အင်းစိန်ရွာမကျောင်းက သံဃာတွေ သီးသန့်ကုဖို့ ယာယီဆေးရုံပြင်၊ ဆရာတော်ကြီး ကျန်းမာတယ်လို့ပြော

ဓာတ်ပုံ ရင်းမြစ်, ရွာမပရိယတ္တိစာသင်တိုက်-အင်းစိန်
အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်က သံဃာတွေ ရာချီပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်တာတွေ့ရှိခဲ့ရပြီးနောက် သံဃာတွေ သီးသန့်ကုနိုင်ဖို့အတွက် အင်းစိန် မင်းဓမ္မကုန်း သာသနာ့ဗိမာန်ကို ဆေးရုံအဖြစ် ပြောင်းလဲထားတယ်လို့ တပ်မတော် ပြောခွင့်ရသူ ထံက သိရပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူတွေ နေ့စဥ်ရာချီတွေ့နေရပြီး အများစုက ရန်ကုန်မြို့မှာ တွေ့နေချိန်မှာ ရန်ကုန်မြို့မှာ ယာယီဆေးရုံတွေ အရေးပေါ် တိုးချဲ့တည်ဆောက်ခဲ့ပါတယ်။
ဒီလို အခြေအနေမှာ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်က စာသင်သား ၂၇၉ပါးမှာ ကိုဗစ်ကူးစက်မှုရှိခဲ့ပြီးနောက် အခုလို ကုသဖို့ ပြင်ဆင်တာ ဖြစ်ပါတယ်။
အဲဒီကျောင်းတိုက်က တွေ့ရှိထားတဲ့ အတည်ပြုလူနာ ၂၇၉ ဦးကို တပ်မတော်ရဲ့ ဆေးသင်တန်းကျောင်း မှော်ဘီနဲ့ အင်းစိန်သာသနာ့ဗိမာန်တို့မှာ ထားရှိ ကုသမှုပေးနေတယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
ကူးစက်သူတွေအနက် မှော်ဘီက တပ်မတော် ဆေးဘက် ပညာသင်ကျောင်းမှာ အဲဒီကျောင်းက သံဃာ ၇၅ ပါး ရှိနေတယ်လို့ ပြောပါတယ်။
ဒါ့အပြင် သံဃာ သီးသန့် ကုသနိုင်ဖို့ အင်းစိန် မင်းဓမ္မကုန်း သာသနာ့ဗိမာန်ကို ဆေးရုံအဖြစ် တပ်မတော်က ပြောင်းလဲလိုက်ပြီး ၁၈၈ ပါး လက်ခံနိုင်အောင် ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။
အဲဒီကျောင်းက သံဃာတွေ အများအပြား ကူးစက်မှုတွေ ရှိခဲ့ပေမဲ့ ဆရာတော်ကြီးမှာ ပိုးမတွေ့ရကြောင်း၊ ဆရာတော်ကြီးနဲ့ ကျန်သံဃာတွေ ကျန်းမာကြောင်းနဲ့ ပိုးတွေ့ သံဃာတွေလည်း ကျန်းမာရေး ကောင်းမွန်ကြောင်းကို အဲဒီကျောင်းက ဖေ့စ်ဘွတ်ခ် စာမျက်နှာက တဆင့် အသိပေးထားပါတယ်။
သံဃာတွေ ကူးစက်ခံရတာ တွေ့ရပြီးနောက် အခြားထိစပ် မှုရှိတဲ့ စာသင်သားသံဃာတွေကို ကျောင်းတွင်းမှာပဲ ကွာရန်တင်းထားမယ်လို့လည်း သိရပါတယ်။
အဲဒီသံဃာတွေကို ကျန်းမာရေးဝန်ကြီးဌာနကကုသရေးအဖွဲ့နဲ့ တပ်မတော်ရဲ့ကုသရေးအဖွဲ့တို့က တာဝန်ယူကာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတယ်လို့ သိရပါတယ်။
