ရတနာနတ်မယ်၊ ကမ္ဘာနှစ်ခုကြားက ဘယ်လာမီ မင်းသမီးများ

Yadana Nat Mae

ဓာတ်ပုံ ရင်းမြစ်, Between Two Worlds

    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

ပါတော်မူပြီးစ မြန်မာသမိုင်းမှာ ထင်ရှားခဲ့တဲ့ လင်းပင်မင်းသားကြီးရဲ့ မြေးတော် ရတနာနတ်မယ်ဟာ အီတလီနိုင်ငံ ဖလောရင့်မြို့က စံအိမ်မှာပဲ ဒီဇင်ဘာလ ၁ ရက်က ကံကုန် အနိစ္စရောက်ရှိသွားပြီ ဖြစ်ပါတယ်။ (၈၉) နှစ်ထိ သက်တော်ရှည်ခဲ့တဲ့ ဂျွန်ရို့စ် ဘယ်လာမီခေါ် ရတနာနတ်မယ်မင်းသမီးကြီးဟာ နောက်ဆုံးမြန်မာအိမ်ရှေ့စံ ကနောင် မင်းသားကြီးရဲ့ မြစ်လည်း တော်စပ်ပါတယ်။

ရတနာနတ်မယ်ကို ဩစတြေးလျမြန်မာသွေးနှောတဲ့ အလှကြောင့် လူသိများသလို ဦးနေဝင်းရဲ့ ဒုတိယမြောက်သမ္မတကတော်အဖြစ်လည်း ထင်ရှားခဲ့ပါတယ်။ တကယ်က ရတနာ နတ်မယ်ဟာ အလှကို မျိုးရိုးနဲ့ ဆက်ခံ လာသူလို့ ပြောရင်လည်း မမှားပါဘူး။ သူ့ဘိုးတော် လင်းပင်မင်းသားဟာ ကနောင်မင်းသားရဲ့ သားတော်တွေထဲမှာ ရုပ်အချောဆုံး ဖြစ်သလို ဘေးတော် ကနောင်မင်းကလည်း သာယာဝတီမင်းရဲ့ သားတော် တွေထဲမှာ အလှဆုံးလို့ လင်းပင်အုပ်စုနဲ့ သွေးမဝေးတဲ့ မောင်သန်းဆွေ (ထားဝယ်) က ရေးဖူးပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Archive

ဓာတ်ပုံ ပုံစာ, လင်းပင်မင်းသားကြီးနဲ့ ရေနံ့သာခင်ခင်ကြီးမောင်နှံ

လင်းပင်အစ

လင်းပင်ဆိုတာ ပုဂံတဘက်ကမ်း မြစ်ခြေနားက ရွာလေးတရွာလို့ သိရပါတယ်။ ဒီရွာကို အပိုင်စားရတဲ့ လင်းပင်မင်းသားကို အစွဲပြုပြီး လင်းပင်နာမည်ကြီးလာတာ ဖြစ်ပါတယ်။ ကနောင်မင်းသား လုပ်ကြံခံရချိန်က လင်းပင်မင်းသားဟာ ရှစ်နှစ်သားပဲ ရှိပါသေးတယ်။ သီပေါမင်းနဲ့ သက်တူရွယ်တူဖြစ်ပြီး လင်းပင်က လပိုင်းကြီးတယ်လို့ သိရပါတယ်။ ကနောင်မင်းသားမရှိတဲ့နောက်ပိုင်း နိမ့်ပါးသွားတဲ့ လင်းပင်မင်းသားဟာ သီပေါမင်း နန်းတက်ချိန်မှာ သတ်ဖြတ်မှုတွေကလွတ်အောင် ရန်ကုန်ကို ထွက်ပြေးခဲ့ပါတယ်။

