ပြင်သစ် သတင်းစာ တစ်စောင်နဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ဖူးပါတယ်။
ဂျပန်နိုင်ငံ၊ တိုကျိုကို ရောက်နေတဲ့ ပေါ့ပ်ဘာက ကျွန်တော် ဒီကို ပြန်ရောက်တာ ၃နှစ်ရှိပါပြီ။ ကျွန်တော့် အကောင်းဆုံး မဟုတ်ခဲ့ရင်တော့ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ရာသီမှာ ဖြစ်ပျက်ခဲ့တာတွေ၊ ပြီးဆုံးခဲ့တာတွေလည်း အားလုံး မြင်တွေ့ကြမှာပါ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ စိန်ခေါ်မှုအသစ်ကို ရင်ဆိုင်ဖို့ ပြင်ဆင်နေပါတယ်လို့ ဂျပန် သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ သူ့ရဲ့ ပြောဆိုမှုကြောင့် ဂျူဗင်တပ်စ်၊ ရီးယဲယ်တို့အတွက် အခွင့်အရေး ရှိလာခဲ့ပါတယ်။
ပေါ့ပ်ဘာဟာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်မှာ ပွဲပေါင်း ၉၂ပွဲကစားပေးခဲ့ပြီး ၂၄ဂိုး သွင်းယူနိုင်ခဲ့သူပါ။ တစ်ရာသီလုံး အကောင်းဆုံး ပုံစံမှာ မရှိခဲ့ပေမယ့် PFA ရဲ့ တစ်နှစ်တာ အကောင်းဆုံး အသင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။ လန်ဒန်ကိုရောက်နေတဲ့ ဂျူဗင်တပ်စ်ရဲ့ ဒါရိုက်တာဟာ ပေါ့ပ်ဘာရဲ့ အေးဂျင့်ဖြစ်သူနဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့သလို ရီးယဲယ်ကလည်း သူ့ကို စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ကြိုးပမ်းနေပါတယ်။
အင်္ဂလန်မှာ မပျော်ရွှင်တော့တဲ့ ပေါ့ပ်ဘာ တစ်ယောက် နွေရာသီမှာ အသင်းသစ်နဲ့ မြင်တွေ့ရဖို့ ရှိနေတဲ့ သူ့ကို ယူနိုက်တက် ပရိသတ်တွေကရော ဘယ်လို မြင်ကြလဲ။ သူ့ကို ဆက်ပြီး ထိန်းသိမ်း သင့်လား၊ ရောင်းချပြီး ကစားသမား အသစ်နဲ့ ပြန်လည် အစားထိုးသင့်ပြီးလို့ ထင်လား။

ဓာတ်ပုံ ရင်းမြစ်, AFP
ပေါ့ပ်ဘာနဲ့ ယူနိုက်တက် မှတ်တမ်း
ပွဲပေါင်း - ၁၃၅ပွဲ
သွင်းဂိုး - ၃၁ဂိုး
အောင်မြင်မှု - ယူရိုပါလိဂ်၊ လိဂ်ဖလား ၂၀၁၆-၁၇
ပရီးမီးယားလိဂ် မှတ်တမ်း
၂၀၁၆-၁၇) - ၃၀ပွဲ၊ ၅ဂိုး
၂၀၁၇-၁၈) - ၂၇ပွဲ၊ ၆ဂိုး
၂၀၁၈-၁၉) - ၃၅ပွဲ၊ ၁၃ဂိုး
ပေါ့ပ်ဘာကို စိတ်ဝင်စားနေတဲ့ အသင်းများ
ဂျူဗင်တပ်စ် - အသင်းဟောင်းဖြစ်ပြီး ပေါင် ၁၁၅သန်းအထိ အသုံးပြုဖွယ်ရှိနေ
ရီးယဲယ်မက်ဒရစ် - ဇီဒန်းက အလိုရှိနေပြီး ပေါင်သန်း ၁၂၀လောက်အထိ ပေးရဖွယ်ရှိနေ
ပီအက်စ်ဂျီ - ပီအက်စ်ဂျီက ဒီဟေးရားနဲ့ ပေါ့ပ်ဘာတို့ နှစ်ဦးစလုံးကို ပေါင် ၁၆၀လောက်နဲ့ ခေါ်ယူချင်နေ








