မလေးရှား ရေကြီးမှု သေဆုံးသူအ‌ရေအတွက် ထပ်တိုးလာ

၈ဦးသေဆုံးတဲ့ ဆီလန်ဂေါပြည်မှာလည်း အကြီးအကျယ်ထိခိုက်မှုတွေရှိခဲ့
ဓာတ်ပုံ ပုံစာ, ၈ဦးသေဆုံးတဲ့ ဆီလန်ဂေါပြည်မှာလည်း အကြီးအကျယ်ထိခိုက်မှုတွေရှိခဲ့

ဆယ်စုနှစ်တွေ အတွင်း အဆိုးရွားဆုံးရေကြီးမှု မလေးရှားနိုင်ငံမှာ ဖြစ်ပွားခဲ့တာကြောင့် လူ ၁၄ ဦးထက် မနည်း သေဆုံးပြီး သောင်းနဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကစပြီး သုံးရက်ကြာ မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ ပြည်နယ် ရှစ်ပြည်နယ်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့သလို မြို့ရွာအချို့ မှာလည်း ‌ရေကြီးတာတွေဖြစ်ခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ အစိုးရဘက်က အချိန်မီ သတိပေးချက်မထုတ်ပြန်တာ၊ တုံ့ပြန်မှုတွေ နှေးကွေးတာတွေ အတွက်လည်း ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေ လုပ်နေကြပါတယ်။

ပြီးတော့ သေဆုံးတဲ့သူတွေရဲ့ အလောင်းတွေ ထပ်တွေ့တာကြောင့်လည်း သေဆုံးသူဦးရေ သိသိသာသာ မြင့်တက်လာမှာကိုပါ စိုးရိမ်နေကြပါတယ်။

တနင်္လာနေ့အထိ ခန့်မှန်းခြေ လူငါးသောင်းတစ်ထောင်လောက်ဟာ သူတို့ နေအိမ်တွေကို စွန့်ခွာပြီး ဘေးလွတ်ရာကို ရွှေ့ပြောင်းနေ ရပါတယ်။ အဲ့ဒီထဲမှာပါတဲ့ လူ အများစုဟာ အဆိုးရွားဆုံး ထိခိုက်မှုတွေ ခံစားနေရတဲ့ ပြည်နယ်တစ်ခုဖြစ်တဲ့ မလေးကျွန်းဆွယ် အရှေ့ဘက်ကမ်းရိုးတန်းက ပဟန်းပြည်နယ်က သူတွေ ဖြစ်ပါတယ်။

မြို့တော်ကွာလာလမ်ပူ ကိုဝန်းရံထားတဲ့ သာသာယာယာရှိပြီး လူဦးရေထူထပ်တဲ့ ဆီလန်ဂေါပြည်နယ်ဟာ ထိခိုက်မှုပြင်းထန်တဲ့ နေရာထဲမှာ ပါပါတယ်။

အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ ဓာတ်ပုံတွေထဲမှာတွေ့ရတာက ၁၉၇၁ခုနှစ်နောက်ပိုင်းမှာ မတွေ့ရတော့တဲ့ ကွာလာလမ်ပူမြို့လယ်မှာ ရေနစ်မြုပ်နေတဲ့ပုံတွေ ဖြစ်ပါတယ်။

ထောင်နှင့်ချီတဲ့လူတွေ ယာယီအမိုးအကာအောက်မှာ စုနေရတာကြောင့် ကိုဗစ်၁၉ ရောဂါဖြစ်ပွားမှု မြင့်တက်လာနိုင်မှာကိုလည်း စောင့်ကြည့်နေရတယ်လို့ မလေးရှားအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီနေ့ တနင်္လာနေ့မှာတော့ မိုးရွာတာ သိသိသာသာ လျော့နည်းသွားပြီး အချို့ဒေသခံတွေဟာ ရေကြီးရေလျှံမှုတွေ ကြောင့် ပျက်စီးသွားတဲ့ သူတို့ နေအိမ်တွေဆီ ပြန်သွားနေကြပါပြီ။

" ငါတို့ ယူလာနိုင်ခဲ့တာ ဒါတွေပဲရှိတယ်။ အဝတ်အစားတွေ၊ ကလေးမွေးစာရင်းလိုမျိုး အရေးကြီး စာရွက်စာတမ်းတွေပဲ ကျန်ခဲ့တော့တယ်" ဟု ရေဘေးဒုက္ခသည် ဆူဇူတူရမ်လီက ပြောပါတယ်။

မလေးရှားအစိုးရရဲ့ သဘာဝဘေးအန္တရာယ်ကို ကိုင်တွယ်ဖြေရှင်းပုံကို ဒေါသထွက်နေကြပြီး သတိပေးချက် နည်းနည်းပဲပေးတာတွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ နှေးကွေးလွန်းတာကြောင့် အာဏာပိုင်တွေကို လူတွေက မကျေမနပ် ဖြစ်နေကြတာပါ။