ဗြိတိသျှအာဏာပိုင်တွေက သူ့ကို စိန့်ဂျွန်းကျောင်းမှာ ထားပေးပြီး မြို့အုပ်အလုပ် ပေးခဲ့ပေမယ့် စော်ဘွားတွေနဲ့ ပေါင်းပြီး သီပေါမင်းကို ပုန်ကန်ခဲ့ပါတယ်။ ပုန်ကန်မှုအစမှာပဲ သီပေါမင်းကို ဗြိတိသျှတပ်တွေ ဖမ်းဆီး ခေါ်ဆောင်သွားတဲ့အတွက် ရှမ်းပြည်ကို သိမ်းဖို့ကြံတဲ့ ဗြိတိသျှတပ်တွေနဲ့ လင်းပင်အုပ်စု တိုက်ခိုက်ခဲ့ကြပါတယ်။ နောက်ဆုံး အရေးမလှ လက်နက်ချရပြီးနောက် လင်းပင်မင်းသားကို အိန္ဒိယပို့လိုက်ပါတယ်။

အလာဟာဘတ်မှာ စံရင်း ရေနံ့သာမြို့စားသမီး ခင်ခင်ကြီးနဲ့ သားတော်သမီးတော် (၈) ပါး ထွန်းကားခဲ့ပါတယ်။ ဒီထဲမှာ သမီးတော်နှစ်ပါးက ဩစတြေးလျက ဘွတ်ကီဒိုင်၊ အိန္ဒိယ မဟာရာဇာ စတဲ့ နိုင်ငံခြားသားတွေနဲ့ လက်ထပ်သလို သားတော်တပါးကလည်း အင်္ဂလိပ် ကပြားမလေး တယောက်နဲ့ ကြိုက်ပြီး သားတော်တပါး ဖွားမြင်ပါတယ်။ တခါ ဩစတြေးလျ အမျိုးသား မြင်းပွဲဘွတ်ကီဒိုင် ဘယ်လာမီနဲ့ မယူခင် ၁၉၁၄ ကလည်း လင်းပင် ထိပ်တင် မလတ်ကို ဆစ်ကင်နယ် မဟာရာဇာမင်းသားက လက်ထပ်ဖို့ ကမ်းလှမ်းခဲ့ပါ သေးတယ်။ လက်မထပ်ခင်မှာ ဆစ်ကင်မင်းသား နတ်ရွာစံ သွားတာပါ။ မလတ်နဲ့ မင်းသားကြား အပြန်အလှန် ရေးကြတဲ့ စာတွေကိုတော့ ဗြိတိသျှပြတိုက်မှာ ထိန်းသိမ်းထားပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Archive

ဓာတ်ပုံ ပုံစာ, မိုင်းလုံထိပ်ခေါင်တင်နဲ့ ကောလင်းမင်းသား

ထက်တဲ့မလတ်

လင်းပင်မလတ်ဟာ တခြားမောင်နှမတွေလိုပဲ ခရစ်ယာန်သာသနာပြုကျောင်းတွေမှာ သင်ကြားခဲ့ရပြီး အလာဟာဘတ်က လူကုံထံလောကမှာ ဝင်ဆံ့ခဲ့ပါတယ်။ ဒါကြောင့် ပထမ ကမ္ဘာစစ်မဖြစ်ခင်က အလာဟာဘတ်ကို ရောက်လာတဲ့ နောက်ဆုံးဂျာမန်အိမ်ရှေ့မင်းသား ဝီလျံက မလတ်ရဲ့အလှကို အာရှမှာ သူတွေ့ခဲ့တဲ့အထဲမှာ အချောဆုံးလို့ ကြွေးကြော် သွားခဲ့ပါတယ်။ မလတ်ရဲ့ မယ်တော် ခင်ခင်ကြီးဟာ မဏိပူရကသည်းသွေးပါသူဖြစ်လို့ မလတ်ဟာ ကုန်းဘောင်မင်းမျိုးတွေရဲ့ မဟာနဖူးနဲ့ မျက်နှာကျမှာ ကသည်းမျက်လုံး မျက်ခုံးတွေ ရခဲ့ပုံ ပေါ်ပါတယ်။ နောက် မလတ်ရဲ့ ဘွားကြီးတော်တွေ ဖြစ်ကြတဲ့ မြောက်နန်း မိဘုရား၊ သရစိမ်းမိဘုရားစတဲ့ မိဘုရား လေးပါးအပြင် ဒွေးတော် ဝမ်းကွဲတွေ ဖြစ်ကြတဲ့ နောက်ဆုံး ပင်တိုင်စံ စလင်းစုဘုရား၊ မိုင်းလုံနဲ့ တိုင်တား ထိပ်ခေါင်တင် မင်းသမီးများဟာ အချောအလှနဲ့ ယဉ်ကျေးမှုမှာ တွင်ကျန်ရစ်တဲ့ မင်းသမီးတွေ ဖြစ်ကြပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Wikipaedia

