မလေးရှားက မြန်မာလုပ်သားတချို့ နေရပ်ပြန်ဖို့ ခက်၊ ကယ်ဆယ်ရေး လေယာဥ်တိုးပျံမယ်

ဇန်နဝါရီ ၂၀ ရက်က မြန်မာနိုင်ငံ ပြန်လာမယ့်သူများ

ဓာတ်ပုံ ရင်းမြစ်, Myanmar Embassy, Kuala Lumpur

ဓာတ်ပုံ ပုံစာ, ဇန်နဝါရီ ၂၀ ရက်က မြန်မာနိုင်ငံ ပြန်လာမယ့်သူများ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေမြင့်တက်နေပြီး လော့ခ်ဒေါင်းချ ကန့်သတ်မှုတွေ တင်းတင်းကျပ်ကျပ် ချထားတဲ့ မလေးရှားနိုင်ငံမှာ ရောက်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားအများအပြား အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုကြောင့် နေရပ်ရင်းကို ပြန်ဖို့ စီစဉ်နေကြပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံကို ပြန်ဖို့အတွက် မလေးရှားက အလုပ်ရှင်ကိုယ်တိုင်လုပ်ပေးရမယ့် လူဝင်မှုကြီးကြပ်ရေးမှာ ပြစ်မှုကင်းရှင်းကြောင်း လက်မှတ်ထုတ်ပေးရမှာ ဖြစ်ပါတယ်။

Check out memo လို့ခေါ်တဲ့ အလုပ်စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီဆိုတဲ့ အထောက်အထား သွားရောက်လျှောက်ထားရာမှာ မြန်မာလုပ်သားတွေ အခက်အခဲတချို့ ရင်ဆိုင်နေရတယ်လို့ မလေးရှားနိုင်ငံရောက်အလုပ်သမား အရေးဆောင်ရွက်သူဦးဆန်းဝင်းက ဘီဘီစီကို အခုလို ပြောပါတယ်။

"တချို့အလုပ်ရှင်တွေက တရားဝင်အလုပ်သမားတွေပေါ့လေ၊ လေယာဉ်လက်မှတ်မူရင်းရပြီးမှသာလျှင် immigration သွားပြီး check out memo လုပ်ရတယ်။ လေယာဉ်လက်မှတ်ကလည်း ကြိုတင်ပြီး ဝယ်လို့ရရင်တော့ အဆင်ပြေနိုင်တာပေါ့။

ကြိုတင်ဝယ်လို့မရရင် နီးတဲ့အခါမှရတဲ့အခါကျရင် ၂ရက် ၃ ရက်ဆိုတော့ immigration ဌာနတွေကလည်း ပြန်တဲ့သူတွေကလည်း များတယ်။

မလေးရှား ရောက် မြန်မာတွေ ၂၀၂၀ မှာ မလေးရှား မြန်မာသံရုံး အစီစဥ်နဲ့ ကယ်ဆယ်ရေး လေယာဥ်တွေနဲ့ ပြန်ခေါ်ယူထားခဲ့

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, မလေးရှား ရောက် မြန်မာတွေ ၂၀၂၀ မှာ မလေးရှား မြန်မာသံရုံး အစီစဥ်နဲ့ ကယ်ဆယ်ရေး လေယာဥ်တွေနဲ့ ပြန်ခေါ်ယူထားခဲ့

နောက်တခုက လော့ဒေါင်းပြန်လုပ်ထားတော့ တိုကင်စနစ်တွေနဲ့ ဘိုကင်ကြိုယူထားရတဲ့ စနစ်တွေ ဖြစ်နေတယ်။ အဲဒါကြောင့့် ဒီအခက်အခဲတွေ ရှိနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ရက်ချိန်းတဲ့အချိန်မှ သွားလို့ရှိရင် ပြည့်ပြည့်စုံစုံမှ သွားလို့ရမယ်။ မပြည့်စုံလို့ရှိရင် မလေးရှား immigration ဌာနက check out memory ယူဖို့ရာမှာ အခက်အခဲရှိတယ်။တချို့သူဌေးတွေကလည်း အဲဒီကိစ္စကို မသွားနိုင်ဘူးလုပ်နေတယ်" လို့ ဦးဆန်းဝင်းက ဆိုပါတယ်။

နိုင်ငံရင်းကို ပြန်ဖို့ စီစဉ်နေသူတွေထဲမှာ တရားဝင် အလုပ်သမားတွေသာမက အိုဗာစတေးလို့ခေါ်တဲ့ အထောက်အထားမဲ့သက်တမ်းကျော် အလုပ်သမားတွေ၊ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံ စခန်းတွေထဲမှာ ရောက်သူတွေလည်း ပါဝင်ပါတယ်။

