စစ်တွေမှာ ရဲဝန်ထမ်း ၂၀ ကျော်နဲ့ အချုပ်သားတွေ ကိုဗစ်ကူးစက်

အမှတ် ၁ ရဲစခန်းက ရဲဝန်ထမ်းတွေနဲ့ အချုပ်သားတွေမှာ ထပ်မံတွေ့ရှိတာဖြစ်

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ဓာတ်ပုံ ပုံစာ, အမှတ် ၁ ရဲစခန်းက ရဲဝန်ထမ်းတွေနဲ့ အချုပ်သားတွေမှာ ထပ်မံတွေ့ရှိတာဖြစ်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေမြင့်တက်နေတဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာ ရဲဝန်ထမ်း ၂၀ ဦးနဲ့ အချုပ်သား ၂၀ နီးပါးတို့မှာ ကိုဗစ်ပိုးကူးစက်ခံထားရကြောင်း ရခိုင် ကိုဗစ်-၁၉ စောင့်ကြည့်ရေးအဖွဲ့နဲ့ ပြည်နယ်အစိုးရအဖွဲ့ကနေ သိရပါတယ်။

စစ်တွေမြို့ မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့က ရဲအရာရှိနှစ်ဦးတို့မှာ ကိုဗစ်-၁၉ ပိုးကူးစက်ခံထားရကြောင်း စတင် တွေ့ရှိခဲ့ရပြီး စက်တင်ဘာ တတိယပတ်အတွင်းမှာ အမှတ် ၁ ရဲစခန်းက ရဲဝန်ထမ်းတွေနဲ့ အချုပ်သားအများအပြားမှာ ထပ်မံတွေ့ရှိတာဖြစ်တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၄ ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုအဖြေတွေအရ ပိုးတွေ့အတည်ပြုလူနာတွေထဲမှာ စစ်တွေမြို့က ရဲတပ်ဖွဲ့ဝင် ၆ ဦးပါဝင်နေပြီး အဲ့ဒီထဲမှာ ရဲအရာရှိနှစ်ဦးလည်း ပါဝင်တယ်လို့ ကျန်းမာရေးဌာနကနေ သိရပါတယ်။

အခုလိုမျိုး ရဲဝန်ထမ်း ၂၀ ကျော်နဲ့ အချုပ်သား ၂၀ နီးပါးမှာ ကိုဗစ်ပိုးကူးစက်ခံရတာနဲ့ပတ်သက်လို့ အမှတ် ၁ နယ်မြေ ရဲစခန်းမှူး ဒုရဲမှူး အောင်မြဦးကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

စက်တင်ဘာ ၂၁ ရက်နေ့က ရဲဝန်ထမ်းတွေဆီမှာ ထပ်မံစစ်ဆေးတွေ့ရှိခဲ့ပြီး ၂၃ ရက်နေ့မှာတော့ အချုပ်သားတွေဆီမှာ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်သလို အဲ့ဒီရဲဝန်ထမ်းတွေနဲ့ အချုပ်သားတွေဟာ ရဲအရာရှိ နှစ်ဦးနဲ့ဆက်စပ်ပြီး ကူးစက်မှုတွေရှိ လာတာ ဖြစ်နိုင်တယ်လို့ ကိုဗစ်-၁၉ စောင့်ကြည့်ရေးအဖွဲ့က သုံးသပ်ပြောဆိုပါတယ်။

ဒါ့အပြင် လက်ရှိပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိထားတဲ့ အချုပ်သားတွေနဲ့ ဆက်စပ်သူတွေကိုလည်း ထပ်မံစစ်ဆေးဖို့ရှိတာ သိရတယ်လို့ ကိုဗစ်-၁၉ စောင့်ကြည့်ရေးအဖွဲ့က ကိုဇော်လှိုင်ထွန်းက ပြောပါတယ်။

"ကျွန်တော်တို့ ရခိုင် ကိုဗစ်-၁၉ စောင့်ကြည့်ရေးအဖွဲ့က သိရသလောက်ကတော့ ရဲဝန်ထမ်း ၂၂ ယောက်၊ အချုပ်သား ၁၉ ယောက်လို့သိရပါတယ်။ နောက်ပြီး အဲ့ဒီအချုပ်သားတွေနဲ့ ထိတွေ့မှုတချို့လည်းရှိမယ်လို့ တော့ ပြောပါတယ်ခင်ဗျား။