တုံ့ပြန်မှု နှေးကွေးတာက ဘယ်လောက်‌တောင် ဒေါသထွက်စရာ ကောင်းလဲဆိုရင်၊ အရပ်ဘက် ကာကွယ်ရေးတပ်ဖွဲ့ဟာ ရေကြီးပြီး သုံးရက်အကြာ ဒီမနက်မှ ရောက်လာတယ်။ သူတို့လုပ်တာက ဒီဒေသထဲက သေနေကြတဲ့အချိန်မှာ သူတို့ရဲ့ စက်လှေတွေပေါ်မှာ စက်လှေသုံး ဘိုးတွေ နပ်တွေ စတဲ့ပစ္စည်းတွေပဲတင်ပြီး ရောက်လာတာ ” လို့ အရပ်ဘက် ကယ်ဆယ်ရေးသမားတစ်ဦးက South China Morning Post (SCMP) ကိုပြောပါတယ်။

ရေဘေးနဲ့ ပတ်သက်လို့ မလေးရှားအစိုးရရဲ့ တုန့်ပြန်ဆောင်ရွက်မှုတွေကို ဝေဖန်ရှုံ့ချမှုတွေ ရှိနေ
ဓာတ်ပုံ ပုံစာ, ရေဘေးနဲ့ ပတ်သက်လို့ မလေးရှားအစိုးရရဲ့ တုန့်ပြန်ဆောင်ရွက်မှုတွေကို ဝေဖန်ရှုံ့ချမှုတွေ ရှိနေ

ဆီလန်ဂေါမှာ ရေကြီးရေလျှံမှုတွေ မြင့်တက်နေချိန်မှာ မလေးရှား နိုင်ငံရဲ့အကြီးဆုံး နိုင်ငံရေးပါတီကြီး နှစ်ခုဟာ သူတို့ရဲ့ နှစ်ပတ်လည် အစည်းအဝေးတွေကို ထုံးစံအတိုင်း ဆက်လုပ်နေကြပါတယ်။

ရေကြီးတဲ့ဒဏ် အဆိုးရွားဆုံးခံနေရဲ့ နေရာတစ်ခုဖြစ်တဲ့ ကလန်မြို့က အတိုက်အခံ လွှတ်တော်အမတ် ချားလ်စ် ဆန်တီယာဂိုက မလေးရှားအစိုးရကို "လူသတ်အစိုးရ၊ ကိုင်တွယ်ဆောင်ရွက်တာ "အရမ်း ညံ့ဖျင်းတယ်။ အားနည်းလွန်းတယ်" လို့ တင်ခဲ့တဲ့ တွစ်တာပို့စ်ဟာလည်း တစ်မဟုတ်ချည်း ပြန့်သွားပါတယ်။

ရေဘေးနဲ့ ပတ်သက်လို့ မလေးရှားအစိုးရရဲ့ တုန့်ပြန်ဆောင်ရွက်မှုတွေကို ဝေဖန်ရှုံ့ချမှုတွေ ရှိနေ
ဓာတ်ပုံ ပုံစာ, ရေဘေးနဲ့ ပတ်သက်လို့ မလေးရှားအစိုးရရဲ့ တုန့်ပြန်ဆောင်ရွက်မှုတွေကို ဝေဖန်ရှုံ့ချမှုတွေ ရှိနေ

ဒါပေမဲ့ လူမှုကွန်ရက်ပေါ်က ကယ်ဆယ်ရေးစုလုပ်နေကြတဲ့ မလေးရှားနိုင်ငံသားတွေရဲ့ အကောင့်တွေမှာတော့ တစ်ချို့လူတွေက ကယက်လှေနဲ့ အသက်ကယ်အင်္ကျီတွေဝယ်နေကြသလို တချို့ကတော့ နေအိမ်တွေကနေ‌ စွန့်ခွာပြီး ပြောင်းရွှေ့လာခဲ့ရသူတွေကို သူတို့ အိမ်မှာလာနေကြဖို့ ကမ်းလှမ်းကြပါတယ်။

" ကျွန်တော်နဲ့အတူရှိနေတဲ့သူတွေက တခြားသူတွေကို ကူညီဖို့ ရည်ရွယ်ချက်တူတဲ့ သူတွေ တွစ်တာပေါ်မှာ စုထားတာပါ" လို့ အဒီဟာရစ်က ဒေသခံမီဒီယာ The Star ကိုပြောပါတယ်။ ဟာရစ်ဟာ နေအိမ်တွေမှာ ပိတ်မိနေသူတဲ့သူတွေကို ကယ်တင်ဖို့ ကယက် လှေတွေနဲ့ အခြားကယ်ဆယ်ရေးပစ္စည်းတွေကို ဝယ်ယူခဲ့တဲ့ သူပါ။

" အားကိုးရာမဲ့ဖြစ်နေတဲ့ သူ အယောက် နှစ်ရာပတ်ဝန်းကျင်ကို ကျွန်တော်တို့ အတူတူ အောင်အောင်မြင်မြင် ကယ်နိုင်ခဲ့ပါတယ်"

အထူးသဖြင့် နိုဝင်ဘာလက ဖေဖော်ဝါရီလအတွင်း မုတ်သုံရာသီဥတုကျရောက်ချိန်ဆိုရင် မလေးရှားနိုင်ငံက နေရာတော်တော်များများမှာ ရေလွှမ်းမိုးမှုဒဏ် ခံရလေ့ရှိပါတယ်။