ရိုးရာ လက်ဝှေ့မှာ မြန်မာအမျိုးသမီးတွေထဲက ယှဉ်နိုင်သူ မရှိသေးတဲ့ ဘရော်နီကာ

ဓာတ်ပုံ ရင်းမြစ်, Vero Nika
မြန်မာနိုင်ငံမှာ အမျိုးသမီးနဲ့ လက်ဝှေ့ကို တွဲမြင်လေ့ မရှိကြပေမယ့် ဒီအနေအထားကို ပြောင်းလဲ ပစ်လိုကြတဲ့ မြန်မာ အမျိုးသမီး လက်ဝှေ့မယ်တချို့ ထွက်ပေါ်လာနေပါတယ်။
အဲဒီထဲမှာ ၂၀၁၉ နှစ်ဆန်း သီတင်းပတ် တစ်ပတ်ထဲမှာပဲ နိုင်ပွဲ ၂ ပွဲ ဆက်တိုက် ထိုးနိုင်သူ အသက် ၂၂ နှစ်အရွယ် ကယန်း တိုင်းရင်းသူလေး ဘရော်နီကာလည်း ပါဝင်ပါတယ်။
အဲဒီ နိုင်ပွဲတွေထဲမှာ ထူးခြားတာက တစ်ပွဲက ရွှေခါးပတ်လုပွဲဖြစ်ပြီး နှစ်ပွဲစလုံးမှာ ထိုင်းနိုင်ငံက လက်ဝှေ့မယ်တွေနဲ့ ယှဉ်ပြိုင် ထိုးသတ်ခဲ့ရတာပါ။

ဓာတ်ပုံ ရင်းမြစ်, Vero Nika
ပထမဆုံး အမျိုးသမီး ရွှေခါးပတ်ဆုရှင်
၂၀၁၉ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့က တောင်ငူမြို့မှာ ကျင်းပခဲ့တဲ့ ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲနဲ့ မြန်မာအမျိုးသမီး ချန်ပီယံ ရွှေခါးပတ်လုပွဲမှာ ထိုင်းလက်ဝှေ့မယ် Wanida Yucharoen ခေါ် နောင့်အော်ကို အနိုင်ရပြီး ရွှေခါးပတ်ဆုရှင် ဖြစ်လာခဲ့ပါတယ်။
ဒါဟာ မြန်မာနိုင်ငံမှာ ပထမဆုံး အမျိုးသမီး ရွှေခါးပတ်ဆုရှင် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။။
အဲဒီပွဲအပြီး နောက်ထပ် ၅ ရက် အကြာမှာ ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် အဖြစ် ဇန်နဝါရီလ ၉ ရက်နေ့က ကရင်ပြည်နယ် တောင်ကလေးမှာ ကျင်းပခဲ့တဲ့ ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲမှာလည်း ထိုင်းနိုင်ငံသူ နောက်တစ်ယောက် ဖြစ်တဲ့ ဖစ်ထဲ Phit Thal ကို အလဲထိုးပြီး အနိုင်ရခဲ့ပြန်ပါတယ်။
"မြန်မာ့ရိုးရာ လက်ဝှေ့ကို မြန်မာမှာသာ မကဘဲ ကမ္ဘာကပါ သိအောင်ကြိုးစား သွားမယ်။ ကမ္ဘာ့ချန်ပီယံ ဖြစ်အောင်လည်း ကြိုးစားသွားမယ်။ အခု မြန်မာ့ ချန်ပီယံဖြစ်လာပြီဆိုတော့ ကမ္ဘာ့ချန်ပီယံ ဖြစ်လာဖို့ တစ်ဆင့်တော့ တက်လာပြီ။ ထပ်ကြိုးစား သွားမယ်လို့ ရည်မှန်း ထားတယ်" လို့ ဘရော်နီကာက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Vero Nika
လက်ဝှေ့လောကထဲ ဘယ်လို ရောက်လာလဲ
ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်၊ ကဖု ကျေးရွာမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ ဘရော်နီကာဟာ လက်ဝှေ့ဆိုတာ ဘာမှန်း မသိခဲ့တဲ့ အချိန် ငယ်ငယ်လေး ကတည်းက တိုက်ခိုက်တဲ့ အားကစားနည်း မျိုးကို ကြိုက်နှစ်သက်ခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။
လက်ဝှေ့ဟာ ယောက်ျားလေးတွေ ကစားလေ့ရှိတဲ့ အားကစားဖြစ်ပေမယ့် မိန်းကလေးတွေလည်း ဘာကြောင့် မလုပ်နိုင်ရမှာလဲဆိုတဲ့ စိတ်မျိုး ဝင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် အသက် ၁၅ နှစ် အရွယ် ၂၀၁၁ ခုနှစ်လောက်မှာ လက်ဝှေ့ ပညာသင်ဖို့ အဒေါ်ဆီက ကျပ်ငွေ သုံးထောင် ချေးပြီး ရှမ်းပြည်တောင်ပိုင်းကနေ နေပြည်တော်ကို သွားရောက်ခဲ့တယ်လို့ ပြောပါတယ်။
အဲဒီမှာ အားကစား ဝန်ကြီးဌာနက ဖွင့်လှစ်တဲ့ လက်ဝှေ့သင်တန်းကို တက်ရောက်ခဲ့တာပါ။
နေပြည်တော်မှာ အားကစား သမားတွေကို စခန်းသွင်း သင်တန်းပေးနေတဲ့ ရွှေကြာပင် စခန်းမှာ ၂ နှစ်ကြာ သင်တန်း တက်ခဲ့ပြီး လက်ဝှေ့အားကစား လောကထဲမှာ ပါဝင်ယှဉ်ပြိုင်လာခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် အရှေ့တောင်အာရှနိုင်ငံများ အားကစား ပြိုင်ပွဲ SEA Games ပြိုင်ပွဲတွေမှာ ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး ကြေးတံဆိပ်ဆု ရခဲ့ဖူးပါတယ်။
ဂျပန်၊ စင်္ကာပူနဲ့ ထိုင်းနိုင်ငံတို့ကို သွားရောက် ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Vero Nika
မြန်မာ့လက်ဝှေ့ ပြောင်းထိုး
ဘရော်နီကာဟာ အနောက်တိုင်းလက်ဝှေ့ကစားနေရာကနေ ၂၀၁၇ ခုနှစ်လောက်မှ မြန်မာ့ရိုးရာ လက်ဝှေ့ကို စတင်ပြီး ပြောင်းလဲကစားခဲ့တာပါ။
အနောက်တိုင်းလက်ဝှေ့ နဲ့ ရိုးရာ လက်ဝှေ့က အများကြီး ကွာခြားတယ်။ ရိုးရာလက်ဝှေ့က ပိုလည်းကြမ်းတမ်းတဲ့ အားကစားနည်း ဖြစ်တယ်လို့ ဘရော်နီကာက ပြောပါတယ်။
အနောက်တိုင်း လက်ဝှေ့က လက်ကို အဓိကသုံး ကစားရတာ ဖြစ်ပြီး ခေါင်းမှာ အကာအကွယ် ဆောင်းထားရသလို လက်အိတ်လည်း ဝတ်ခွင့် ရှိပါတယ်။ ရိုးရာ လက်ဝှေ့ကတော့ လက်အိတ်စွပ်ခွင့် မရှိဘဲ ပတ်တီးလေးသာ ပတ်ပြီး ထိုးရပါတယ်။