အထောက်အထားမဲ့ မြန်မာလုပ်သားတွေကတော့ နိုင်ငံရင်းကို ပြန်ဖို့ မလေးရှားအစိုးရကို ဒဏ်ကြေးပေးဆောင်ရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ပြန်ကြမယ့် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ဒဏ်ကြေးငွေ မလေးရှား ရင်းဂစ် ၃၀၀၀ ပေးဆောင်ဖို့ မလေးရှားအစိုးရက ဇန်နဝါရီလအစောပိုင်းမှာ သတ်မှတ်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီပမာဏာဟာ အလုပ်သမားတွေအတွက် များလွန်းတဲ့အတွက်ကြောင့် မြန်မာသံရုံးဘက်က ကြားဝင်ညှိနှိုင်းတဲ့အခါမှာ အလုပ်သမားတွေအနေနဲ့ မလေးရှား ရင်းဂစ် ၃၀၀ သာ ပေးဆောင်ရတော့မှာ ဖြစ်ပါတယ်။

အထောက်အထားမဲ့သက်တမ်းကျော် အလုပ်သမားတွေ၊ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံ စခန်းတွေထဲမှာ ရောက်သူတွေလည်း ပြန်လာဖို့ရှိ

ဓာတ်ပုံ ရင်းမြစ်, Myanmar Embassy, Kuala Lumpur

ဓာတ်ပုံ ပုံစာ, အထောက်အထားမဲ့သက်တမ်းကျော် အလုပ်သမားတွေ၊ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံ စခန်းတွေထဲမှာ ရောက်သူတွေလည်း ပြန်လာဖို့ရှိ

မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်ဖို့ စာရင်းပေးထားတဲ့ မြန်မာနိုင်ငံသား သောင်းနဲ့ချီရှိတယ်လို့လည်း မလေးရှားနိုင်ငံ ကွာလာလမ်ပူအခြေစိုက် မြန်မာ သံရုံးက ပြောပါတယ်။

ဒါကြောင့် နှစ်နိုင်ငံအစိုးရညှိနှိုင်းပြီး လာမယ့် ဖေဖော်ဝါရီ(၁)ရက် နေ့က စတင်ပြီး ကယ်ဆယ်ရေးလေကြောင်း ခရီးစဉ် အသစ် ၂ ခု ထပ်တိုးပြေးဆွဲမှာ ဖြစ်ပါတယ်။

တပတ်ကို သုံးကြိမ် ပျံသန်းတော့မယ့် ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ ဦးစားပေးပြန်ခွင့်ရမယ့် လူစာရင်းနဲ့ ပတ်သက်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ အလုပ်သမား သံအရာရှိ ဦးဝင်းမင်းစိုးက ဘီဘီစီကို အခုလို ပြောပါတယ်။

"ကျန်းမာရေးမကောင်းတဲ့သူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ တကယ်အရေးပေါ် ဆေးကုဖို့လိုတဲ့သူတွေကို ပထမဦးစားပေးပေါ့။ ဒုတိယဦးစားပေးကတော့ အရင်တင်ထားတဲ့သူတွေကိုပဲ ဦးစားပေးပြီးတော့ ရွေးချယ်ပါတယ်။ နောက်တခုက အကြောင်းအမျိုးမျိုးကြောင့် တရားမဝင်ဖြစ်သွားတဲ့ အလုပ်သမားတွေ၊ camp တွေကို ရောက်သွားတဲ့ အလုပ်သမားတွေ၊ အဲဒီထဲမှာမှ နှစ်ပိုင်း ထပ် ခွဲတယ်။ ကျန်းမာရေးမကောင်းတဲ့သူတွေကို ထပ်ပြီး ပထမ ဦးစားပေး ထပ်ပေးတယ်။ ဒုတိယဦးစားပေးအနေနဲ့ကတော့ စာရင်းတင်ထားတဲ့သူတွေပေါ့နော်။"

တစ်ကြိမ်မှာ လူဦးရေ ၁၅ဝ ကနေ ၁၇၀ ကြား တင်ဆောင်နိုင်မယ့် ကယ်ဆယ်ရေးလေယာဉ်တွေကို ရန်ကုန်-ကွာလာလမ်ပူ-ရန်ကုန် အပတ်စဉ် တနင်္လာနေ့၊ အင်္ဂါနေ့နှင့် ကြာသပတေးနေ့တိုင်း ပြေးဆွဲပျံသန်းမှာ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံကို ပြန်ချင်ကြသူတွေအနေနဲ့ ကွာလာလမ်ပူ အခြေစိုက် မြန်မာသံရုံးကို ဆက်သွယ်မေးမြန်းကြဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအတွင်း မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လာတဲ့ သူပေါင်း ၇၅၀၀ ကျော် ရှိတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။