ရွှေလီမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေ့၊ ရန်ကုန် ကဗျာရွတ်ပွဲမှာ ရိုဟင်ဂျာ ကဗျာဆရာတွေ ပါဝင်တာ ခွဲခြားမှုတွေကို လက်မခံဘူးဆိုတာပြဖို့ဖြစ် အပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ ရင်းမြစ်, TACHILEIK NEWS AGENCY
မြန်မာအများစု သွားရောက်အလုပ်လုပ်ကိုင်ရာ ရွှေလီမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေ့
တရုတ်နိုင်ငံ ဝူဟန်မြို့ကနေစတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ မြန်မာအလုပ်သမားအများစု သွားရောက်လုပ်ကိုင်နေတဲ့မြို့လည်းဖြစ် မြန်မာ-တရုတ်နယ်စပ်ရဲ့အဓိက ကုန်သွယ်ရေး မြို့ဖြစ်တဲ့ ရွှေလီမြို့ကိုရောက်ရှိလာပြီလို့ဒေသတွင်းသတင်းတွေမှာဖော်ပြထားပါတယ်။
ရွှေလီမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ တွေရှိခဲ့တဲ့အတွက် ရွှေလီမြို့ပေါ်က ပန်းခြံ ဟိုတယ် နဲ့လောင်းကစားဝိုင်းတွေကိုခေတ္တပိတ်ထားမှာဖြစ်သလို လူစုလူဝေးနဲ့ပြုလုပ်တဲ့ပွဲလမ်းသဘင်တွေအခမ်း အနားတွေကိုလဲ ပိတ်ထားမှာဖြစ်တယ်လို့လဲရွှေလီမြို့အစိုးရကကြေငြာထားပါတယ်။
ဒါ့အပြင်ရွှေလီမြို့တည်ရှိရာ တယ်ဟုန်တိုင်းအတွင်းနေထိုင်သူမဟုတ်သူတွေအနေနဲ့ကိုယ်ဒေသကို ပြန်ကြဖို့ ရွှေလီမြို့အစိုးရကကြေငြာချက်ထုတ်ထားပါတယ်။
ရွှေလီမြို့ဟာမြန်မာနိုင်ငံနဲ့နယ်နမိတ်ခြင်းထိစပ်နေတဲ့မြို့ဖြစ်သလို့ကုန်သွယ်ရေးအဓိကပြုလုပ်နေတဲ့မြို့လည်းဖြစ်တာကြောင့် ရွှေလီမြို့ကို တခြားသောတရုတ်နိုင်ငံထဲက ကားတွေ၊ လူတွေဝင်ထွက်ခွင့်မပြုတဲ့ အတွက်နယ်စပ်ကုန်သွယ်ရေးကိုထိခိုက်လာလိမ့်မယ်လို့မူဆယ်ဒေသခံကုန်သည်တစ်ဦးဖြစ်တဲ့ဦးစိုင်းမြင့်ဗိုလ်ကပြောပါတယ်။
လက်ရှိအချိန်မှာတော့ မြန်မာပြည်ကထွက်တဲ့ ဖရဲ၊ သခွားမွေးနဲ့ငရုတ်သီးတောင့်တွေ တရုတ်နိုင်ငံထဲ တင်ပို့နေတဲ့ကာလဖြစ်ပါတယ်။
ဗိုင်းရပ်ကူးစက်တဲ့အခြေအနေဟာ အချိန်တိုအတွင်းမထိန်းချုပ်နိုင်ပဲ ကာလကြာရှည်လာတာနဲ့ အမျှ နှစ်နိုင်ငံကုန်သွယ်ရေးရဲ့ထိခိုက်မှုဟာလဲပိုများလာနိုင်တယ်လို့နယ်စပ်အခြေစိုက်ကုန်သည်တွေကသုံးသပ်ပြောဆိုနေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
ရန်ကုန်က ကဗျာရွတ်ပွဲမှာ ရိုဟင်ဂျာ ကဗျာဆရာတွေ ပါဝင်တာ ခွဲခြားမှုတွေကို လက်မခံဘူးဆိုတာပြဖို့ဖြစ်
ဇန်နဝါရီ ၂၆ ရက်နေ့က ရန်ကုန်မြို့မှာကျင်းပတဲ့ ကဗျာအနုပညာနဲ့လူသားဆန်မှုဆိုတဲ့ ကဗျာ ရွတ်ဆိုပွဲမှာ ဒုက္ခသည်စခန်းက ရိုဟင်ဂျာလူငယ်ကဗျာ ဆရာတွေဟာ Skype ကတဆင့် ပါဝင်ရွတ်ဆိုခဲ့ကြပါတယ်။
ရန်ကုန်မြို့မှာပြုလုပ်တဲ့ ကဗျာရွတ်ဆိုပွဲတွေမှာ ရိုဟင်ဂျာကဗျာဆရာတွေပါဝင်တာဟာ ပထမဆုံး လည်းဖြစ် ပါတယ်။