ဓာတ်ပုံ ပုံစာ, လင်းပင်ထိပ်တင်မလတ် ငယ်စဉ်က

မလတ်ဟာ လှတဲ့အပြင် သတ္တိလည်းရှိတယ်လို့ မောင်သန်းဆွေက ရေးပါတယ်။ ရန်ကုန်မှာ ဝံသာနုခေတ်စားစဉ်က သူမောင်းလာတဲ့ ကားနားကို လာပြီး အင်္ကျီပါးဝတ်ထားတဲ့ အမျိုးသမီးတွေကို ထိပါးဖို့ ကြံတဲ့ လူအုပ်ကို မလတ်က ပစ္စတိုသေနတ်နဲ့ ပြန်ပစ်ဖို့ ချိန်တယ်ဆိုပါတယ်။ မလတ်သက်တော် (၃၇) နှစ်မှာ သူ့ထက် (၁၃) နှစ် ကြီးတဲ့ မစ္စတာဘယ်လာမီကို ယူဖို့လည်း သက်တော် (၇ဝ) အရွယ် ခမည်းတော် မင်းသားကြီးကို သူရအောင် စည်းရုံးခဲ့ပါတယ်။ နောက်ဆုံး လက်ထပ်ပေးဖို့ ရန်ကုန် အရေးပိုင် မောရစ်ကောလစ်ကို သူကိုယ်တိုင် သွားပြောခဲ့တာ ဖြစ်ပါတယ်။ မင်းသမီးနဲ့ ဘွတ်ကီဒိုင်တို့ မြင်းပွဲမှာ ခင်ကြတာလို့လည်း သိရပါတယ်။

စစ်ကြီးအစမှာပဲ မလတ်ရဲ့ သမီးတော် ရတနာနတ်မယ် ပေါင်မှာ ဗုံးစမှန်ပါတယ်။ ရှစ်နှစ်သမီးပဲ ရှိသေးတဲ့ နတ်မယ်ဟာ ဒဏ်ရာရပေမယ့် မငိုဘူးလို့ ခေတ်ပြိုင် မှတ်တမ်းတွေက ဆိုပါတယ်။ ကျွန်မက ငှက်ပြာကလေးပဲ မငိုဘူးလို့ ရတနာနတ်မယ်ခေါ် ဂျွန်ရို့စ်ဘယ်လာမီက ပြောကြောင်း မြန်မာနိုင်ငံ လွတ်လပ်ရေး နှစ် (၅ဝ) ပြည့်ထုတ် စာအုပ်မှာ အီဗလင်ဆိုတဲ့ အမျိုးသမီးက ရေးပါတယ်။ စစ်အတွင်း နေရပ်ဟောင်း အလာဟာဘတ်မှာ နတ်မယ်တို့ မိသားစု သွားနေရာမှာတော့ နေရူးမိသားစုနဲ့ ခင်မင်ခဲ့တယ်လို့ သူနဲ့ အန်းဘရင်၊ ဒတ်စမန်အိုဂရက်ဒီတို့နဲ့ မေးမြန်းခန်းတွေမှာ ပါရှိ ပါတယ်။ နတ်မယ်ရဲ့ ဦးလေးတော်တဲ့ မဟာရာဇာစော်ဘွားဟာ နေရူးနဲ့အတူ နိုင်ငံရေးလုပ်လို့ အဖမ်းခံနေရပြီး သူ့ကို အင်ဒီရာ ဂန္ဓီက ထိန်းပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