"ဦးပဉ္ဇင်းတို့ ၂၁ ရက် ညက အဖျား ပျောက်ခါစ ဦးပဉ္ဇင်းလေး တစ်ပါးက သူ့နှာခေါင်းထဲမှာ အနံ့မရတော့လို့ ဆိုပြီး ဦးပဉ္ဇင်းတို့ကို လာအကြောင်းကြားတယ်။ ဦးပဉ္ဇင်းလေးကို ခေါ်ပြီး ကျောင်းမှာ ဆရာဝန်တွေဆီသွားလိုက်တယ်။

ဓာတ်ပုံ ရင်းမြစ်, ရွာမပရိယတ္တိစာသင်တိုက်-အင်းစိန်
စိုးရိမ်ရတဲ့ အခြေအနေဆိုပြီး နောက်နေ့ မနက်မှာ အဲဒီဦးပဉ္ဇင်းလေးနဲ့ ဆက်စပ်တဲ့ ဦးပဉ္ဇင်းလေးအပါအဝင် ၁၃ ပါးကို လာပြီးတော့ စစ်ပေးတယ်။ ၁၃ ပါးမှာ ၁၂ ပါး ပိုးတွေ့တယ်" လို့ ဒီကျောင်းတိုက်အတွင်း ကိုဗစ်သံသယစတင်သိရှိခဲ့ရပုံကို ကျောင်းတိုက်ကစာချနာယကဆရာတော် ဦးဂန္ဓာသာရာလင်္ကာရက ဘီဘီစီကို မိန့်ပါတယ်။
တင်းတင်းကြပ်ကြပ်နဲ့ ယိုပေါက်မရှိအောင် ထိန်းသိမ်းခဲ့တဲ့ကြားက အခုလို ကူးစက်မှုတွေ ဖြစ်ခဲ့လို့ ဘယ်လို ကူးစက်ခဲ့တယ်ဆိုတာ မသိဘူးလို့ ဦးပဉ္ဇင်းက မိန့်ပါတယ်။
ကျောင်းမှာ လောလောဆယ် ဆရာဝန် ငါးယောက် ရှိတယ်လို့လည်း ဆိုပါတယ်။
ကျောင်းတိုက်မှာ သံဃဝေယျာဝစ္စပြုလုပ်ပေးသူတွေကို ကိုဗစ်ဒုတိယလှိုင်းပြင်းထန်လာချိန်ကစပြီး ကျောင်းတွင်းမှာပဲ နေစေခဲ့တာလို့လည်း ဦးဂန္ဓာသာရာလင်္ကာရက မိန့်ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ တစ်လ အကြာကမှ ကျောင်းတွင်းမှာပဲ နေခိုင်းခဲ့တာပါ။
ကျောင်းက လုပ်အားပေးကျောင်းသား၊ လူပုဂ္ဂိုလ်နဲ့ ကျန်သံဃာတွေရဲ့ စစ်ဆေးချက်တွေ အားလုံးက ပိုးမတွေ့ရှိဘူးလို့ စာချနာယက ဆရာတော်တပါးက မိန့်ပါတယ်။ ဒါပေမယ့် အားလုံးကို ဒုတိယအကြိမ် ထပ်မံစစ်ဆေးဦးမှာလို့ အရှင်သဒ္ဓမ္မာနန္ဒက မိန့်ပါတယ်။
ကျောင်းတိုက်မှာတော့ စာသင်သား၊ စာချဆရာတော် စုစုပေါင်း ၅၀၀ ကျော်နဲ့ လုပ်အားဒါနပြုသူ အရပ်သား ၅၀ ကျော်အထိ ရှိနေပါတယ်။
အတည်ပြုလူနာ ၅၀၀ ကနေ ၆၀၀ အထိကုသပေးဖို့ကို တပ်မတော်ဘက်က အဆင့်သင့်ပြင်ထားပြီး ဖြစ်သလို အခုပိုးတွေ့ သံဃာတွေအပြင် ကွာရန်တင်းနေရမယ့် ပြည်သူတွေအတွက်ကိုလည်း လှိုင်စစ်ကြောရေးစခန်းမှာ ပြင်ဆင်ဆောင်ရွက်နေပြီး ပါရဂူတွေပါဝင်တဲ့ အဖွဲ့နဲ့ဆေးကုသမှုလုပ်ပေးဖို့ ပြင်ဆင်နေတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းထံက သိရပါတယ်။
မြန်မာနိုင်ငံမှာ စက်တင်ဘာ ၂၅ ရက် ည ၈ နာရီ အထိ ကူးစက်သူ ၉၁၁၂ ဦးနဲ့ သေဆုံးသူ ၁၇၄ ဦး ရှိပါတယ်။








