ညွှန်ကြားချက်တွေကို အနားကပ်မှထုတ်ပြန်တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည် တောင်းပန်၊ ရောဂါကာကွယ်ရေးဝတ်စုံတွေ ဗြိတိန်ကို မြန်မာစက်ရုံတစ်ရုံပေးပို့၊ WHO ယာဉ်မောင်းပစ်သတ်ခံရ အပါအဝင် တစ်ပတ်အတွင်း ထူးခြားသတင်းများ

ဓာတ်ပုံ ရင်းမြစ်, State Counsellor Office
ပြီးခဲ့တဲ့တစ်ပတ်အတွင်း လှုပ်ခတ်မှုအရှိဆုံးသတင်းတွေကတော့ ညွှန်ကြားချက်တွေကို အနားကပ်မှ ထုတ်ပြန်တဲ့အပေါ် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် တောင်းပန်တဲ့သတင်း၊ တစ်ကိုယ်ရေရောဂါကာကွယ်ရေးဝတ်စုံတွေ ဗြိတိန်ကို မြန်မာစက်ရုံတစ်ရုံက ပေးပို့တဲ့သတင်း၊ တစ်ခါ ကိုဗစ် ဓာတ်ခွဲနမူနာတွေ သယ်ယူလာတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ယာဉ် ပစ်ခတ်ခံရပြီး ယာဉ်မောင်းသေဆုံးခဲ့တဲ့သတင်းတို့ ဖြစ်ပါတယ်။
ဒါနဲ့တစ်ဆက်တည်းမှာပဲ မင်းပြားနဲ့ ပလက်ဝမှာ နှစ်ရက်အတွင်း ပစ်ခတ်ခံရမှုကြောင် အရပ်သားရှစ်ဦးသေဆုံးတဲ့သတင်း၊ အတည်ပြုလူနာတွေ တိုးလာတဲ့ နောက် အစိုးရရဲ့ အမိန့်တွေနဲ့ ညွှန်ကြားချက်တွေကို မေလလယ်ထိ ထပ်တိုးလိုက်တဲ့သတင်း နဲ့ ကိုဗစ်အကျပ်အတည်းကာလအတွင်း မြန်မာသတင်း ထောက်တချို့ အလုပ်က ရပ်နားခံရတာတွေဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ တိုးလာပြီး ကူးစက်မှု ပိုများလာနိုင်တဲ့ အလားအလာရှိနေတာကြောင့် ဒေသန္တရ အမိန့်တွေ၊ ညွှန်ကြားချက်တွေနဲ့ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ဖို့ လိုအပ်တယ်လို့ တိုက်တွန်းမှု တွေရှိလာနေပါတယ်။ လုပ်ငန်းခွင်ဝင်သူတွေကလည်း ကူးစက်ရောဂါကာကွယ်ရေး အစီအမံတွေ လုပ်ငန်းခွင်မှာ ရှိစေရေး ဆောင်ရွက်ပေးဖို့ တောင်းဆိုတာတွေရှိနေပါတယ်။
အဲဒီနောက် ဧပြီ ၂၃ ရက် ညပိုင်းမှာတော့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ကိုဗစ်ကာကွယ် ထိန်းချုပ် ကုသရေးဗဟိုကော်မတီက ထုတ်ပြန်ထားတဲ့အမိန့်ညွှန်ကြားချက်တွေကို မေလ ၁၅ ရက်အထိ တိုးမြှင့်သတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း သူ့ဖေ့စ်ဘွတ်ကနေ ပြောခဲ့ပါတယ်။
ဒါကြောင့် လူစုလူဝေးကျင်းပတဲ့ ပွဲလမ်းဘသင်တွေ၊ အခမ်းအနားတွေ မေလလယ်အထိ ကျင်းပခွင့် မရှိသလို ပြည်ပက ခရီးသွားတွေ လာရောက်ရာမှာ လိုက်နာရမယ့် တားမြစ်ကန့်သတ်ချက်တွေ၊ ဗီဇာယာယီရပ်ဆိုင်းတာတွေလည်း အကျုံးဝင်သွားတာဖြစ်ပါတယ်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာလည်း နိုင်ငံတကာလေယာဉ်တွေဆင်းသက်ခြင်းကို ဧပြီ ၃၀ ရက်ထိ ရပ်ဆိုင်းထားတာကနေ မေလ ၁၅ ထိ ထပ်တိုးထားပါတယ်။