ကစားနည်း ပြောင်းလဲလိုက်တော့ အစပိုင်း ယှဉ်ပြိုင်ရာမှာ အခက်အခဲတွေ ရှိခဲ့တယ်လို့ ဘရော်နီကာက ပြောပါတယ်။ အရင်က အနောက်တိုင်းလက်ဝှေ့သမား ဖြစ်တော့ လက်သီးပြင်းအားကိုသာ အဓိက သုံးခဲ့ရပြီး ခြေနဲ့ကန်တာ၊ ခေါင်းနဲ့ တိုက်တာတွေမှာ အားနည်းခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အရင်တုန်းက ရိုးရာ လက်ဝှေ့မယ်တွေ ပေါ်ထွန်းခဲ့ပြီး နောက်ပိုင်းမှာ ပွဲတွေလည်း မရှိတော့ဘဲ ကစားမယ့်သူလည်း မရှိတဲ့ အတွက် မြန်မာ့ ရိုးရာ လက်ဝှေ့ကို ပြန်လည် ဖော်ထုတ်ချင်လို့ ပြောင်းလဲ ကစားလာခဲ့တာလို့ ဘရော်နီကာက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Vero Nika
ပြည်ပမှာ ထိုးခဲ့တဲ့ မြန်မာ့လက်ဝှေ့
နောက်ဆုံး သူထိုးခဲ့တဲ့ မြန်မာ့ရိုးရာလက်ဝှေ့ ပြည်ပပွဲကတော့ ၂၀၁၈ ခုနှစ် အောက်တိုဘာလက ထိုင်းနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ပွဲ ဖြစ်ပါတယ်။
အဲဒီတုန်းက ထိုင်းလက်ဝှေ့မယ် ဟုန်ထောင်း Hongthong ကို ဘရော်နီကာ အနိုင်ရခဲ့ပါတယ်။
အဲဒီအရင် ပွဲစဉ်တွေမှာ သူအားအရဆုံးကတော့ ၂၀၁၇ ခုနှစ် ဇွန် လက ဂျပန်နိုင်ငံမှာ ထိုးသတ်ခဲ့တဲ့ မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ ချန်ပီယံပြိုင်ပွဲ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။ အဲဒီတုန်းက ပြိုင်ဖက်က ဂျပန်နိုင်ငံသူ မိုမိုကို ဖြစ်ပြီး အဲဒီပွဲမှာ ဘရော်နီကာ အနိုင်မရဘဲ သရေသာ ကျခဲ့ပါတယ်။
အဲဒီပွဲနောက်ပိုင်း မြန်မာ့ရိုးရာ လက်ဝှေ့ အားကစားမှာ နစ်မြုပ်သွားခဲ့ပြီး ဇောက်ချ လုပ်ဖြစ် သွားတာလို့ ဘရော်နီကာက ပြောပါတယ်။
၂၀၁၇ ခုနှစ် စက်တင်ဘာလက ဂျပန်နိုင်ငံမှာပဲ လစ်သူယေးနီးယား နိုင်ငံသူ ဂျူလီယာနဲ့ ပြိုင်တဲ့ ပွဲမှာတော့ သရေကျခဲ့ပါတယ်။
အခုတော့ ဘရော်နီကာ အဖို့ သူလိုချင်တဲ့ ရွှေခါးပတ်ဆုရှင် ဖြစ်လာပြီး နောက်မှာ မြန်မာ့ရိုးရာ လက်ဝှေ့ကို မြန်မာနိုင်ငံမှာ ပြန်လည် ဖော်ထုတ်တဲ့ အပြင် ကမ္ဘာက အသိအမှတ်ပြုလာရအောင် ကြိုးစားမယ် ဆိုတဲ့ သူ့ရဲ့ မူလ ရည်မှန်းချက်ကို ဆက်လက် အကောင်အထည်ဖော်မယ်လို့ ပြောပါတယ်။
ကြမ်းတမ်းတဲ့ အားကစား ဝါသနာပါသူ ဖြစ်ပေမယ့် ဘရော်နီကာဟာ နူးညံ့တဲ့ ဂီတကိုလည်း ခံစားနိုင်တဲ့သူ ဖြစ်ပါတယ်။
'သားငယ်' ဆုရတဲ့ နှစ်ဖြစ်တဲ့ ၂၀၁၇ ခုနှစ် Myanmar Idol Season 2 ပြိုင်ပွဲတုန်းက ဘရော်နီကာ ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး ထိပ်ဆုံး အယောက် ၂၀ ထဲမှာ ပါဝင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဘရော်နီကာ