ကျွန်တော်တို့ သိရတာကတော့ လွန်ခဲ့တဲ့နှစ်ရက်လောက်က ဖြစ်မယ်ထင်ပါတယ်။

ပထမ မြို့မရဲစခန်းမှာ ရဲအရာရှိနှစ်ယောက် ပိုးတွေ့ကတည်းကနေ ရဲစခန်းကို Lockdown ချထားတဲ့နောက်ပိုင်းမှာ အဲ့ဒီအချုပ်သားတွေကို ကူးစက်တဲ့ပုံစံမျိုးဖြစ်တယ်လို့တော့ အကြမ်းဖျင်းသိရပါတယ်"လို့ ရခိုင် ကိုဗစ်-၁၉ စောင့်ကြည့်ရေးအဖွဲ့က ကိုဇော်လှိုင်ထွန်းက ပြောပါတယ်။

ဒါ့အပြင် အခုရက်ပိုင်းအတွင်း ပိုးတွေ့သူတွေထဲမှာ စစ်တွေမြို့က ကျန်းမာရေးဝန်ထမ်းနှစ်ဦးလည်း ပါဝင်နေပြီး အဲ့ဒီကျန်းမာရေးဝန်ထမ်းတွေဟာ ကွာရန်တင်းစင်တာတွေနဲ့ ဆက်စပ်သူတွေဆီက တို့ဖတ်နမူနာတွေ သွားရောက်ယူနေရတဲ့ ဝန်ထမ်းတွေဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဒုတိယလှိုင်း စတင်ဖြစ်ပွားခဲ့တဲ့ သြဂုတ်လအတွင်းမှာလည်း စစ်တွေဆေးရုံ ကြီးမှာ ပိုးတွေ့လူနာတွေကို ဆေးဝါးကုသပေးနေတဲ့ ဆရာဝန်တွေအပါအဝင် ကျန်းမာရေးဝန်ပေါင်း ၂၀ နီးပါးကို ပိုးကူးစက်ခံခဲ့ရတယ်လို့ စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က ပြောထားပါတယ်။

ရဲဝန်ထမ်းတွေနဲ့ အချုပ်သားတွေကို စစ်တွေဆေးရုံကြီးမှာ ကုသနေ

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ဓာတ်ပုံ ပုံစာ, ရဲဝန်ထမ်းတွေနဲ့ အချုပ်သားတွေကို စစ်တွေဆေးရုံကြီးမှာ ကုသနေ

အဲ့ဒီနောက်ပိုင်း ပိုးတွေ့လူနာတွေနဲ့ ထိတွေ့နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဒုတိယအကြိမ် ပိုးကူးစက်မှုတွေ ထပ်မံဖြစ်ပွားလာနေတာလည်းဖြစ်ပါတယ်။

စစ်တွေမြို့အမှတ် ၁ ရဲစခန်းက ပိုးကူးစက်ခံနေရတဲ့ ရဲဝန်ထမ်း ၂၀ ကျော်ကိုပြီးခဲ့တဲ့ လေးရက်လောက်က တွေ့ရှိခဲ့တာ ဖြစ်ပြီး အချုပ်သားတွေကိုတော့ ပြီးခဲ့တဲ့ နှစ်ရက်လောက်က စစ်ဆေးတွေ့ရှိခဲ့တာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

စစ်တွေမြို့ဟာ ရခိုင်ပြည်နယ်အတွင်းကိုဗစ်ပိုး ကူးစက်ခံရမှုအများဆုံးဖြစ်ပွားနေတဲ့မြို့နယ်တစ်ခုဖြစ်ပြီး သေဆုံးသူတွေ ရှိနေသလို လူတွေကို အသွားအလာကန့်သတ်ထားတာ ဖြစ်ပါတယ်။

"ဒါကတော့ပြောသံကြားတယ်။ အချုပ်သားတွေမှာတော့ Positive တွေ့တယ်။ ရဲတွေမှာတော့ အစောကြီးကတည်းက တွေ့တယ်လို့ သိရတယ်။