စက်ရုံ၊အလုပ်ရုံများမဖွင့်ရန် ညွှန်ကြားချက် နောက်ကျခြင်းအပေါ် ဒေါ်အောင်ဆန်းစုကြည်က တောင်းပန်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU
စက်ရုံ အလုပ်ရုံတွေကို ကျန်းမာရေးကာကွယ်မှုဆိုင်ရာ နည်းလမ်းတွေ ကျင့်သုံးထားတာရှိမရှိ စစ်ဆေးပြီးမှ ဖွင့်လှစ်ဖို့ ညွှန်ကြားချက်ဟာ သင်္ကြန်ရုံးပိတ်ရက်တွေ ပြန်ဖွင့်ဖို့တစ်ရက်အလို ဧပြီ ၁၉ ရက် ညပိုင်းကျမှ ကပ်ပြီး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် လုပ်ငန်းရှင်တွေရော အလုပ်သမားတွေပါ အခက်တွေ့ခဲ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အွန်လိုင်းဆွေး နွေးပွဲမှာ မြန်မာနိုင်ငံအထည် ချုပ်လုပ်ငန်းရှင်များ အသင်းအ ထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က တင်ပြခဲ့ပါတယ်။
ညွှန်ကြားချက်တွေထုတ်တာဟာ သိပ်ပြီးကပ်သွားတယ် ဆိုတာ လက်ခံကြောင်း၊ အဲဒီအတွက် တောင်းပန်ကြောင်းနဲ့ အခြေအနေအရ မြန်မြန် ထုတ်ဖို့လိုတယ်ဆိုပြီး ထုတ်လိုက်တာဖြစ်ပြီး တကယ်တော့ စောစောစီးစီးကတည်းက ထုတ် သင့်တယ်ဆိုတာ သဘောပေါက်ပါတယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU
ထုတ်ပြန်ချက်တွေရှင်းရှင်းလင်းလင်းမရှိတဲ့အပေါ် လူထုဝေဖန်မှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့်ရှိနေတာပါ။ ဒါကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြန်သုံးသပ်မှာဖြစ်ပြီး အများပြည်သူ ရှင်းလင်းနားလည်အောင် နောက်ဆက်တွဲ ထုတ်ပြန်တာတွေလုပ်ပေးမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
စက်ရုံတွေအနေနဲ့ နေရာအကျယ်အဝန်းကြောင့် အလုပ်သမားတွေကို ခြောက်ပေစီခွာထားဖို့ အခက်အခဲရှိနိုင်တဲ့အပေါ် ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဖြေလျှော့မှုနည်းလမ်းတွေကို ဝန်ကြီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Yih Tsang
တစ်ခါ ညမထွက်ရအမိန့် ချိုးဖောက်သူတွေနဲ့ အသွားအလာကန့်သတ်မှုစည်းကမ်းဖောက်ဖျက်သူတွေကို ဒေသအချို့မှာ ဖမ်းဆီးအရေးယူပြီး ထောင်ချတာတွေရှိလာခဲ့ပါတယ်။
တောင်ကြီးမှာ ဧပြီ ၂၃ ရက်က ညမထွက်ရအမိန့်ချိုးဖောက်သူ ရှစ်ဦးကို ဖမ်းဆီးပြီး ထောင်ဒဏ်တွေအသီးသီး ချမှတ်ခဲ့ပါတယ်။
အုပ်ချုပ်ရေးမြို့တော်နေပြည်တော်မှာ အသွားအလာကန့်သတ်စောင့်ကြည့်ထားတဲ့အထဲက စည်းကမ်းဖောက်ဖျက်သူ ပြည်တော်ပြန်သုံးဦးကို ထောင်ခြောက်လစီ ချမှတ်ခဲ့ပါတယ်။
ဧရာဝတီတိုင်းထဲက ညမထွက်ရအမိန့်ဖောက်ဖျက်သူ ခြောက်ဆယ်ကျော်ကိုလည်း ထောင်တစ်လစီ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
