မြစ်ကြီးနားဂျာနယ်သတင်းထောက် ၃ဦး အပါဝင် သတင်းသမားတချို့ထပ်မံလွတ်လာ
ဓာတ်ပုံ ရင်းမြစ်, MKN News
စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးတာနဲ့ အမှုရုတ်သိမ်းတာတွေကြောင့် ပြန်လည်လွတ်မြောက်လာသူတွေထဲမှာ ထောင်ဒဏ်ကျခံခဲ့ရတဲ့ သတင်းသမားတွေအပြင် ဖမ်းဆီးထိန်းသိမ်းခံရပြီး အမှုရင်ဆိုင်နေကြရတဲ့သတင်းသမားတွေလည်း ပါဝင်လာပါတယ်။
စစ်ကောင်စီကကထုတ်ပြန်ထားတဲ့ ပြန်လွှတ်ပေးနေသူတွေထဲမှာ ဒီကနေ့အောက်တိုဘာ ၁၉ရက်နေ့မှာ လည်း ဖမ်းဆီးခံသတင်းသမားတွေထပ်မံပါဝင်လာပါတယ်။
ဒီကနေ့မှာတော့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-က နဲ့တရားစွဲဆိုခံထားရတဲ့ မြစ်ကြီးနား ဂျာနယ်ကသတင်းထောက်ဟောင်း ၃ဦးပါဝင်လာတယ်လို့သက်ဆိုင်ရာ ဂျာနယ်တာဝန်ရှိသူတွေဆီက သိရပါတယ်။
ဒါ့အပြင်ဒီကနေ့အောက်တိုဘာ ၁၉ရက်နေ့မနက်ပိုင်းမှာပဲ ဖမ်းဆီးခံထားရတဲ့ သံဖြူဇရပ်အသံ(The Voice Of Thanbyuzayat)သတင်းအေဂျင်စီရဲ့ ကျိုက်ထိုမြို့ သတင်းထောက် ထက်မြက်သူ လည်း လည်လွတ်မြောက်လာတယ်လို့သက်ဆိုင်ရာ သတင်းဌာနကထုတ်ပြန်ထားပါတယ်။
မနေ့အောက်တိုဘာ ၁၈ ရက်နေ့တုန်းကလည်း ပုဒ်မတပ်ပြီးတရားစွဲဆိုဖမ်းဆီးထောင်ချခံထားရတဲ့ ဒီမိုကရက်တစ်မြန်မာ့အသံ(DVB)သတင်းဌာနက မြိတ်မြို့အခြေစိုက်သတင်းထောက်ကိုအောင်ကျော်နဲ့ ပြည်မြို့အခြေစိုက်သတင်းထောက် ကိုမင်းညိုကိုလည်း စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်နဲ့ အမှုရုတ်သိမ်းပိတ်သိမ်းပေးလိုက်တဲ့ သတင်းမီဒီယာသမားတွေ ထဲမှာ မဇ္ဈိမသတင်းဌာနက ဒေါ်သင်းသင်းအောင်နဲ့ ကိုဂျိမ်း၊ ကချင်ပြည်နယ်အခြေစိုက် သတင်းဌာနတွေဖြစ်တဲ့ Kachinwave က ကိုလရော်၊ 74 မီဒီယာက သတင်းထောက် မဆိုင်းနူးပန်နဲ့ မချန်၊ ခေတ်ပုံရိပ်သတင်းထောက် ကိုအောင်ခန့်၊ အမိမြေဂျာနယ်က ကိုကျော်မြင့်တို့ ပါဝင်တယ်လို့ သိရှိရတဲ့အတွက် ဒီကနေ့မှာသတင်းသမားတွေထပ်မံလွတ်မြောက်ဖို့ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာ သိမ်းပြီးတဲ့နောက်မှာ သတင်းမီဒီယာ ၇ခုထက်မနည်း လိုင်စင်ပိတ်သိမ်းခံခဲ့ရပြီး ဖမ်းဆီး ထိန်းသိမ်းခံရသူ သတင်းသမား ၁၀၀ ကျော် အထိရှိခဲ့ပါတယ်။
အဲ့ဒီထဲကနေတဝက်ကျော်လောက်ပြန်လည်လွတ်မြောက်လာပြီးအခုအောက်တိုဘာလအတွင်းစစ်ကောင်စီရဲ့လွတ်ငြိမ်းချမ်းခွင့်ထဲမှာ သတင်းသမားတွေလည်းဆက်ပါနေပေမယ့် ဖမ်းဆီးထိန်းသိမ်းခံရပြီး တရားရင်ဆိုင်နေရဆဲ သတင်းသမားတွေလည်းဆက်ရှိနေပါတယ်။
ထိပ်တန်း သတင်းများ
ဆောင်းပါး
အဖတ်များနေသော သတင်းဆောင်းပါးများ
ကြည့်ရန် မရနိုင်သေးပါ။