ပျားရည်ဆမ်းခရီးက နတ်မယ်မင်းသမီး

ဓာတ်ပုံ ရင်းမြစ်, Between Two Worlds

ဓာတ်ပုံ ပုံစာ, ပျားရည်ဆမ်းခရီးက နတ်မယ်မင်းသမီး

ပေါင်တန်ကား ကတဲ့ နတ်မယ်

စစ်မဖြစ်ခင်က မလတ်ထင်ရှားသလို စစ်ကြီးအပြီး လွတ်လပ်ရေးခေတ်မှာတော့ သမီးတော် နတ်မယ်ခေတ်ရောက်လာပါတယ်။ မန္တလေးသင်္ကြန်ခေတ်ကောင်းစဉ်က ဝင်းလိုက်ရုပ်ရှင်ရုံ မဏ္ဍပ်မှာ အနောက်တိုင်းအကနဲ့ နာမည်ကြီးတဲ့ ရတနာနတ်မယ်ဟာ သင်္ကြန်မင်းသမီး ဖြစ်ခဲ့ပါတယ်။ သူ ပေါင်တဘက်ကို တန်းပြီး ဝေ့ဝိုက်ကပြတာကို ဖဆပလ ဝန်ကြီး တယောက်က ငေးကြည့်တယ်လို့ ခင်နှင်းယုက ကျမ၏ချစ်သူ စာအုပ်မှာ ရေးခဲ့ ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Aung Aung Yinmon

ဓာတ်ပုံ ပုံစာ, မန်းသင်္ကြန်မင်းသမီး ဘယ်လာမီ (လယ်)

သူနဲ့ ရန်ကုန်က နိုင်တီနိုင်းကလပ်မှာ တန်ဂိုကဘက်က မင်းသားဖြစ်လာမယ့် ဗိုလ်ကြီးမောင်မောင်တာပါ။ နောက် အနောက်တိုင်းက လေယာဉ်မှူးတယောက်နဲ့လည်း ရုပ်ရှင်အတူကြည့်တာမျိုး လုပ်တတ်တယ်လို့ ကပ္ပတိန် ချစ်အီသာက ရေးပါတယ်။ ရတနာနတ်မယ်ရဲ့ အသားအရေဟာ သူ့မယ်တော်လောက် မဝါပေမယ့် ပန်းရောင်အသွေးရှိပြီး ဆံပင်က နီညိုရောင်လို့ မောင်သန်းဆွေက ဆိုပါတယ်။ မျက်လုံးက ပြာလဲ့လဲ့နဲ့ ရွှမ်းလဲ့ပြီး လက်ဆစ် ခြေဆစ်မှာတော့ မယ်တော်လိုပဲ သွယ်ပျောင်း နူးညံ့တယ်လို့ သိရပါတယ်။

မေမြို့မှာ အခြေချတဲ့ မိဘနှစ်ပါးကို အကြောင်းပြုပြီး စစ်ဘက်အရာရှိကြီးတွေ သူတို့အိမ်ကို လာရောက်လည်ပတ်ရာမှာ မြောက်ပိုင်းတိုင်းမှူး ဗိုလ်မှူးကြီးနေဝင်းလည်း ပါတယ်လို့ လင်းပင်များနဲ့ သွေးသားတော်စပ်သူ တဦးက ပြောပါတယ်။ အဲဒီခေတ်က အနောက်တိုင်း ဆန်သူတို့ ထုံးစံ ဘောင်းဘီတိုနဲ့ စက်ဘီးစီးတတ်တဲ့ (၁၆) နှစ်သမီး ဘေဘီခေါ် နတ်မယ်ကို ဗိုလ်မှူးကြီးတွေက ကလေးလိုပဲ ထိပ်ပုတ်ခေါင်းပုတ် ရင်းနှီးကြတယ် လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ ရတနာနတ်မယ်ဟာ မိုးကုတ်ဦးမြမောင်ကို အစ်ကိုလိုပိုခင်ပြီး သူနဲ့ တင်းနစ်ရိုက် ပျော်ပွဲစား စတာတွေလုပ်တတ်တဲ့အတွက် ဗိုလ်ချုပ်ကြီးနေဝင်းက ဦးမြမောင် ကို အမှတ်အတေးထားပြီး သူအာဏာရတဲ့အခါ ဖမ်းဆီးခဲ့ပုံရတယ်လို့လည်း စာရေးဆရာ မခေသူက ပြောပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Gon Lynn Htun