ဒေသန္တရအာဏာပိုင်တွေက ဗိုင်းရပ်စ် ကာကွယ်ရေးအတွက် တားမြစ်ကန့် သတ်ချက်တွေ အသီးသီးထုတ်ပြန်ထားသလို ပိုးတွေ့လူနာအများဆုံး ရှိနေတဲ့ ရန်ကုန်မှာလည်း ည ဆယ်နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို နောက်ထပ် ၂ လ ထပ်တိုးခဲ့ပါတယ်။
နိုင်ငံတစ်ဝန်းက ဘဏ်ဝန်ထမ်းတွေ ရောဂါကူးစက်ပျံ့ပွားမှုကိုထိန်းချုပ်ဖို့နဲ့ ဘဏ်လုပ်ငန်းတွေအဆင်ပြေချောမွေ့စေဖို့ ဘဏ်တွေအားလုံး ဖွင့်ချိန်ကို အရင် မနက် ကိုးခွဲကနေ ညနေ ၃ နာရီအစား မနက် ၁၀ နာရီကနေ မွန်းလွဲ ၂ နာရီကို ယာယီပြောင်းလဲလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲစစ်ဆေးမယ့် နမူနာတွေကို သယ်ဆောင်လာခဲ့တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHOယာဉ်ဟာ ရခိုင်ပြည်နယ်မင်းပြားမြို့နယ်က ရာမောင်တံတားအနီးမှာ ပစ်ခတ်ခံခဲ့ရလို့ ယာဉ်မောင်း ဦးပြည့်စုံဝင်းမောင် သေဆုံးခဲ့ရပါတယ်။
မြန်မာနိုင်ငံ ကုလသမဂ္ဂရုံးမှာ အသက်ဆုံးပါးသွားတဲ့ WHO ဝန်ထမ်းအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အလံ တဝက်လွှင့်ထူခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, UN Myanmar
ဒီဖြစ်စဉ်ကို ကုလသမဂ္ဂ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အမေရိကန်အစိုးရအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပြည်တွင်းအရပ်ဖက်အဖွဲ့အစည်းတွေက ဝမ်းနည်းကြောင်းနဲ့ ရှုံ့ချကြောင်း အသီးသီးထုတ်ပြန်ခဲ့ကြပါတယ်။
ဒီပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်တော်အေအေတို့ အပြန်အလှန်စွပ်စွဲမှုတွေ ရှိထားပါတယ်။
ဒီဖြစ်စဉ်ကို အမှန်အတိုင်း စုံစမ်းဖော်ထုတ်ပေးဖို့ ပြည်တွင်းပြည်ပက ဝိုင်းဝန်းတောင်းဆိုနေကြပါတယ်။
မြန်မာအစိုးရကတော့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ မော်တော်ယာဉ်တစ်စီးအပေါ် ဒီလို ပြစ်တင် ရှုံ့ချဖွယ်ရာလုပ်ရပ် ကျူးလွန်ခဲ့ခြင်းအတွက် မြန်မာအစိုးရ အနေနဲ့ များစွာစိတ်မကောင်း ဖြစ်မိပြီး ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်မှာဖြစ်သလို နောက်ထပ် ဒီလို ထပ်မဖြစ်ဖို့ ကာကွယ်တားဆီးသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
တစ်ခါ ဗြိတိန်မှာ ကိုဗစ်ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် တစ်ကိုယ်ရေသုံးကာကွယ်ရေးဝတ်စုံ(PPE)တွေ ဆိုးဆိုးရွားရွား ပြတ်လပ်နေချိန်မှာ မြန်မာနိုင်ငံက နိုင်ငံခြားသားပိုင် စက်ရုံတစ်ရုံကနေ အဲဒီဝတ်စုံ တစ်သိန်းလေးသောင်းကို စာချုပ်နဲ့ ဝယ်ယူခဲ့ပါတယ်။ ပြီးခဲ့တဲ့လကလည်း မြန်မာပြည်အခြေစိုက်စက်ရုံတခုက ကိုရီးယားကို PPE အစုံ ၁သိန်း တင်ပို့ရောင်းချခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YeMyo/MPA
