ဗစ်တိုးရီးယားအမှုမှာ နှင်းနုကို နောက်တိုးတရားခံအဖြစ် ဦးတိုက်လျှောက်တာကို ဥပဒေအရာရှိ ပယ်ချ

မူကြိုကျောင်းက ဆရာမ နှင်းနုကိုပါ တရားခံ အဖြစ် ဗစ်တိုးရီးယား မိခင်က ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးစဉ် လျှောက်ထားခဲ့
ဓာတ်ပုံ ပုံစာ, မူကြိုကျောင်းက ဆရာမ နှင်းနုကိုပါ တရားခံ အဖြစ် ဗစ်တိုးရီးယား မိခင်က ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးစဉ် လျှောက်ထားခဲ့

နေပြည်တော် Wisdom Hill မူကြိုကျောင်းက လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ ဗစ်တိုးရီးယားအမှုမှာ မူလတန်းဆရာမ နှင်းနုကို နောက်တိုးတရားခံအဖြစ် လျှောက်ထားတာကို ဒီကနေ့ ဒက္ခိဏခရိုင်တရားရုံးက သြဂုတ်လ ၁ ရက်နေ့ ရုံးထုတ်မှာတော့ ဥပဒေအရာရှိက ပယ်ချလိုက်ပါတယ်။

သတင်းထိမ်ချန်မှုနဲ့ ဆရာမနှင်းနုကို နောက်တိုးတရားခံအဖြစ် သတ်မှတ်ပေးဖို့ ဇူလိုင် ၂၄ ရက်နေ့ ဒုတိယအကြိမ် ရုံးထုတ်မှာ တရားလိုမိခင်ကိုယ်တိုင် ဦးတိုက် လျှောက်ထားခဲ့တာပါ။

သြဂုတ်လ ၁ ရက်နေ့ တရားခွင်မှာတော့ "နှင်းနုကို သတင်း ထိမ်ချန်တယ်ဆိုတဲ့ ပုဒ်မနဲ့ တရားစွဲဆိုဖို့ဆိုရင် ဥပဒေမှာ ပြဌာန်းထားတဲ့ ၁၂၃၊ ၁၂၄၊ ၁၂၅၊ ၁၂၆၊ ၃၀၂၊ ၃၀၄၊ ၃၉၂၊ ၃၉၃၊ ၃၉၆ စတဲ့ ပုဒ်မတွေနဲ့ပဲ တရားစွဲဆိုထားရမှာဖြစ်ပြီး လက်ရှိမှာ အမှုကို စွဲတင်ထားတဲ့ ပုဒ်မ ၃၇၆ က အဲ့ဒီပုဒ်မတွေထဲ မပါလို့ ဥပဒေနဲ့ ညီညွတ်ခြင်းမရှိဘူးဆိုပြီး ဥပဒေအရာရှိက ပယ်ချလိုက်တာ" လို့ တရားရုံးထဲ ဝင်ရောက်သတင်းယူခဲ့တဲ့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။

ဒါပေမဲ့ အခင်းဖြစ်ပွားခဲ့တဲ့ Wisdom Hill မူကြိုကျောင်းထဲ ဝင်ရောက်စစ်ဆေးဖို့ကို တရားရုံးက ခွင့်ပြုခဲ့ပြီး နှင်းနုကိုလည်း သတင်းထိမ်ချိန်မှုနဲ့ လျှောက်ချင်ရင် ရဲစခန်းမှာ လျှောက်ဖို့ တရားခွင်မှာ တရားသူကြီးက ပြောခဲ့တယ်လို့လည်း ဘီဘီစီသတင်းထောက်က ဆိုပါတယ်။

ဗစ်တိုးရီးယားအမှု တရားမျှတမှုရှိရေး ရန်ကုန်က ဆန္ဒပြပွဲတစ်ခု

ဓာတ်ပုံ ရင်းမြစ်, Sai Aung MAIN / AFP

ဓာတ်ပုံ ပုံစာ, ဗစ်တိုးရီးယားအမှု တရားမျှတမှုရှိရေး ရန်ကုန်က ဆန္ဒပြပွဲတစ်ခု

တရားခွင်မှာတော့ လိင်ပိုင်းဆိုင်ရာစော်ကားခံရတဲ့ ဗစ်တိုးရီးယားရဲ့ မိခင်က ပြီးခဲ့တဲ့ ရုံးထုတ်မှာတုန်းက ထွက်ဆိုခဲ့တာတွေအပေါ် သံသယတရားခံ ကိုအောင်ကြီးရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က ပြန်လှန်စစ်မေးတာတွေ လုပ်ခဲ့ပါတယ်။

ကိုအောင်ကြီး ရှေ့နေက မေးရာမှာ "ရဲက အမှုချက်ချင်းဖွင့်မပေးဘူးဆိုတာ မှန်ပါသလား ဆိုတာကို ဗစ်တိုးရီးယားအမေက မှန်ပါတယ်" လို့ ဖြေခဲ့သလို "အမှုက အားနည်းနိုင်တယ်၊ ကျောင်းကစည်းကမ်းရှိတယ်လို့ ပြောတဲ့ ရဲတပ်ဖွဲ့ဝင်နာမည်ကို သိပါလား" မေးတဲ့အခါ ကလေးမိခင်က "မသိဘူး" လို့ ဖြေခဲ့တယ်လို့လည်း တရားရုံးထဲ ဝင်ရောက်သတင်းယူခဲ့တဲ့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။

အမှုတိုင်တန်းချက် ရေးတဲ့အခါ ရဲနဲ့ ၂ ကြိမ် ၃ ကြိမ် အငြင်းပွားတာတွေ ရှိခဲ့တဲ့အပေါ် ဗစ်တိုးရီးယားမိခင်က "တိုင်တန်းချက်ကို ကျွန်မကိုယ်တိုင်ရေးခဲ့တယ်၊ ကလေး ပြောခဲ့တာကို ရေးတယ်၊ ကလေးမပြောတာတွေကို လိုက်ရေးဖို့ကိုတော့ ရဲနဲ့ အငြင်းပွားခဲ့တယ်" လို့ တရားခွင်ထဲမှာ ထွက်ဆိုခဲ့ပါတယ်။

ဗီဒီယို ပုံစာ, မူကြိုကျောင်းက ဆရာမ နှင်းနု နဲ့ ဘီဘီစီ သီးသန့်မေးမြန်းခန်း

ဒါ့အပြင် စီစီတီဗွီမှတ်တမ်းကို ကျောင်းဘက်က ၅ ရက်စာ ကြည့်ရမယ်ဆိုပြီး ပြောခဲ့ပေမယ့် ၅ ရက်စာလုံးမကြည့်ရကြောင်းကိုလည်း မိခင်ဖြစ်သူက ထွက်ဆိုခဲ့ပါတယ်။

ရုံးထုတ်စစ်ဆေးအပြီး သံသယတရားခံကိုအောင်ကြီးရှေ့နေ ဦးခင်မောင်ဇော်က ဒီအမှုမှာ တရားလိုပြ သက်သေ ၂၆ ယောက်ကို စစ်ဆေးမယ့်အကြောင်းနဲ့ အမှုကို စွဲချက်တင်ပြီးမှ တရားခံပြသက်သေတွေ စစ်ဆေးဖို့တင်ရမှာ ဖြစ်တဲ့အကြောင်းကို မီဒီယာတွေကို ပြောခဲ့ပါတယ်။

နောက်ရုံးချိန်းကိုတော့ သြဂုတ်လ ၁၄ ရက်နေ့မှာ လုပ်ဖို့ရှိနေပါတယ်။