ဓာတ်ပုံ ပုံစာ, ရေနံ့သာမျိုးထဲက သံအမတ်ကြီး ဦးမြစိန်နဲ့ ရတနာနတ်မယ်တို့မောင်နှံ

ချစ်သောင်ထွန်းတဲ့ အလှမယ်

သူ့မယ်တော်လိုပဲ အနောက်တိုင်းသားနဲ့ ချစ်မိတဲ့ နတ်မယ်ဟာ ငှက်ဖျားတိုက်ဖျက်ရေးနဲ့ မြန်မာပြည်ရောက်လာတဲ့ အီတာလျံ ဆရာဝန်တဦးနဲ့ လက်ထပ်ပါတယ်။ ခင်ပွန်းကို ကွန်မြူနစ် သူပုန်တွေ ပြန်ပေးဆွဲတာလည်း ကြုံရပါသေးတယ်။ အီတလီ ပြန်ရောက် ပြီးနောက် လင်မယားကွဲသွားတဲ့ နတ်မယ်ဟာ ပန်းချီဆရာမ ဖြစ်လာပါတယ်။ ခမည်းတော် နဲ့ မယ်တော် ဈာပနကိစ္စတွေနဲ့ ပတ်သက်ပြီး စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်ကြီး နေဝင်းနဲ့ ပြန်ဆက်မိပါတယ်။ ဂျီနီဗာမှာ ကျောက်ဆိုင်ဖွင့်ဖို့သွားတဲ့ ထောက်လှမ်းရေးအကြီးအကဲ ဦးလေးမောင်နဲ့ နတ်မယ်တွေ့ပြီး ဦးနေဝင်းအလာမှာ ပြန်ဆုံကြတယ်၊ ဆွစ်ဇာလန်ကို ဆေးကုသွားတယ်ဆိုတဲ့ ဦးနေဝင်း အပြန်မှာ ရတနာနတ်မယ် ဗြိတိသျှလေကြောင်းပိုင် လေယာဉ်နဲ့ လိုက်လာတယ်လို့လည်း မြန်မာ အင်္ဂလိပ် စာအုပ်တွေမှာ ရေးကြပါတယ်။

သူ့အစ်ကိုတော် ဝမ်းကွဲတွေဖြစ်တဲ့ လင်းပင် တင်တင်ကြီးနဲ့ တင်တင်လတ်တို့က လူကြီးမိဘအဖြစ် ဆောင်နှင်းပေးခဲ့ကြသလို မင်္ဂလာပွဲမှာ မင်းညီ မင်းသားတွေ ပုံစံ ခေါင်းပေါင်းကို ဆင်ကပေါင်း ပေါင်းပြီး တောင်ရှည် ပုဆိုးနဲ့ ဦးနေဝင်းက ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ကုန်းဘောင်မင်းသမီးနဲ့ ကုန်းဘောင် မင်းမျိုးဆိုတဲ့ ဦးနေဝင်းတို့ ယူပြီး ဘုရင်ကိုးကွယ်မှုမပျောက်သေးတဲ့ မြန်မာတွေရဲ့ စိတ်ကို ဆွပေးတာ လို့လည်း ဆိုကြပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Bo Bo BBC Burmese