မြန်မာနိုင်ငံမှာ ကိုဗစ်လူနာ ၇၀ နီးပါး ကုသပေးနေတဲ့ ဝေဘာဂီအထူးကုဆေးရုံမှာ ပီပီအီးဝတ်စုံတွေ နောက်တစ်လစာလောက်ပဲ ရှိတော့တယ်လို့ အဲဒီဆေးရုံက ပါမေက္ခဒေါက်တာစပယ်ဖြူက ပြောကြားထားပါတယ်။
ဒီတော့ မြန်မာမှာ ရော ဒီလိုအရေးပေါ်လိုအပ်မှုရှိလာမယ်ဆိုရင် ဗြိတိန်တို့ ကိုရီးယားတို့လို ချက်ချင်း မှာယူဝယ်ယူရရှိနိုင်ပါသလား။ အခုလို ပြည်တွင်းမှာရှိတဲ့ထည်ချုပ်စက်ရုံတွေက ပြည်တွင်းအတွက်ရော ထုတ်ပေးနိုင်မှာပါလား။
ဒီမေးခွန်းတွေကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြောခွင့်ရအဖွဲ့ဝင်ဒေါက်တာသန်းနိုင်စိုးကိုမေးကြည့်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Joe Raedle
"UK ကကိစ္စက ကျွန်တော်တို့ဆီမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအရ ကုန်ကြမ်းပေး ကုန်ချောယူတဲ့စနစ်နဲ့ထွက်တာပေါ့နော်။ ကိုရီးယားတုန်းကလည်း ကိုရီးယား ကုန်ကြမ်းပေးတယ်။ ကုန်ကြမ်းပြန်ယူတယ်ပေါ့နော်။ အဲဒီတုန်းက ထွက်သွားတဲ့ဟာကလည်း အရမ်းကြီး Grade မြင့်တဲ့ PPE မဟုတ်ဘူးပေါ့နော်။ နောက်တစ်ခုက ဒီလိုမျိုးက စီးပွားကူးသန်းဝန်ကြီးဌာနနဲ့ နားလည်မှုစာချွန်လွှာတွေအဆင့်ဆင့်လက်မှတ်ထိုးထားပြီး ကုန်ကြမ်းပေး ကုန်ချောယူစနစ်နဲ့ လုပ်တာကျတော့ ကျွန်တော်တို့က ဒါကို ဝင်ပြီးတော့ မပို့ပါနဲ့လို့ပြောလို့မရဘူး။ နောက်တစ်ခုက ကိုရီးယားကုမ္ပဏီကို ကျွန်တော်တို့အတွက်ပါ ပြန်ချုပ်ပေးပါလို့ ညှိနှိုင်းလို့ရတယ်။ နောက်အခုက တရုတ်လမ်းကြောင်းကလည်း ပြန်ပွင့်သွားပြီပေါ့။ ကျွန်တော်တို့ ဘယ်လောက်ဝယ်တယ် ဘယ်လောက်ဖြန့်တယ်ဆိုတာ မဖုံးကွယ်ထားပါဘူး" လို့ ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။
တကယ်လို့ အခြေအနေတွေ ဆိုးလာပြီး PPEတွေ ပြတ်လပ်တာမျိုးဖြစ်သွားရင် လိုတဲ့အချိန်လိုသလိုရအောင် ဆောင်ရွက်နိုင်မယ့် ယန္တရားရှိဖို့ကိုရော ဝန်ကြီးဌာနက တင်ပြထားတာမျိုးရှိလားမေးတဲ့အခါ ဒါက ကျန်းမာရေးဝန်ကြီးဌာနရဲ့ လုပ်ပိုင်ခွင့်အောက်မှာ ရှိမနေဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးကြုံလာရရင်တောင်မှ အခုရောဂါဆိုးဆိုးရွားရွားခံနေရတဲ့အခြေအနေကနေ ပြန်လည်လွန်မြောက်လာတဲ့ နိုင်ငံတွေကနေ အကူအညီတွေက ပြန်ရနိုင်ခြေက အာဆီယံမှာရော ကမ္ဘာ့နိုင်ငံတွေမှာပါ ရှိနေတယ်လို့ ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။
လက်ရှိမှာ မြန်မာအစိုးရဟာ ပဲခူးမှာရှိတဲ့ ဟောင်ကောင်အခြေစိုက်စက်ရုံကနေ PPE ဝတ်စုံတစ်သိန်း ဝယ်ယူထားပြီး ဧပြီလဆန်းပိုင်းမှာ ပထမအသုတ် နှစ်သောင်းရရှိထားပါတယ်။