ကုန်ခဲ့တဲ့နှစ်ရက်လောက်ကတွေ့တာ။ ရဲတွေတွေ့တာက ကုန်ခဲ့တဲ့ သုံးလေးရက်လောက်က တွေ့တယ်။ နောက်ထပ်အချုပ်သားတွေမှာလဲတွေ့တယ်လို့ပြောတယ်။

Positive တွေ့ရင်တော့ သူတို့ကို ကုသရေးဆောင်ကို ပို့ရပြီပေါ့။ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်တဲ့ ရက်ပြည့်ရင်တော့ ကုသရေးကဆင်းရမှာပေါ့"လို့ ဝန်ကြီးဦးဝင်းမြင့်က ပြောပါတယ်။

လက်ရှိမှာတော့ ပိုးတွေ့လူနာရဲဝန်ထမ်း ၂၂ ဦးနဲ့ အချုပ်သား ၁၉ ဦးကို စစ်တွေဆေးရုံကြီးမှာပဲ ကုသပေးနေပြီး အချုပ်သားတွေမှာ ကိုဗစ်ပိုး ဘယ်လိုကူးစက်ခံခဲ့ရတယ်ဆိုတာကတော့ မသိနိုင်ဘူးလို့ ဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

လက်ရှိမှာ ရခိုင်တစ်ပြည်နယ်လုံးကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေပြီး ပိုးစတင်တွေ့ရှိခဲ့တဲ့ စစ်တွေမြို့နယ် အတွင်းမှာတော့ ပိုးတွေ့အတည်ပြုလူနာပေါင်း ၆၉၇ ဦးခန့်ရှိနေပြီဖြစ်ကာ ပိုးကင်းစင်လို့ ဆေးရုံဆင်းခွင့်ရရှိသူ အရေ အတွက်ဟာ စက်တင်ဘာ ၂၅ ရက် ညနေပိုင်းအထိ ၄၆၇ ဦးရှိပြီး လက်ရှိဆေးကုသမှုခံယူနေရသူပေါင်း ၂၃၀ ဦးခန့်ရှိ နေပါတယ်။

ရခိုင်တစ်ပြည်နယ်လုံးမှာတော့ ပိုးကူးစက်ခံရသူပေါင်းဟာ စက်တင်ဘာ ၂၅ ရက်မနက်ပိုင်းအထိ ၁၂၉၀ ခန့်ရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်းက ၆၇၂ ဦးရှိပြီဖြစ်ကာ စစ်တွေ၊ ကျောက်ဖြူနဲ့ မြောက်ဦးတို့မှာ အများဆုံးတွေ့ရှိထားတာဖြစ်ပြီး ကလေးနှစ်ဦးထက်မနည်း ပါဝင်နေတယ်လို့ ကိုဗစ်စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။

ကိုဗစ်ကူးစက်ခံရမှုကြောင့် ရခိုင်ပြည်နယ်အတွင်း သေဆုံးသူ သုံးဦးထိရှိနေပြီဖြစ်ပါတယ်။ စက်တင်ဘာ ၁၃ ရက်နေ့ညနေပိုင်းက စစ်တွေဆေးရုံမှာ အသက် ၇၅ နှစ်အရွယ် အမျိုးသားတစ်ဦး၊ စက်တင်ဘာ ၁၈ ရက်နေ့ညနေပိုင်းက ကျောက်တော်ဆေးရုံမှာ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ စက်တင်ဘာ ၂၃ ရက်နေ့က စစ်တွေဆေးရုံမှာ အသက် ၇၁ အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။

ပိုးကူးစက်ခံရမှုအနည်းဆုံးဖြစ်တဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းက ဂွ နဲ့ မာန်အောင်မြို့တို့မှာတော့ ပိုးတွေ့လူနာတွေ ဆေးရုံဆင်းခွင့် ရရှိခဲ့ကြပြီဖြစ်ပြီး နောက်ထပ် ဆေးကုသမှုခံယူနေရသူတွေ မရှိတော့ဘူးလို့ သိရပါတယ်။