ဓာတ်ပုံ ပုံစာ, မေမြို့က လင်းပင်အိမ်တော်

အိမ်ထောင်ဆက်များတဲ့ ဗိုလ်ချုပ်ကြီးနဲ့ အိမ်ထောင်ကွဲနေတဲ့ ရတနာနတ်မယ်တို့ အကြောင်းဖက်မိကြရာမှာ အနောက်တိုင်းဆန်တဲ့ ဗိုလ်ချုပ်ကြီးရဲ့ ခယ်မဟောင်း ဒေါ်ခင်မေအေးနဲ့ သားသမီးတွေရဲ့ တွန်းအားလည်းပါတယ် လို့ ဆွေမျိုးမကင်းသူ တယောက်က ပြောပါတယ်။ မြန်မာပြည် ဆိုရှယ်လစ်လမ်းကို တအားယိမ်းသွားပြီးနောက် အနောက်အုပ်စုနဲ့ ပြန်နီးစပ်ဖို့ရာမှာ အနောက်တိုင်းယဉ်ကျေးမှု နားလည်သူ သမ္မတကတော် တယောက် ရှိမှ ဦးနေဝင်းအတွက် အဆင်ပြေမယ်ဆိုပြီး ရတနာ နတ်မယ်ကို သူတို့က လိုလားခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် ဦးနေဝင်းနဲ့ ကွဲခဲ့ပေမယ့် သားသမီးတွေဖြစ်တဲ့ ဒေါ်စန္ဒာဝင်း၊ ဦးဖြိုးဝေဝင်းတို့နဲ့ သူခင်မင်မပျက် ရှိတယ် လို့ ရတနာနတ်မယ်က မကြေးမုံနဲ့ မေးမြန်းခန်းမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

ရတနာနတ်မယ် ဦးနေဝင်းနဲ့ လက်ထပ်ပြီးနောက် မြန်မာပန်းချီဆရာတွေရဲ့ လက်ရာတွေကို ပြည်ပပို့နိုင်ဖို့ ကူညီခဲ့တယ်လို့လည်း လှတင်ထွန်းရဲ့ ပန်းချီခရီးသည် စာအုပ်မှာ ပါပါတယ်။ မမပန်းချီကားတွေ ခေါ်ပြရအုံးမယ် ဆိုပေမယ့် နတ်မယ် ပြန်သွားတဲ့အတွက် မကြည့်လိုက်ရဘူးလို့လည်း လှတင်ထွန်းက ရေးပါတယ်။ အဲဒီခေတ်က မြန်မာပြည်မှာ အင်မတန်ရှားတဲ့ နိုင်ငံခြားဆီဆေးတွေ ရတနာနတ်မယ်အတွက် ပန်းချီကောင်စီ လူကြီးတွေ က ရှာပေးရသလို သူပန်းချီဆွဲဖို့ ဦးနေဝင်းခြံဝင်းထဲမှာ တဲလေးထိုး ပေးရတယ် လို့လည်း သိရပါတယ်။ ရတနာနတ်မယ်နဲ့ ဦးနေဝင်း ကွဲပြီးနောက် ၁၉၈၅ မှာ လှတင်ထွန်း အီတလီသွားတော့ နတ်မယ်နေတဲ့ ဖလောရင့်မြို့ ကို မသွားဖို့ သူ့ကို မြန်မာသံရုံးက သတိပေးတယ်လို့ ဆိုပါတယ်။