ကိုဗစ်ကြောင့် ကဏ္ဍစုံထိခိုက်မှုတွေရှိနေတဲ့ အခု အကျပ်အတည်းကာလမှာပဲ သတင်းထောက်အမြောက်အမြား အလုပ်က ရပ်နားခံခဲ့ရပါတယ်။ အဲဒီလို ရပ်နားတဲ့အထဲမှာ မြန်မာတိုင်းမ်သတင်းဌာနနဲ့ ဧရာဝတီသတင်းဌာနတို့ဖြစ်ပြီး ကျန်သတင်းဌာနအချို့လည်း ဝန်ထမ်းတွေလျှော့ချဖို့ စဉ်းစားလာ နေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU
သတင်းထောက်အပါအဝင် တခြားဌာနက ဝန်ထမ်းတွေကို အလုပ်က ရပ်နားရာမှာ ပထမတစ်လကို လစာတစ်ဝက်ပေးတာ၊ နောက်လကို လစာမဲ့ခွင့်ပေး တာ အဲဒီနောက်ပိုင်း အခြေအနေပေါ်မူတည်ပြီး ညှိနှိုင်းဆုံးဖြတ်တဲ့ပုံစံတွေဖြစ်တယ်လို့ အလုပ်က ရပ်နားခံရတဲ့ သတင်းထောက်တချို့က ပြောပါတယ်။
ခုလို ကပ်ရောဂါကာလ မှာ သတင်းမှား သတင်းတုတွေ ကြီးစိုးနေတဲ့ကာလမှာ သတင်းတွေကို လူထုဆီ မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန် ရောက်ရှိဖို့ အရေးကြီးချိန် သတင်းထောက်တွေအလုပ်လက်မဲ့ဖြစ်ကုန်တာက ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာနိုင်ပါသလဲ။ ဒီလိုအခက်အခဲကာလကနေ စိန်ခေါ်မှုတွေကို ကျော်လွှားဖို့ ဘယ်လိုအဖြေရှာသင့်ပါသလဲဆိုတာ ရန်ကုန်သတင်းစာပညာသင်တန်းကျောင်း တည်ထောင်သူ သတင်းစာဆရာ ဦးရဲနိုင်မိုးကို မေးကြည့်ထားပါတယ်။
"ခုလို ကပ်ရောဂါရင်ဆိုင်နေရချိန်ဖြစ်တဲ့အတွက် သတင်းအချက်အလက်တွေကို အင်မတန်လိုအပ်နေပါတယ်။ ဒီလိုအချိန်မှာ သတင်းစာဌာနတွေကနေပြီးတော့ လူတွေလျှော့တယ်။ သတင်းထောက်တွေ အလုပ်ပြုတ်ကုန်တယ်။ အယ်ဒီတာတွေအလုပ်ပြုတ်ကုန်တယ်လို့ ကြားရတဲ့အခါ သာမန်ပြည်သူတစ်ယောက်အနေနဲ့ ဘယ်လိုခံစားရလဲဆိုတော့ စစ်တိုက်တဲ့အခါ ကိုယ်ဝတ်ဖို့လိုတဲ့ သံကိုယ်ချပ်ကို ထားခဲ့ရသလိုဖြစ်နေတယ်။ အင်မတန်စိတ်မလုံခြုံ ဖြစ်ရပါတယ်" လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ye Naing Moe FB
ဒီစိန်ခေါ်မှုတွေကို ဘယ်လိုကျော်လွှားမလဲဆိုတဲ့အပေါ်မှာတော့ ဦးရဲနိုင်မိုးက သူဖြစ်စေချင်တဲ့ဆန္ဒကို ခုလိုပြောပါတယ်။
"သတင်းစာတိုက်တွေကို ပိုင်ဆိုင်တဲ့ထုတ်ဝေသူတွေမှာ တခြားသော စီးပွားရေးလုပ်ငန်းတွေရှိတယ်။ အဲဒီအခြားသောစီးပွားရေးလုပ်ငန်းတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် သတင်းစာလုပ်ငန်းက သိပ်ဆုံးရှုံးမှုမနည်းလှဘူးဆိုရင်တော့ အထူးသဖြင့် ခုလို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်နေချိန်မှာ တက်နိုင်သလောက် သတင်းခန်းကို ဆက်သွားစေချင်ပါတယ်။ သတင်းထောက်တွေနဲ့ လစာတို့ခံစားခွင့်တို့ကိုတက်နိုင်သလောက် ညှိနှိုင်းပြီး သွားစေချင်တာပါ" လို့ ပြောပါတယ်။