ဇန်နဝါရီလ ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့ထိကျင်းပတဲ့ကဗျာအနုပညာနဲ့လူသားဆန်မှု ကဗျာရွတ်ဆို ပွဲမှာတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းကနေထွက်ပြေးတိမ်းရှောင်သွားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇက် ဘဇားဒုက္ခသည်စခန်းကိုရောက်ရှိနေတဲ့ ရိုဟင်ဂျာကဗျာဆရာတွေက သူတို့ရေးထားတဲ့ ကဗျာတွေကို Skype ကတဆင့် ရွတ်ဆိုပါဝင်ခဲ့ပါတယ်။
' 'လူငယ်တွေအနေနဲ့ခွဲခြားမှုတွေ ဖိနှိပ်မှုတွေ လူအခွင့်အရေးချိုးဖောက်မှုတွေ လူသားမဆန်မှုတွေကို လက်မခံဘူးဆိုတာကို ပြသဖို့လိုတဲ့အတွက် ဒီလိုပွဲမျိုးလုပ်ဖြစ်တာလို့ ဒီပွဲကို စီစဉ်သူတစ်ဦးဖြစ်တဲ့ ဉာဏ်လင်းသစ်အဖွဲ့က မရည်မွန်ကျော်ကပြောပါတယ်။
၂ ရက်တာကျင်းပတဲ့ ကဗာအနုပညာနဲ့လူသာဆန်းမှု ပွဲမှာတော့ ရခိုင်၊မွန်၊ရှမ်း တို့အပါ အတွင်း တိုင်းရင်းသားလူငယ် ကဗျာဆရာ ၄၀ လောက်ရဲ့ကဗျာတွေကိုပုံနှိပ်ပြသတာ ရွတ်ဆိုတာတွေ လုပ်ခဲ့ပါတယ်။
တိုင်းရင်းသာကဗျာဆရာတွေရေးသားရွတ်ဆိုတဲ့ကဗျာတွေမှာတော့အဓိက လက်ရှိသူတို့ခံစားနေရတဲ့ အတိ ဒုက္ခတွေခွဲခြားဆက်ဆံခံရတာတွေ နောက်စစ်ပွဲတွေရဲ့ ဒုက္ခတွေကိုရေးသားဖော်စပ် ထားတာ ဖြစ်ပါတယ်။
၃ ရက်တာကျင်းပတဲ့ပွဲမှာတော့ ကဗျာရွတ်ဆိုတာအပြင် တိုင်းရင်းသားလူငယ်တွေပါဝင်တဲ့ နိုင်ငံရေးနဲ့ သားဆန်မှုစကားဝိုင်းကိုလဲဆွေးနွေးခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဘတ်စကက်ဘော ကြယ်ပွင့် ကိုဘီဘရိုင်ယန် ရဟတ်ယာဉ်ပျက်ကျလို့ ကွယ်လွန်
ဘတ်စကတ်ဘောလောကမှာ အကြီးကျယ်ဆုံး အားကစားသမားတစ်ယောက်ဖြစ်ခဲ့တဲ့ ကိုဘီဘရိုင်ယန် ဟာ ကယ်လီဖိုးနီးယားမှာ ရဟတ်ယာဉ်ပျက်ကျလို့ ကွယ်လွန်သွားပါပြီ။
သူရဲ့ ၁၃ နှစ်အရွယ် သမီးအပါအဝင် ရဟတ်ယာဉ်ပေါ် လိုက်ပါလာသူ ၈ ဦးလုံးလည်း သေဆုံးခဲ့ပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကိုဘီဘရိုင်ယန်ဟာ အမ်ဘီအေ ချန်ပီယံကို ၅ ကြိမ်တိုင်ရခဲ့ပြီးတော့ အိုလံပစ်ရွှေတံဆိပ်ကို ၂ ကြိမ် ယူခဲ့တဲ့သူပါ။

ဓာတ်ပုံ ရင်းမြစ်, AFP
တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၈၀ အထိရှိလာ
တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၈၀ အထိရှိလာပြီး ကူးစက်ခံထားရသူ ၃၀၀၀ နီးပါးရှိလာပြီလို့ သိရပါတယ်။
တရုတ်ပြည်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ သာမာန်ထက် ပိုမို ပျံ့နှံ့နေတယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က သတိပေးလိုက်ပြီးနောက် တရုတ်အစိုးရက နှစ်သစ်ကူးကာလကို ဖေဖော်ဝါရီ ၂ ရက်နေ့အထိ ထားရှိမယ်လို့ ကြေညာလိုက်ပါတယ်။
ပုံမှန်အားဖြင့် တရုတ်နှစ်ကူးကာလက ဇန်နဝါရီ ၃၀ ရက်နေ့မှာ ပြီးဆုံးတယ်ဆိုပေမယ့် အခုလို ကာလတိုး တာက ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ဖို့လည်း ဖြစ်တယ်လို့လည်း ပြောပါတယ်။
သမ္မတ ရှီကတော့ တိုင်းပြည်ဟာ စိုးရိမ်ဖွယ်ရာ အခြေအနေကို ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။