wedding

ဓာတ်ပုံ ရင်းမြစ်, Archive

သူတို့ကွဲတဲ့အကြောင်းနဲ့ ပတ်သက်ပြီး ရတနာနတ်မယ်ဟာ ယောက်ျားတွေနဲ့ ရင်ဘောင်တန်း အရက်သောက်၊ ဂေါက်ရိုက်၊ မြင်းစီး၊ သေနတ်ပစ်ဆိုတာတွေ လုပ်နိုင်တဲ့ အမျိုးသမီးဖြစ်လို့ ဦးနေဝင်းနဲ့ ယောက်ျားကြီးစိုးရေး စိတ်နဲ့ အဆင်မပြေဖြစ်လို့ ကွဲကြတာ လို့လည်း ဆိုပါတယ်။ တရုတ်ပြည်ခရီးကအပြန်မှာ ကွဲတာဖြစ်လို့ တရုတ်ပြည်မှာ စီအိုင်အေအတွက် ထောက်လှမ်းလို့ တရုတ်ဘက်က သတိပေးတယ် စတဲ့ ကောလာဟလတွေ ထွက်ခဲ့ပါတယ်။ မန္တလေးဘက်က လူပြက်တွေကလည်း သူတို့အကွဲ ဇာတ်လမ်းကို ပြက်လုံးထုတ်ကြတယ်လို့ ကိုကြီးကျောက်ရဲ့ ရွှေရတုမှတ်တမ်း ဘလောက် မှာ ဖော်ပြပါတယ်။ ရတနာနတ်မယ်လို ဆံထုံးနဲ့ထိုင်မသိမ်း ဝတ်ထားတဲ့ လူပြက်ကို ဦးနေဝင်း လို ခေါင်းပေါင်းနဲ့ မျက်မှန်တပ်ထားတဲ့ လူရွှင်တော်က ရတနာမိစံ ရတနာမိစံလို့ လိုက်ခေါ်ပေမယ့် ရတနာမိစံက တရုတ်လိုဝတ်တဲ့ လူပြက်ကို ခေါင်းက ဧရာမဆံထိုးကြီး ဖြုတ်ပြီး တချက်ချက်နဲ့ ဓာတ်ပုံ ရိုက်တဲ့ပုံလုပ်ပြီး ပြက်ကြတာ ဖြစ်ပါတယ်။

နောက် ၁၉၇၇ ဖေဖော်ဝါရီ တတိယပါတီကွန်ဂရက်မှာ ဦးနေဝင်း မဲရှုံးမလို ဖြစ်ပြီး ပါတီသန့်စင်ရေးတွေ လုပ်ခဲ့ရလို့ စိတ်တိုရာကနေ ကတောက်ကဆဖြစ်လေသလား မှန်းဆသူတွေလည်း ရှိပါတယ်။ ဂျပန်ဧည့်သည်ရှေ့ မှာ ရန်ဖြစ်ပြီး ကိုယ်ထိလက်ရောက် လုပ်ကြရာက ကွဲကြတယ်လို့လည်း ရောဘတ်တေလာရဲ့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ နိုင်ငံရေး ထုပ္ပတ္တိ စာအုပ်မှာ ပါပါတယ်။ ညားခါစက ရတနာနတ်မယ် ပါးစပ်ထဲကို လိမ္မော်သီး ခွံ့ကျွေးတယ် ဆိုတဲ့ ဦးနေဝင်းရဲ့ အချစ်ဇာတ်နုဟာ ဆေးလိပ်ပြာခွက်၊ ဒေါက်ဖိနပ်တွေနဲ့ အပြန်အလှန်ပေါက်ကြတယ်ဆိုတဲ့ အမုန်းဇာတ်ကြမ်းနဲ့ အဆုံးသတ် သွားသလို နတ်မယ်လည်း မျက်ကွင်းမည်းနဲ့ ပြန်ထွက်ခဲ့ရပါတယ်။ ၁၉၇၇ မေလကုန်မှာ အိမ်ထောင် ကွဲပြီးနောက် ဇူလိုင်မှာ အမေရိကန်သံအမတ် ဒေးဗစ်အော့စဘွန်းနဲ့ တွေ့ရာမှာ တိုင်းပြည်အုပ်ချုပ်ရတာထက် အိမ်ထောင်အုပ်ချုပ်ရတာ ပိုခက်တယ်လို့ ဦးနေဝင်းက ညည်းတယ် ဆိုပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, June Bellamy

