မြောင်နဲ့ မြစ်ငယ်မှာ တစ်မနက်အတွင်း အုပ်ချုပ်ရေးမှူးအပါ လူ ၃ဦးထက်မနည်းအသတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, မြောင်နဲ့ မြစ်ငယ်မှာ တစ်မနက်အတွင်း အုပ်ချုပ်ရေးမှူးအပါ လူ ၃ဦးထက်မနည်းအသတ်ခံရ

မန္တလေးတိုင်းဒေသကြီးအတွင်းက မြစ်ငယ်မြို့နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြောင်မြို့နယ်အတွင်းမှာ ဒီကနေ့ ဇူလိုင် ၁၄ ရက်မနက်ပိုင်းက အုပ်ချုပ်ရေးမှူးနဲ့ အမတ်ဟောင်းတစ်ဦး အပါအဝင် အနည်းဆုံး လူ ၃ဦး ပစ်ခတ်ခံရလို့ သေဆုံးခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။

မြစ်ငယ်မြို့နယ်မှာတော့ ဒီကနေ့ မနက်ပိုင်းက အောင်ချမ်းသာရပ်ကွက်ဈေးအနီးမှာ နှာခေါင်းစည်း Mask ဝေတာတွေ လုပ်နေချိန်မှာ အောင်ချမ်းသာရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဒေါ်သက်သက်ချိုဆိုသူအမျိုးသမီး ဟာ သေနတ်နဲ့ပစ်ခတ်ခံရတဲ့အတွက် အဆိုပါနေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ ဒေသခံအချို့က ပြောပါ တယ်။

' ' အုပ်ချုပ်ရေးမှူးကတော့ တစ်ခါတည်းသေသွားတယ်။ သူနဲ့အတူ mask ဝေနေတဲ့ အမျိုးသား နှစ်ယောက် သုံးယောက်ကတော့ ခြေထောက်တို့ဘာတို့မှာ ဒဏ်ရာရသွားတယ်။'' လို့ ဒေသခံတစ်ဦးကပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, mask အတူဝေနေတဲ့ အမျိုးသားအချို့လည်း ဒဏ်ရာရ

မြစ်ငယ်မှာ ပစ်ခတ်လုပ်ကြံမှုတွေရှိခဲ့သလို မန္တလေးမြို့မှာလည်း မြို့သစ် စည်ပင်ရုံးအတွင်းမှာ ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

' ' မနက်ကတော့ အစောကြီးပဲ အသံက ပေါက်ကွဲသံအကျယ်ကြီးပဲကြားရတာ။ အနားကအိမ်တွေတောင် တုန်တယ်လို့ ပြောတယ်။ မီးလောင်ပြီး မီးခိုးတွေ ထွက်လာတာတော့တွေ့တယ်။ ဒါပေမယ့် ဝင်လို့ လည်းမရ အဲဒီနားကို အဝင်အထွက်ပါပိတ်ထားလိုက်တာ ၁၀ နာရီကျော်လောက်မှ ပြန်ဖွင့်ပေးတာဆိုတော့ သေချာ မသိရဘူး။ လူတော့မ ထိခိုက်ဘူးလို့ကြားရတယ်။''လို့ မြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာပဲ စစ်ကိုင်းတိုင်းထဲကမြောင်မြို့နယ်အပိုင်က နဘက်နဲ့ ကင်းရွာအကြားက ရွာပတ် လမ်းမ ပေါ်မှာ အမျိုးသား၂ဦး သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေ ကပြောပါတယ်။

' ' အနီးဆုံးရွာကိုသာ မြင်သာအောင်ပြောတာ။ ဖြစ်တဲ့နေရာက ရွာတွေနဲ့တော့ မနီးဘူး။ ကားလမ်းမပေါ်မှာပဲ ဆိုင်ကယ်နဲ့စီးလာရင် ပစ်ခံရတာနေမယ်။ ကျွန်တော် တွေ့တာတော့ နှစ်ယောက်စလုံးကတော့ မလှုပ်တော့ဘူး။ သွေးတွေကလည်း အိုင်နေတာပဲ။ သေသလားရှင်သလားတော့ ရွာသားတွေကလည်း အမှုပတ်မှာကြောက်တော့ အနားသွားကပ် မကြည့်ရဲကြဘူး။ နေ့လယ် ၁၂လောက်အထိတော့ ဒီတိုင်းပဲ လာသယ်တာတော့ မတွေ့သေးဘူး။ တစ်ယောက်က အရင်ဦးသိန်းစိန်လက်ထက်က မြောင်အမတ်ဟောင်း ကြံ့ခိုင်ရေးအမတ် ဦးဝင်းနိုင်လို့ ပြောကြတယ်။ နောက်တစ်ယောက်ကတော့ ပန်းညိုရွာအုပ်ချုပ်ရေးမှူးလို့ပြောတယ်။ အနီးကပ်မကြည့်ရဲကြတော့ သေချာတော့ အတည်မပြုနိုင်သေးဘူး'' လို့ မြောင်နယ်သား တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဒေသအချို့မှာ ပစ်ခတ်မှုတွေနဲ့ပေါက်ကွဲမှုတွေကြား လူသေဆုံးမှုတွေရှိနေသလို ရန်ကုန်၊ မန္တလေး အပါ အဝင် နေရာအနှံ့အပြားမှာ အာဏာသိမ်းဆန့်ကျင်ဆန္ဒပြမှုတွေဆက်ရှိနေဆဲ လည်းဖြစ်ပါတယ်။

ဆန့်ကျင်ဆန္ဒပြပွဲတွေကို တားဆီးဟန့်တားခံရတာ ဖမ်းဆီးခံရတာတွေလည်း ဆက်ရှိနေပြီး ဒီကနေ့မနက်က လည်း မန္တလေးမြို့က အရုဏ်ဦးသပိတ်ကို ကားနဲ့တိုက်ခံရတာတွေရှိခဲ့တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူအချို့ထံ ကသိရပါတယ်။