ဓာတ်ပုံ ပုံစာ, ရင့်ကျက်တဲ့ ရတနာနတ်မယ်အလှ

အရှေ့နဲ့အနောက်အလှတရား

မယ်တော်မလတ်မင်းသမီးဟာ မုဆိုးမဘဝမှာ နန်းထုံးစံနဲ့အညီ အပေါ်ဖြူ အောက်ဖြူပဲ အမြဲဆင်မြန်းသူ ဖြစ်ပါတယ်။ ရံဖန်ရံခါ ခင်ပွန်းသည်ရဲ့ ဂူမှာ ပန်းစည်းသွားချတာအပြင် ပွဲတော်တည်ရင်လည်း ခင်ပွန်းအတွက် ပန်းကန်ခွက်ယောက်ကို ဝိုင်ခွက်ကအစ ခင်းကျင်း ပြီးမှ သုံးဆောင်တာလို့ သိရပါတယ်။ နတ်ရွာလားချိန်မှာလည်း သူ့ရုပ်ကလာပ်ကို ခင်ပွန်းဂူနံဘေးမှာ ကပ်ပြီး မြှုပ်နှံခဲ့တာ ဖြစ်ပါတယ်။

ရတနာနတ်မယ်ကတော့ ခင်ပွန်းနှစ်ယောက်စလုံးနဲ့ ပြတ်စဲခဲ့သူဖြစ်လို့ သီးခြားမြှုပ်နှံမယ်လို့ ယူဆရပါတယ်။ သူတို့သားမယ်တော်နှစ်ပါးကို အနောက်တိုင်းဆန်သူ၊ အနောက်နိုင်ငံသား တွေနဲ့ လက်ဆက်ခဲ့တဲ့ မင်းသမီးတွေ အဖြစ် မြန်မာလူထုက ရှုမြင်ကြသလို ဗုဒ္ဓဘာသာကို မစွန့်လွှတ်ဘဲ သားစဉ်မြေးဆက်ထိ သယ်ဆောင်သွားသူတွေလို့လည်း လက်ခံကြပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Michele Bellamy Postiglione

ဓာတ်ပုံ ပုံစာ, ရတနာနတ်မယ်နဲ့ သားတော်ကြီးမီရှဲလ်

ဒီလို အရှေ့နဲ့ အနောက် ယဉ်ကျေးမှုတွေကြားမှာ ကြီးပြင်းလာကြတဲ့ အထက်တန်းလွှာက အာရှအမျိုးသမီးနာမည်ကြီတွေလည်း နိုင်ငံတော်တော်များများမှာ ရှိခဲ့ပြီး နိုင်ငံရေး ရေစီးမှာ ကျင်လည်ခဲ့ကြပါတယ်။ တရုတ်ပြည် က မဒမ်ချန်ကေရှိတ်၊ ဗီယက်နမ်က မဒမ်နု၊ ဖိလစ်ပိုင်က အီမယ်ဒါမားကို့စ်၊ အင်ဒိုနီးရှားက ဒေဝီဆူကာနိုနဲ့ မြန်မာပြည်က ဒေါ်ခင်မေသန်းနဲ့ ရတနာနတ်မယ်တို့ဟာ ဒီလို သွက်လက်ခေတ်ဆန်တဲ့ ပုံရိပ်ပုံရှင် ပထမကတော် တွေ ဖြစ်ကြသလို နိုင်ငံရေးမှာလည်း ထင်ရှားခဲ့ကြပါတယ်။ ရတနာနတ်မယ် ကတော့ ကွယ်လွန်ခါနီးအထိ မြန်မာပြည်အတွက် တနိုင်တပိုင် ကူညီ ထောက်ပံ့ ပေးသွားပြီး ခင်ပွန်းနှိပ်စက်တာကို ခေါင်းငုံ့မခံတဲ့ မင်းသမီး စိတ်ကို ပြသွားပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Michele Bellamy Postiglione